Wednesday, March 2, 2016

ဒဿဂီရိရဲ့ သတ္တမ​မြောက်​ နံရိုးတစ်​​ချောင်းဟာ ငါဖြစ်​လာတယ်

ဒဿဂီရိရဲ့ သတ္တမမြောက် နံရိုးတစ်ချောင်းဟာ ငါဖြစ်လာတယ်
---------------------------------------------

မီးခွက်စောင့်နတ်သမီးနဲ့တူသော
ငါလက်ဖြန့်တိုင်း ဒေလီယာပန်းတွေ
အဖွေးသားဝေစေစွမ်းတဲ့ မင်းသမီး။
သူမဟာ မြတ်စွာဘုရားနုစဉ်ဘဝက သုဘဒ္ဒါ၊
အယုံသွင်းခြင်းနည်းပညာနဲ့တစ်ထောင့်တစ်ည အလွန် ဇာတကတွေထဲ ငါမျက်လုံးပွင့်ရက်
အိပ်မောကျလို့။
ငါ့နှုတ်ခမ်းကို သူမနှုတ်ခမ်းဖြင့် စိုစွတ်စေတိုင်း
ထုံထိုင်းသွားတဲ့ ဆင်ခြင်တုံ့တရားတွေဟာ
တိရစ္ဆာန် ရုံက လွတ်လာတဲ့ ကျားနာတစ်ကောင်နဲ့ နင်လားငါးလား/ဆင်တူယိုးမှား။
ဆံနွယ်တွေကို ပွတ်သတ်နမ်းရှိုက်ရင်း
ငါမကြားလိုက်တဲ့ မန်းမှုတ်သံတစ်ခုအဆုံးမှာ
ဆံနွယ်တွေဟာ ငါ့သံသရာကို နှစ်ဆယ့်လေးပတ် ရစ်ချဉ်ပြီးစီးနေပြီ။
သူမမျက်လုံးက တလက်လက်လင်းလျှက်
ငရဲကိုနှိုက်ခြိုက်စေမဲ့ ကြွေရောင်ထနေတဲ့ အင်းကွက်တွေ။
အဲ့ဒီလို အိပ်မွေ့ချပြီး ငါ့ကို တစစီဆုတ်ဖြဲဖို့ရောက်လာသူဟာ
အစွယ်ကိုလိုလို့လား၊အရေခွန်ကို လိုလို့လား။
နောက်တော့ မြင်ခြင်းတွေကို မမြင်ခြင်းလို မှောင်မိုက်ပစ်၊
ကြားနေကျမဟုတ်တဲ့ ငရဲခေါ်သံကို စန္ဒရား မြည်သံလို ခုံမင်ပစ်၊
ငါ့လက်ဖြန့်တိုင်းပွင့်တဲ့ပန်းနဲ့ ငါ့ကိုမီးမြိုက်လာ
ဒါဟာ အယုံသွင်းခြင်းလက္ခဏာနစ်ခုဖြစ်တာလား။
ငါမကြားဘူး။
ယုံကြည်မှုနဲ့ စုံလုံးကမ်းပြီးနောက် ဆီလီကွန်ရေမြုတ်နဲ့ ရင်သားအတုမှာ
ငါ့ဇာတာကို သဂြိုလ်ဖို့ဖြစ်လာတယ်။
လျှာချင်းထပ်ပြီး စိုရွှဲလာတဲ့ အညှီအဟောက်တွေထဲ
ငါ့ဆင်ခြင်တုံ့တရားတွေ စုန်းစုန်းမြုတ်လာတယ်။
ခြေသလုံးအဖွေးသားကို ပွတ်သတ်ရင်း ဒါဟာ
အလင်းနှစ်သန်းတစ်ရာကို ဝါးလုံးခေါင်းထဲ ထည့်ပစ်ခြင်းလို့ ငါမမြင်တတ်ခဲ့။
နောက်ဆုံးတော့ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့တဲ့ နှုတ်ခမ်းနဲ့ သူမအတွက် အိုဇုမ်းလွှာက်ု ခရမ်းလွန်ရောင်ခြည်တွေ မန်းထည့်ပေးနေတဲ့
ဇတ်တော်ထဲက ဆင်တစ်ကောင်လို၊
နောက်ဆုံးတော့ ငါ့လက်ကို ဆန့်ထုတ်လိုက်တိုင်
အဖွေးသားပွင့်လာတဲ့ ဒေလီယာပန်းခင်းကြီးမှာ
ငါ့နှာမည်ဟာ မြေစာ သက်သက်ဖြစ်ခဲ့တယ်။

K-ဒါရ

No comments:

Post a Comment