Thursday, September 14, 2017

သစ်​ရွက်​​ကော်​ဖီ

သစ်​ရွက်​​ကော်​ဖီ

ဘယ်သူမရှိတဲ့အချိန်ကိုရွေးပြီး
သစ်ရွက်ကလေးဟာ တိတ်ကလေး ကြွေကျပစ်လိုက်တယ်
ငါမြင်လိုက်တယ် ဆိုတာကိုတောင် သစ်ရွက်ကလေးကို မပြောပြဖြစ်လိုက်ဘူး ။
ပြောဖို့လိုလိမ့်မယ်လို့လည်း မထင်ပါဘူးလေ ။
ငါမသိပဲ ကြွေသွားတဲ့ သစ်ရွက်တွေကော ဘယ်လောက်တောင် ရှိနေလိမ့်မလဲ ဆိုတာလည်း ဝမ်းနဲစရာ အတွေးတစ်ခုပဲ ။ တစ်ချို့သစ်ရွက်တွေက သူတို့ကြွေကျတာကို တစ်ယောက်ယောက်တော့ အနည်းဆုံးမြင်ချင်ကြမှာပဲ ။ ဒါဆိုရင် ခုနကကြွေကျသွားတဲ့ သစ်ရွက်ကလေးကကော ငါ့အကြည့်ကိုစောင့်ပြီး ငါသိအောင်များ ကြွေကျပြတာလား ။
ငါ ဒါဆို သစ်ရွက်ကလေးကို သွားနှစ်သိမ့်ရမှာလား ။ တကယ်လို့ ငါမသိအောင် ကြွေကျတာဆိုရင် ဘယ်လိုလုပ်မလဲ ။ ငါသိအောင်ကြွေတာဆိုရင်လည်း သစ်ရွက်တစ်ရွက်ကြွေတာကို ဝင်ဝမ်းနည်းနေလို့ သစ်ရွက်ဟာ သူ့ပင်စဉ်မှာ ပြန်စိမ်းလမ်းလာမှာမှ မဟုတ်ပဲ။
တချို့သစ်ရွက်တွေဆိုရင် ဒီလိုပဲ ကြွေကျသွားနေကျ။
သစ်ရွက် ကိုယ်က ကြွေကျဖို့ဖြစ်လာကြတာပဲ။
ငါက ဘာလို့များသစ်ရွက်ကြွေတာကို အဖက်လုပ်ပြီး စဉ်းစားနေမိတာလဲ။
ဝရံတာကနေအခန အခန်းထဲသို့ ပြန်​ဝင်​လာခဲ့တယ်​။
အငဲ ရဲ့ စက္ကူ​လေတံခွံသီချင်းကို တိုးတိုးက​လေးဖွင့်​နား​ထောင်​ရင်း ​ကော်​ဖီတစ်​ခွက်​​ဖျော်​တယ်​။ ပြီး​တော့ ဆရာဝန်​​ပေးထားတဲ့ ​ဆေး​တွေကို ​သောက်​ရအုံးမယ်​။
ပြီးရင်​ တ​ယောထိုးမယ်​။
စိတ်​ပျက်​ဖို့​ကောင်းတာက တ​ယောထိုး​နေတုန်း န​ခေါင်းက လျှံကျလာတတ်​တဲ့​သွေး​တွေပဲ။
အာ...ငါ ဘာ​ရေးမိတာပါလိမ့်​။
သစ်​ရွက်တစ်​ရွက်​​ကြွေကျတာကို ဘယ်​သူမှ ဝင်​ပြီးဝမ်းနည်းစရာမလိုဘူး ။

K-ဒါရ

Tuesday, September 12, 2017

ဗုဒ္ဓဟာ ကယ်ပြီးသွားပြီ

ဗုဒ္ဓဟာကယ်ပြီးသွားပြီ။လသာတုံး ဘိုင်းမငင်တာ ခင်ဗျားရဲ့ မိုက်မဲခြင်းသာဖြစ်တယ်။ (၁)
🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀🌀

အသားနဲ့ရက်ထားတဲ့ အင်္ကျီကိုဝတ်ပြီး မျက်နှာပုံစံ အမျိုးမျိုးနဲ့ သံသရာကိုလျှော်ဖွတ်ဖို့ ရောက်လာပြီးခါမှ ကိုယ်နဲ့မဆန့်တဲ့တွင်းထဲသို့ဝင်ပြီး ဘဝဆိုတာအနေရခက်ကြီးပါကွာ လို့ ညည်တွားတယ်။
မီးစွဲလောင်တဲ့ဂူကြီူထဲသို့ဝင်အောင်းပြီး ကိုယ်ထဲကအသားတွေ တဖဲ့ချင်းဆွေးကျလာမှ ဗုဒ္ဓက ငါ့ကိုမကယ်ဘူးလို့ အပြစ်တင်တယ်။
ဗုဒ္ဓဟာ ကိုယ်ကျင့်တရားနဲ့စပ်လျဉ်းတဲ့ ခံခွင့်၊စံခွင့်ကလွဲပြီး ရေထဲကလူကို ကောက်ရိုးတစ်မျှင် ချပေးပါမယ်လို့ကတိခံဝံချက် မထားခဲ့ဘူး။

ကိုယ်ချင်းစာတရားမရှိတဲ့ အဆိုအမိန့်တိုင်းမှာ နာရီလက်တံလို အဲ့ဒီမှန်လှောင်အိမ်ထဲ အချိန်မှန်လည်ပါတ်နေဖို့ကလွဲပြီး သိပ်မွေးလွန်းတယ်ဆိုတဲ့ ရနံ့ကို ပိုင်ဆိုင်ထားခဲ့ရင်တောင် အဲ့ဒီရနံ့ကိုတခြားသူခံစားလို့မရဘူး။
ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျတဲ့အခါမှ ဗုဒ္ဓကိုသတိရဖို့အားကြသလား၊ကိုယ်မသိတဲ့အမှန်တရားတွေကို တကယ်မရှိဘူးထင်ပြီး
ဗုဒ္ဓကို အာဖျန်ကွီးလို့ စွပ်စွဲတယ်၊
ဗုဒ္ဓဟာ ကျောက်ရုပ်ကြီး ဖြစ်တယ်လို့ စွပ်စွဲတယ်၊
ဗုဒ္ဓဟာ တကယ်မရှိဘူးလို့ စွပ်စွဲတယ်၊
ဘာဖြစ်တယ် စွပ်စွဲတယ်၊
ညာဖြစ်တယ် စွပ်စွဲတယ်၊
ကိုယ်ပိုင်အသိနဲ့ထိုးဖောက်လို့မရတဲ့ပါတ်ဝန်းကျင်မှာ ကိုယ့်အယူဆတွေထဲ ဗုဒ္ဓပုံကိုအကြီးကြီး တွယ်ချိတ်ပြီး အသုံးချတယ်။

မီးထဲသို့လက်ညိုးထိုးရင်ပူလောင်မည်ဟု သွန်သင်ဆုံးမခဲ့သော ဗုဒ္ဓမြတ်စွာသည်
မီးကိုကူငြိမ်းပေးလိမ့်မည် မဟုတ်။
ဗုဒ္ဓဟာ ကိုယ်ချင်းစာတရားကိုပေးခဲ့တယ်။
ဗုဒ္ဓဟာ ပဋိသန္ဓေကို ငြီးငွေ့စရာအဖြစ် ပြသတယ်။
ဗုဒ္ဓဟာ သံသရာရဲ့ကြောက်ရွံ့စက်ဆုပ်ဖွယ်အမူအကျင့်များနဲ့ ခြိမ်းခြောက်ပြီး ဝဋ်ကိုကြောက်ရွံ့ဖို့ဆုံးမတယ်။
ဗုဒ္ဓဟာ စိတ်နဲ့တူတဲ့ကံသာရှိကြောင်းအတိအလင်းကြီးဖော်ပြတယ်။
ခင်ဗျားရဲ့မိုက်မဲမှုနဲ့စပ်လျဉ်းပြီး ခင်ဗျား လိပ်ပြာမသန့်ဖြစ်ရတဲ့ အချိန်တွေမှာ ဗုဒ္ဓဟာ ခင်ဗျားကိုလှောင်ရယ်နေမှာမဟုတ်ဘူး။
ခင်ဗျားအနေနဲ့ ဗုဒ္ဓကိုပြစ်မှားတဲ့အခါတွေမှာလည်း မကောင်းမှုကိုရွံရှာဖွယ်မှန်းသိခဲ့တဲ့ဗုဒ္ဓဟာ ထွေးထုတ်လိုက်တဲ့တံတွေးကို ပြန်ပြီးလျှာနဲ့မလျက်သလို လစ်လျူရှုခဲ့ပြီဖြစ်တယ်။

ဗုဒ္ဓကယ်ပါဆိုပြီး မညည်းတွားလိုက်ပါနဲ့
သေသွားတဲ့သစ်ပင်ဟာ သစ်စေ့တွေကိုမျိုးချန်ထားခဲ့ပြီး သူ့ဆီကသီးပွင့်မပေးတော့သလိုမျိုး ဗုဒ္ဓဟာ သူ့ရဲ့ဆုံးမစကားတွေကိုချန်ထားခဲ့ပြီး ပဋိသန္ဓေ အဖြစ်ကချုပ်ငြိမ်းသွားပြီဖြစ်တယ်။
မရှက်မကြောက်ဝန်ခံလိုက်စမ်းပါ ဗုဒ္ဓဘာသာဆိုတာ လူချမ်းသာနတ်ချမ်းသာထက် ဘာအဖြစ်မှမရှိတော့တဲ့ ချုပ်ငြိမ်းခြင်းဝါဒီတွေကို အလေးမြတ်ထားသူဆိုတာ။
မွေးဖွားပြီးလာတိုင်း အဲ့ဒီအဖြစ်တရားဟာ ပျက်ပျက်သွားနေကြ၊ဗုဒ္ဓကပဒိုင်းပင်လိုရှင်သန်ခြင်းနဲ့စာရင် ကျောက်တုံးတွေလိုသေဆုံးနေခြင်းက တန်ဖိုးရှိတယ်လို့သွန်သင်တယ်။

____ဆက်ရန်
                       K-ဒါရ

Sunday, September 10, 2017

Dear

တစ်ယောက်ကို လွမ်းနေဖို့
တစ်ယောက်ဟာ မသေပေးနေပေးရ

ငရဲကျတယ်တယ်ဆိုတာ ကိုယ့်အိပ်ကပ်ထဲမှာ ဘာမှမရှိဘူးဆိုတာကို ပြောမထွက်ပဲ မင်း ဘာလိုအပ်သလဲ
မေးချင်နေတဲ့ အခိုက်တန့်လေးတွေပါ Dear ။

◾ နာကျင်ခြင်း အသားပန်းပုရုပ် ◾

ကိုယ်ငိုကြွေးပစ်ရမလား
ကိုယ့်ရိုးတွင်ခြင်ဆီတွေမှာ နှင်းလိုအေးခဲတဲ့
ဆဲလ် တွေပြည့်သိပ်လို့။

တွင်းနက်ကြီးတစ်ခုဆီက
ခုနစ်ဘဝဆက်တိုက် မိခင်တော်စပ်ခဲ့သူရဲ့
ခေါ်သံလို

အညိုရောင်အစင်းကျားတွေနဲ့
ပြည်တည်နေတဲ့ နှင်းဆီအတွင်းသားကို
ကိုယ်စားချင်ခဲ့ရဲ့

နောက်
မီးရထားရဲ့ အရှိန်လို ကိုယ်ချစ်ခဲ့ပြီပေါ့
နောက်
စီးကရက်တစ်လိပ်ရဲ့ လောင်မြိုက်မှုလို
ကိုယ် လူရာဝင်ချင်လာခဲ့ပေါ့

ခုတော့
ကိုယ်ရယ်မောပစ်လိုက်မယ်

ခုတော့ ကိုယ်ဟာ ဒိန်ချဉ်တွေအပြည့်ထည့်ထားတဲ့ ဥနှောက်နဲ့ မင်းနှာမည်ဆီ မှောက်ကျသွားခဲ့ပေါ့

ရောက်ရာအရပ်က အမျှပေးဝေသံကို
စောင့်စားရတဲ့တစ္ဆေတစ်ကောင်ဟာ ကိုယ်မဟုတ်ဘူး

ကိုယ့်အတွက်တတ်ဆင်ဖို့မေ့နေတဲ့ မင်းရဲ့ နားရွက် အသားစတွေထဲ ကိုယ် ပွင့်ဖူးလို့ပေါ့

သိသိသာသာ အပြာရောင် ပင်လယ်တစ်စင်ထဲ
အက်ကွဲတော့မဲ့ လှိုင်းတစ်လုံးရဲ့ ခြေသဲခွံတွေလို
ကိုယ့် ငိုသံကိုယ်က နာသာလွန်းလှပါတယ်

K-ဒါရ

Saturday, September 2, 2017

psychic-1

"psychic -1

"အဲ့ဒီ ဗွီဒီယိုကို ကြည့်ပြီး ခုနစ်ရက်အတွင်းမှာ ကြည့်တဲ့သူဟာ သေပေးရတယ် "

"တစ်ခုတည်းသော လွတ်မြောက်ရာဟာ အဲ့ဒီဗွီဒီယိုကို နောက်တစ်ယောက်ကို ကြည့်ခိုင်းခြင်း အားဖြင့် သေခြင်းတရားကို လက်လွှဲနိုင်တာပဲ " တဲ့

ပုံပြင်တစ်ခုမှာ မင်းသားဟာ သေသွားတဲ့ သူ့ချစ်သူကို ငရဲ အထိ လိုက်ပြီး ကယ်သတဲ့ ။
"မင်းချစ်သူ ကျမဲ့ငရဲကို မင်းခံစားပေးခြင်းနဲ့ သူမရဲ့ အပြစ်ကို လွတ်ငြိမ်းခွင့် ပေးနိုင်တယ် ။
သူမဖက်က လုပ်ပေးရမဲ့ တစ်ခုတည်းသော တာဝန်ဟာ မင်းကို သတိမရတော့ပါဘူး ဆိုတဲ့ ကတိပဲ " ဆိုတော့ ငရဲမင်းရဲ့ စကားကို မင်းသမီးလေးဟာ ငြင်းဆန်နေတုန်းမှာပဲ မင်းသားဟာ မင်းသမီးပါးစပ်ထဲသို့ တစ်သက်တာ မေ့ဆေးတစ်မျိုးကို အတင်းထိုးကျွေးပစ်လိုက်သတဲ့ ။

တကယ်လို့များ The Rings ရုပ်ရှင်ထဲက ဗွီဒီယို ဖိုင်လေးကိုသာ ကျွန်တော့်ချစ်သူက ကြည့်ဖြစ်သွားခဲ့ရင် ကျွန်တော်ဘာလုပ်မလဲ ဆိုတာ စိတ်ဝင်စားစရာ မဟုတ်လား ။

"The Boy " ရုပ်ရှင်ထဲက အိမ်ဖေါ် အမျိုးသမီးလို ကော်ရုပ်တစ်ခုကို သီချင်းဆိုပြနေရတဲ့ တာဝန်တစ်ခုကို ချစ်မိပြီးနောက်မှာ
ကျွန်တော်တို့ ရရှိခဲ့ကြ ။

မသိစိတ်ရဲ့ တိမ်းညွတ်မှုတစ်ခုအဖြစ် သေသူဟာ အရုပ်ဆီမှာ ဝင်ပူးနေတာလို့ ခံစားပြီး ကြေက်လန့်နေရသလိုမျိုး
အချစ်ဆိုတာ  ကျွန်တော်တို့ စိတ်ကူးနဲ့ မဆန့်တဲ့အထိ ပုံဆောင်ခဲ အားလုံးကို ဖြစ်စေနိုင်တယ် ။

ချစ်မိသွားပြီဆိုရင်တော့
စတင်ကမ်းတော့တာပါပဲ ။

လောလောဆယ်တော့ သူမကို ဗွီဒီယိုမကြည့်ဖို့ တားမြစ်ရမိတော့မယ်။ ။

K-ဒါရ

Friday, September 1, 2017

ကင်ဒီရယ် ငါပြန်လာတယ်

ကင်ဒီ ရယ်......ငါပြန်လာတယ် နှင်းဆီရနံ့မှာ ငှက်တေးတစ်ပုဒ်လို တွယ်ကပ်လို့
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ဒီဘဝ ပြီးသွားပြီးမှတော့ ဒီဘဝကိုလည်း ပြန်မရချင်တော့ဘူး ကင်ဒီ။
နှင်းဆီ ရောင်စုံတွေတော့ မွှေးမြဲအတိုင်း မွေးကြတယ်လို့ မင်းထင်လိမ့်မယ်။ဒါပေမဲ့ အခု မင်းနမ်းနေတဲ့ နှင်းဆီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက မွှေးခဲ့တဲ့ နှင်းဆီမဟုတ်တော့ဘူး။
ငါ့တစ်ကိုယ်လုံးကို မြေလှန်ရှာဖွယ်ပစ်တာတောင် မင်းကိုချစ်တယ်ဆိုတဲ့ အက္ခရာကို ရှာမတွေ့နိုင်တော့___
နမ်းခဲ့တဲ့ နှုတ်ခမ်းဟာ မနမ်းခင်က နှုတ်ခမ်းလို ရှိနိုင်တယ်။
ပွတ်သတ်ဖူးခဲ့တဲ့ ပါးပြင်ဟာ ပွတ်သတ်စဉ်က အတိုင်း မွေးညင်းကလေးတွေ မဆိုစလောက်နဲ့ မင်းလိမ်းထားတဲ့ မိတ်ကပ်ရနံ့သင်းပျံ့နေနိုင်တယ်။
ငါဟာ ဘယ်ကို ရောက်သွားခဲ့တာလဲ။
အဲ့ဒီ သိပ်မက်မောတဲ့ အရာတွေဆီကနေ မခွဲထွက်ချင်ပဲ ခွဲထွက်လာခဲ့အပြီးမှာ ........
ကင်ဒီရယ်......
ဟေး.......ကင်ဒီရယ်.......
မင်းဟာ ငါ့ကမ္ဘာပါလို့ ပြောဖူးခံတော့ ငါဟာ ကမ္ဘာ့အပြင်သို့ ရောက်သွားတယ်။
မင်းမရှိရင် အသက်မရှင်နိုင်ဘူးလို့ ယုံကြည်ခဲ့ပြီးမှ အသက်အသစ်တစ်ခုကို မင်းမလိုပဲ ငါရရှိခဲ့ပြန်တယ်။
ကင်ဒီ
လှစ်ကာစတွေ လေမတိုက်ပဲ လှုပ်ရမ်းသွားတဲ့အခါ မင်းဝမ်းသာလိုက်ပါလား။
ဘယ်သူလက်နဲ့မှ မထိတွေ့ပဲ ပီယာနိုခလုပ်တွေ လှုပ်ခတ်လာပြီး မင်းသိပ်ကြိုက်တဲ့ အင်ဂျယ်တယောရဲ့ ရစ်သမ်တွေကို သီဆိုနေတဲ့အခါ မင်းပျော်လိုက်ပါလေ....။
ကင်ဒီ ရယ်.....
ချစ်သော ကင်ဒီရယ်.....
ဟောဒီ သေခြင်းတရားကို ငါရရှိခဲ့ပြီးမှ သေခြင်းတရားတစ်ခုကို ငါအသစ် ပြန်ရခဲ့ရင် မင်းဆီလာချင်စမ်းရဲ့၊လက်ရှိသေခြင်းတရားက မွေးဖွားခြင်းပါ ကင်မဲ့နေတော့ ငါပျင်းတယ်။
မင်းမသိလိုက်ပဲ မင်းနားရွက်ဖျားလေးကို ငါ့လျှာနဲ့ နမ်းလျက်ပစ်လိုက်တယ်____
မင်းသိပ်စိုးရွံ့ခဲ့တဲ့ ရေချိုးခန်းထဲက ကိုယ်တိုက်ဆပ်ပြာဗူးထဲလည်း ငါ ဝင်နေလိုက်မိရဲ့။
ကင်ဒီရယ်......
အသိမှတ်ပြုမခံရတဲ့အခါ ငါနမ်းတဲ့ ပါးပြင်ဟာ လေဟာနယ်လို အထိအတွေ့ အရသာတွေ ကင်းမဲ့လွန်းပါရဲ့။
ငါ့လက်နဲ့ မင်းရင်သားတွေကို ပွတ်သတ်တဲ့အခါ တင်းရီလာနေကျ လည်တိုင်ကြောကလေးတွေ တင်းမလာတော့မှ ငါ့ခေါက်ခဲ့ တံခါးခေါက်သံကို မင်းကြောက်လန့်နေခဲ့ကြောင်း သတိထားမိပေါ့၊
အခုတော့လည်း ကင်ဒီရယ်....
ဝေးကွာခြင်းကို သံသရာနဲ့ မြှောက်သလိုမျိုး မင်းကြယ်သီးတွေအထဲ ဝင်ပုံးနေခဲ့တာတောင် မင်းသိအောင် ကိုယ်ပြောမပြနိုင်ခဲ့ဘူး......

K-ဒါရ