Saturday, January 30, 2016

မီးခိုးစီးခြင်း

မီးခိုးစီးခြင်း

တစ်ခုခုကိုသတိရမိတော့ စီးကရက်ကို မီးညှိပြီးသားဖြစ်နေတယ်၊
မီးခိုးတွေကိုဖွာထုတ်ပြီး ကော်ဖီကို မော့ချလိုက်တော့ ဆံပင်တွေဟာ မီးရထားလိုရှည်တယ်၊မျက်လုံးဟာ မီးရထားသံလမ်းအတိုင်း ခရီးနှင်တယ်၊တကယ်ဆိုရင် ဆေးဆိုးပန်းရိုက်ညနယ်ဟာ ကွက်ပျစ်တစ်ခုပေါ်က လမင်းလောက် ညမပီသဘူး၊
အဲ့ဒီမှာ မိတ္ထိလာကန်ကြီးနဲ့၊ဗျိုင်းဖြူတွေနဲ့။

မျက်လုံးဟာ အဲ့ဒီမှာမရပ်ဘူး။

မျက်လုံးဟာ မြူတွေကြားထဲနစ်ဝင်သွားတယ်။

မျက်လုံးကိုငါမမြက်တော့တဲ့အချိန်ကျမှ ငါဟာ ငါ့ကိုမြင်လာတယ်၊ငါဟာ ဆုံလည်ဆိုဖာခုံမှာထိုင်ရင်း
နှီးဖျာခင်းထားတဲ့ အခန်းတစ်ခုထဲသို့ရောက်သွားတာပဲ၊နောက်တော့ငါဟာ ကော်ဖီကိုသောက်မိနေလား၊စီးကရက်ကိုရှိုက်မိနေလား ခွဲခြားမရတော့၊ငါ့နားထဲမှာကြားလာတယ်-
အို..အေ့...အေ နဲ့ အစချီတဲ့ သီချင်းတပုဒ်၊ငါမျက်တောင်ခတ်မိလိုက်သလား၊ငါ့ပါးဟာ နွေးရှရှနဲ့၊ငါမျက်ရည်ကျနေတာလား၊မျက်လုံးဟာ အဲ့ဒီမှာ ခရီးဆုံးသွားသလို စားပွဲခုံထက်က ကုန်နေတဲ့ကော်ဖီခွက်ကိုမြင်တယ်။

စီးကရက်ကို တောက်ထုတ်လိုက်တာလား၊ဝိညာဉ်ကို တောက်ထုတ်မိတာလား ဝေခွဲမရပေမဲ့ ခုနတုံးက ငါဟာ အိမ်ကိုလွမ်းနေခဲ့တာ သေချာတယ်။

K-ဒါရ

Wednesday, January 27, 2016

ယုဇန မခင်​ပျို (​ဇော်​​ဇော်​​အောင်​)

ယုဇန မခင်ပျို
အစအဆုံး
----------ဇော်ဇော်အောင်
ရွှေခြည်တွေ ပျပျမှိုင်း၍ လောကတံတိုင်းမှာ အမှောင်ညှို့ပြီ မခင်ပျို။အရာရာမှာ အသင့်အတင့် နှလုံးသွင်းတတ်သော ရင့်ကျက်ခြင်း အဆင့်ဆင့်သို့ရောက်ပြီဟု ကိုယ့်ကိုယ်ကို ထင်ထားသည်။ အထင် ဆိုသည်မှာ ရှိတတ်စမြဲပါပဲ။ထို့ပြင်လည်း အထူးသဖြင့် ဥပေက္ခာတရားရုံးကို လက်ကိုင်ထားနိုင်သူ ဟုလည်းထင်မိသေး၏။ တခါတုန်းက မခင်ပျို၏ ထမီအနားခတ်လိုက်ပုံသည် ကျွန်တော၏
အသည်းနှလုံးကို ယူဆောင်သွားဖူး၏။ သို့သော်လည်း ခဏတာမျှသာဖြစ်၏။တပ်မက်ခြင်းလား၊ ရသခံစားမိခြင်းလား မသိခင်မှာပင် ကျွန်တော့်အသည်းနှလုံးပြန်လာပါသည်။ အခုတော့ မခင်ပျိုနေ၀င်တော့မည်ထင်ပါသည်။သွားကြစို့၊ သွားကြစို့ မခင်ပျို။ တယောက် တလမ်းစီဆိုပေမယ့် ဆုံရဦးမှာသေချာပါသည်။

နီရဲစေးပျစ်သော လက်ဘက်ရည် ပန်ကန်လုံးထဲမှာ နို့နှစ်အဆီများဝေ့နေ၏။ခပ်ဝေးဝေးမှာ ဆိုင်းသံများကြားရသည်။ အေးမြသော လေထုကို ဖြတ်၍ဆိုင်းတီးသံသည် ချမ်းတုန်းစွာပြေးလာသည်။ မန္တလေးမြို့၏ ညများထဲမှာ အနုပညာရနံ့များဝေ့နေ၏။ ကြက်သွေးရောင် ကတ္တီပါ ကားပေါ်မှာ ရွှေခြည် ငွေခြည်ဘော်ကြယ်စာလုံးတွေ ၀င်းလက် ဖိတ်ဖိတ်တောက်နေသည်။ ဒီနေ့ည မခင်ပျို ဘယ်မှာကမှာလဲ ရွှေဘုန်းဒိန်မှာလား။ ပုလဲ ငွေရောင်မှာလား။ ရုံးတော်ကြီးမှာလား၊မလွန်မှာလား။ ဈေးချိုမှာပဲလား။ လူတယောက်ရဲ့ ရင်ထဲမှာလား။ ဘာမှမဟုတ်သောသာမန် ရေမြောင်းကလေးဖြစ်ပေမယ့် ရေနီမြောင်းသည် လူပေါင်းများစွာ၏။အတွင်းရေးများကို ကျောက်တုံး၊ ရွှံ့နှစ်နှင့် ရေညှိရွက် အကြားမှာသိမ်းဆည်းထားသူဖြစ်၏။ စိန်မြင့်လာ၍ ကျွန်တော်တို့ နူကြည်အဆောင်ကို
သွားကြ၏။ ဟိုကောင်ကို မတွေ့၍ ရေနီမြောင်းဘေးမှာ ကျွန်တော်တို့ဥာဥ့်နက်အောင်ထိုင်ကြည်သည်။ စိန်မြင့်သည် စကားများပေမယ့်
စကားပြောကောင်း၏။ ကဗျာအကြောင်း၊ အလင်္ကာအကြောင်းတွေကို ပြောသည်။နတ်သျှင်နှောင် အကြောင်း၊ အိုမာခယမ် အကြောင်း၊ နီရူဒါ အကြောင်း၊ခေတ်စမ်းကဗျာ အကြောင်းတွေပြောသည်။ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ကဗျာ၏ အလုပ်အကြောင်းလည်းပြောသည် ထင်သည်။ ကျွန်တောသည် ကြက်သွေးရောင် ကတ္တီပါကားလိပ်အကြောင်းကိုသာ စိတ်ရောက်နေ၏။ ပွဲဈေးတန်းက မိုနဲ့မောင်နှမ အိုးကင်ညှော်နံ့သင်းပျံ့ပျံ့ကလေးသာ စိတ်ကူးနေမိ၏။ လထွက်ပြီး ထူးထူးဆန်းဆန်းမှတ်နေသည်က ထိုည ကျွန်တော်မခင်ပျိုကို သတိမရ။ စကားစပ်လို့လည်း မပြောမိ။ထနောင်းပင် ကိုင်းဖျား လတခြမ်းချိတ်သော အချိန်တွင် အချစ်အကြောင်းစကားစပ်မိကြ၏။ စိန်မြင့်နှင့် ကျွန်တော် သဘော ကွဲလွဲခဲ့ကြသည်။

အချစ်ဆိုတာ ဘာလဲ။ ရွှန်းလဲ့ ညိုမှောင် အလိုမကျဟန်ဆောင်တဲ့မျက်စောင်းကလေးလား။ ဘယ်တဆစ်၊ ညာတဆစ် ချိုးချလိုက်တဲ့လက်မောင်းသွယ်သွယ်ကလေးရဲ့ အဆုံးမှာ ကော့ညွှတ်ပျံတတ်နေတဲ့ လက်ဖျားကလေးတွေလား။ဆိုက်မီး အပြောင်းမှာတချက်ဝင်းလက်သွားတဲ့ ရင်ညွန့်ဝါ၀ါကလေးလား။ဒူးကလေးတွေ ညွှတ်ပြီးဒူးပေါ်မှာလက်နှစ်ဘက်တနှီးလန်ချလို့ပခုံးကလေးဘယ်ညာလှုပ်လို့ ဇာတ်စင် အရှေ့ပိုင်းကို အပြေးကလေး ထွက်လာတဲ့ဟန်ကလေးလား။အချစ်ဆိုတာ မခင်ပျိုရဲ့ မျက်နှာလား၊ အသံလား၊ကိုယ်လုံးလား၊ ဟန်လား။ အချစ်ဆိုတာ အကြောင်းတရားလား အကျိုးသက်ရာက်မှုလား။လူတွေ ညာပြောနေကြာတာပါ။ တကယ်တမ်းက လူဟာ ဘာသာစကားကို အတော်
လုံလုံလောက်လောက် ကျကျနန ပြောတတ်လာတဲ့ အချိန်ကစပြီး မုသားတွေမမြင်သာအောင်ဖုံးဖို့ ၀ှက်ဖို့ နေရာကောင်းတခု ရခဲ့တယ်ဆိုတာ ဘယ်ပညာရှင်ကမှပြောသံမကြားဖူးပါဘူး။ အချစ်ဆိုတာ ဘယ်ကလာ ပေးဆပ်ခြင်း ဟုတ်ရမှာလဲမခင်ပျိုရယ်။ ရချင်ယူချင်တာ ပိုင်ဆိုင်ချင်တာပါ မခင်ပျိုရယ်။ ငါတော့ပေးဆပ်လိုက်ပြီလို့ ထင်နေတဲ့သူကိုတော့ ထင်နေပါစေလေ။ ကျွန်တော်တော့ရချင်တာ၊ ယူချင်တာ၊ ပိုင်ဆိုင်ချင်တာပါ။ အဲဒီတညကလည်း အရင် ညတွေလိုပါပဲ။မခင်ပျို ကျွန်တော့ကို ကြည့်ပြီးတော့ သီချင်းဆိုနေတယ်လို့ ထင်မိတာဟုတ်မဟုတ် ပြန်စဉ်းစား မနေပါဘူး။ မန္တလေးမြို့ရဲ့ တန်ဆောင်မုန်းညတွေဟာအားလုံး ကဗျာတွေ ချည်းပါပဲ။

နှစ်ပေါင်းများစွာကတည်းက အငြိမ့်မင်းသမီးပေါင်းများစွာဟာမနလေးမြို့တနေရာက ဇာတ်စင်ပေါ်မှာ မီးရောင်အောက်မှာ ကရင်းဆိုရင်းနဲ့ကဗျာတွေကို ဖန်တီးသွားခဲ့ကြပါတယ်။ ပွဲပြီး မီးမှိတ်လို့ ကားလိတ်တွေရုတ်သိမ်းတဲ့အထိ မရောက်ပါဘူး။ အဲဒီကဗျာတွေဟာချက်ချင်းကွယ်ပျောက်သွားကြပြန်ပါတယ်။ ဒါပေမယ့် အဲဒီကဗျာတွေဟာ လောကရဲ့နှလုံးသားထဲက တနေရာမှာ အားလုံး စုရုံးနေကြတယ်။ သွေးကြောထဲမှာလှည့်ပတ်နေကြတယ်။ နှလုံးသားထဲမှာ ပြန့်ဝင်နေကြတယ်။ လောကရဲ့ ရင်ခုန်သံတချက်ကြားရတိုင်း အဲဒီကဗျာတွေ အားလုံးဟာ သီဆိုကခုန်နေကြတယ်ဆိုတာ။လူတိုင်း သတိပြုမိကြမယ် မထင်ပါဘူး။ သေဆုံးကွယ်လွန်သွားကြတဲ့အငြိမ့်မင်းသမီးကြီးတွေလည်း အဲဒီကဗျာတွေထဲမှာ ရှိနေကြတယ်။ မခင်ပျို ကပါ၊ဆိုပါ အနူပညာဆိုတာ မခင်ပျိုရဲ့အလုပ်ပါ။ ကျွန်တော် ပြောပြီးပါပကော။လူဆိုတာ ညာပြောတတ်တယ်။ လိမ်ပြောတတ်တယ်။ ဒါပေမယ့် ခု ဒီတခါတော့
ကျွန်တော်မညာပါဘူး။ ကျွန်တော်ချစ်တာ မခင်ပျိုကိုပါ။

ဝေးလံသော အရပ်တပါးမှ ဓါးပတလားသံ ခပ်သဲ့သဲ့ ခပ်အုပ်အုပ်ကြားနေရသည်။ဝါးရွက်နှင့် လက်ခတ် ထိတွေ့လိုက်သည့် အခါတိုင်း၊ ၀ါးရွက်ပေါ် လက်ခတ်ကျသည့်အခါတိုင်း ရင်မှာပေါက်ကွဲမှု ဖြစ်ရသည်။ ဝေဒနာ၏ နာကျင်စွာသောအဖြစ်သည်ပင်လျှင် နှစ်လိုဖွယ် ကောင်းလှချေသည်။ တောင်တောင်ငယ် တောယံနှင့်မောလေအောင် ဝေးကျူးသီခေါင်၊ ရီမှောင်ညိုညိုဆိုင်းဆိုင်း
ဝေမှိုင်းမှိုင်းလေး ပင်တိုင်းသာ မာလာကြိုင်ကြိုင်သင်း။နှင်းယွန်းဝသန်နွေ၊ စုံမြိုင်ခြေဦး သာဟန်လေ သာဆန်းထူး။ သံသရာတောအုပ်အတွင်းမှာ မှောင်လွန်းလှသည်။ ဘယ်သော အခါမှ လမ်းမမှားဟုဟစ်ကြေးနေသူသည် သူလမ်းမှားနေကြော်းမသိ။ အင်ကြင်းပန်းတွေ ပင်လုံးဝေေ၀ပွင့်နေ၏။ ဒီနေရာမှာ ဘယ်သူလာ၍ ကျွန်တော့်ကို ပစ်ချထားခဲ့သနည်။
အထီးကျန်မှု၊ အားကိုးမဲ့မှု။ ဘာဆို ဘာမှ မတတ်နိုင်မှုတို့သည် ခင်းထားသောကျွန်ုပ်၏ လည်ပင်းပေါ်သို့ အရှိန်ပြင်းစွာကျလာသည်။ လောက တရေးနိုးပြီးလား။တဖန်သစ်ပြီလား။ တနေ့ဟောင်းသွားပြီလား မသိပါ။ တော အလယ်မှာ မောတယ် မရယ်။
သူတို့ ဘာလိုချင်ကြည်သည်လဲ။ ဘာဖြစ်ချင်ကြသည်လဲ။ ကျွန်တော် ဘာကိုမှမလိုချင်ပါ။ ဘာမှ မဖြစ်ချင်ပါဟု လိမ်ညာ၍ ပြောလိုက်သောအခါ ကမ္ပာပေါ်မှာအရှက်မဲ့သူတယောက် တိုးသွားပြီ။ အိုး လှလွန်း လှလွန်းလှပါသည်။ မိန်းမဆယ့်သုံးယောက်ကို တွေ့ရ၏။

သေတ္တာထဲမှာ မြေအစိမ်းရောင် တဆယ့်သုံးကောင်ခွေနေသည်။ ဘယ်ကိုသွားကြမည်နည်း။ ကျွန်တော့ ကိုယ်ပေါ်သို့ နူးညံ့သော ပန်းဝတ်ဆံများ ကတီပါပွင့်ဖတ်များ မိုးကဲ့သို့ ဖွဲဖွဲရွာကျလာသည်။ ကျွန်တော့်တကိုယ်လုံးပွင့်ဖတ် ၀တ်ဆံတွေ ဖုံးလွှမ်းသွားတော့သည်။ အနီရောင် ခတာပန်းများပွင့်ဖတ်လိန်၍ ဖူးပွင့်နေကြသည်။ အချိန် ခုနှစ်မိနစ် စေ့သွားပြီ။မောလှချည့်ရဲ့ ...။ တောအုပ်သည် ပို၍ ပို၍ မှောင်လာနေသည်။

မခင်ပျို။ ယုဇန မခင်ပျို။ လွမ်းလိုက်ရတာ မခင်ပျိုရယ်။အောင်မြင်တာတွေ၊ ကြီးမြင့်တာတွေ။ ကျော်ကြားတာတွေ။ အခုနေ ကျုံးဘေးမှာလေပြည် တဖြူးဖြူး ရှိနေမှာပေါ့။ ဘယ်သစ်ပင် စိမ်းပုံနဲ့မှမတူတဲ့ထနောင်းပင် ဖြူဖြူတွေရဲ့ အရိပ်စိမ်းမှာ မခင်ပျို ကျွန်တော့်လက်ကိုရဲရဲတွဲပါ။ ချစ်တယ် ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက်မရှိဘဲလမ်းလျှောက်ခြင်း တမျိုးပဲလို့ ကြားဖူးတယ်။ ကြည့်စမ်း မခင်ပျို၊ကော့လိုက် ကွေးလိုက်၊ ညွှတ်လိုက် လှုပ်ရှားလိုက်တာနဲ့ လောကကိုအသက်ရှူတခဏရပ်သွားစေနိုင်တဲ့ လက်ချောင်းဖြူဖြူ သွယ်သွယ်ကလေးတွေ။ဒီလက်ချောင်းကလေးတွေ လှုပ်ရှားရင်းကွေးညွှတ်ကော့ပျံတဲ့ လက်နဲ့စပ်လိုက်တဲ့
ကဗျာလေးတွေကို ကျွန်တော့် မျက်လုံးထဲမှာ သိမ်းထားတယ် သိလား။အောင်ပင်လယ်တာတရိုးမှာ ရွှေမိုးတွေ ညို့ပြီ မခင်ပျို။ မိုးရွာမယ်
မထင်မိပါလို့ တဘက်ကလေး မပါပေမယ့် ကျွန်တော့် ရင်မှာ မိုးခိုလို့ရပါတယ်။မိုးတွေသည်းလိုက်တာ။ မိုးရွာတဲ့နေ့ကို သတိရလိုက်တာ စုတ်ချာယိုင်ရွဲ့တဲ့လဘက်ရည်ဆိုင်ကလေးရဲ့ တံစက်မြိတ်စွန်းမှာ နေရောင်ခြည်ကလေးတခက်လက်နေတယ်။မိုးခက် မိုးပွင့် ကန့်လန့်ကာကို ဖြတ်လာတဲ့ နေရောင်ခြည်ဟာမခင်ပျိုပြုံးတာနဲ့ သိပ်တူတာပဲ။ ကျွန်တော့် အနားမှာ သစာမဲ့သူတွေဝိုင်းဝိုင်းလည် နေလိုက်ကြတာ။ ဘာဆိုတာမှတ်လို့ မခင်ပျိုကတော့ပြောလိမ့်မယ်။ အဲဒီ အခါမှာ မခင်ပျိုကို သတိရတယ်။ ဘာမှတော့ မဆိုင်ဘူးလေ။ဒါပေမယ့် ကျွန်တော် အကြိုက်ဆုံးတွေက ရှင်ဥတမကျော်ရယ်၊ ဇော်ဂျီရယ်၊ဇေယျရယ်၊ ပန်းချီအောင်စိုးနဲ့ ခင်မောင်ရင်ရယ်၊ စိန်ဗေဒါရယ်လွတ်လပ်ခွင့်ရယ်၊ ပိတောက်ပန်းရယ်၊ လဘက်ရည် ချိုပေါ့ကျရယ်။ ခေတ်ပေါ်ဂီတရယ်၊
မခင်ပျိုရယ်။ များတော့ အများသား မကြိုက်ဆုံးအရာတွေက ဟိတ်ဟန်ကြီးတာရယ်၊၀က်သားပေါက်စီရယ်၊ သဘောင်္သီးအစေ့ရယ်၊ တတိယ တန်းစားဝေဖန်ရေး ဆရာရယ်၊ကုန်းချောတိုက်တာရယ်၊ မနာလိုမှုရယ်၊ သဇင်ပန်းရယ်၊ ဒံပေါက်ထမင်းရယ်၊အနီရောင်ရယ်၊ နေကာမျက်မှန်ရယ်၊ စိန်ရွှေရတနာရယ်။

ကြိုက်တာတွေ မကြိုက်တာတွေ ပြောမယ့်သာပြောရတာပါ။ တကယ်တမ်းတော့လည်းဘာမှမဟုတ်ပါဘူး။ ကိုယ်ဘာမှ မဟုတ်ဘူးဆိုတာ မသိလိုက်ခင်မှာပဲ ဘ၀ဟာနိဂုံးချုပ်သွားတာပါပဲ။ ဘ၀ဆိုတာ နေဖို့လား။ နေဖို့
ထိုင်းဖို့ပြင်ဆင်နေလိုက်ကြတာ။ သူတို့တွေရဲ့ မဟုတ်တဲ့အလုပ်တွေကိုကမာ့အပြင်ဘက်ထါက်ပြီး ခပ်ခွာခွာကြည့်မှ မြင်ရတာမဟုတ်ပါဘူးတဲ့။ဒီသစ်ပင် အောက် ကြည့်ရင်လည်း တကယ်လို့ကြည့်တတ်ရင်ပေါ့လေ။ မြင်ရပါတယ်တဲ့။
တယောက်ယောက်က ကျွန်တော့်ကိုပြောဖူးတယ်။ ပြောပြီးတော့သူလည်းနေစရာပြင်ရဦးမယ် ဆိုပြီး ထွက်သွားပေါလေရော။ ရယ်တော့ ရယ်ရသားပဲ။ဘ၀ဆိုတာ စကတည်းက မြှးလာတယ် ဆိုတဲံ အကြောင်း၊ ယန်းပေါဆက်ကို ဖတ်ဖူးဖို့မလိုပါဘူး အစကတည်းက သိတယ်လို့ ကျွန်တော်တော့ ထင်တာပဲ။ ဒါပေမယ့် ဖတ်တော့ဖတ်ကြည့်ပါတယု ဖတ်ရှင်ပေါ့လေ။ ကျော်ကြားလှတဲ့ သူရဲ့ ထရိုင်ယော်လော်ဂျီဝတုကြီးသုံးပုဒ် ဖတ်တယ် မကြိုက်ပါဘူးဗျာ။ နောက်ဆုံးစာကြောင်းကလေးတွေတော့သဘောကျသလိုလိုရှိရဲ့ မနက်ဖြန်ဆိုလျှင် အနက်ရောင်ငှက်များ လာကြတော့မယ်တဲ့။


ဒါပေမယ့် မခင်ပျို။ အဲဒီညက မခင်ပျိုဟာ ဘော်ကြယ်တွေ လက်နေတဲ့အဖြူရောင်ဝတ်စုံနဲ့ ကျွန်တော့် မျက်စိထဲမှာတော့ ငှက်ဖြူမလေး တကောင်၊ခိုဖြူမလေးတကောင်ပါပဲ။ အမြီးကော့ကော့ ထောင်ထောင်နဲ့ ကျွန်တော်အသည်းနှလုံးရှိတဲ့ ရင်ထဲမှာ လိုဏ်ခေါင်းမျာ တောင်ပံ တဖျက်ဖျက်ခက်နေသလိုပါပဲ။ ဆင်စွယ်ယပ်တောင် ဖြူဖြူကလေး ကျွန်တော်ရှိရာအရပ်ကိုတည့်တည့်ညွန်ပြီး ““မိဘပေးစား ဒီလူကြီး ဇနီးရပါစေ”” ဆိုတဲ့သီးချင်းကို မခင်ပျိုဆိုခဲ့တယ်။ နောက်တနှစ်မှာပဲ မိဘပေးစားလို့ ကျွန်တော်ဇနီးရခဲ့တယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးဆိုတာ မသာယာဘူးတဲ့လူတိုင်းပြောကြတာပါပဲ ၀တုဆရာတွေ ရုပ်ရှင် ဆရာတွေ ဆိုရင်သိပ်ပြေကြတာပဲ။
ထပ်နေပါပြီ။ အဲဒါကိုက ပရမတ်တရားတခုလို၊ တုမတသစာတရားတခုလို ဖြစ်နေတယ်။ပြောလိုက်ကြတာ ဟိုမှာ မခင်ပျို။ မိုးရွာပြီးစ ခဲသားရောင်ထနေတဲ့ကောင်းကင်ပြင်ကျယ်ကြီးကို ဗျိုင်းဖြူတအုပ် တ်ြပျံသွားတာ လှလိုက်တာ။ကျွန်တော့် အဖို့တော့ အခြားသူတွေ အတွက်တာဝန်မယူနိုင်ပါဘူး။ ကိုယ့်အတွက်ကိုယ်တောင် မနည်းတာဝန်ယူရတာ။

ကျွန်တော့် အဖို့တော့ အချစ်မပါတဲ့ အိမ်ထောင်ရေး မသာယာဘူးဆိုတာသဘောမပေါက်ပါဘူး။ သီတာကို ကျွန်တော် လက်ထပ်တာ မိဘတွေ ပေးစားလို့။ပြီးတော့ ကျွန်တော် သူ့ကိုချစ်သလား၊ မချစ်ဘူးလား ဆိုတာစဉ်းစားချိန်မရလိုက်ပါဘူး။ လေးဘက်လေးတန်က တောင်ကြီးလေးလုံး ပိကျလာသလိုရှောင်မရတဲ့ မိဘဆွေမျိုးအသိုင်းအ၀န်း ဘာညာတွေ စုပြုံဖိညှပ်ပြီး သီတာနဲ့ကျွန်တော့်ကို ပေးစားလိုက်ကြတာပါပဲ။ အဲဒီတုန်းက ကျွန်တော် ငြင်းဖို့မကြိုးစားမိပါဘူး။ သီတာဟာ သိပ်လှတယ် မခင်ပျို။ သိပ်ကိုလှတယ်။
ရှားရှားပါးပါး ရက်ရက်စက်စက်လှတယ်။ မကွယ်မ၀ှက် မလိမ်မညာပြောရရင်မခင်ပျိုထက် အများကြီး ပိုလှတယ်။ သူ့အလှမှာ ကျွန်တော့်အထင်တော့တကယ်အပြစ်မရှိဘူး။ သိပ်လှတာပဲ။ ပြီးတော့ ကျွန်တော့် အယူအဆကဟိုးငယ်ငယ်ကတည်းကရှိခဲ့တာက မိန်းမတယောက်မှာ ရုပ်လှဖို့က အဓိကပဲ။စိတ်လှဖို့ဆိုတာ သာမည။ အဲဒီ အယူအဆက ခိုင်ခိုင်မာမာပဲ တယောက်ယောက်ကမကျေနပ်လို့ ပြင်းလာလျှင်၊ စောဒကတတ်လာလျှင် ကျွန်တော် နိုင်အောင်ပြောနိုင်ချင်မှ ပြောနိုင်မယ်။ ဒါပေမယ့် ဒီ အယူအဆကိုတော့မစွန့်လွှတ်နိုင်ဘူး။ ပင်လယ်ပြင်မှ နေ၀င်သွားတဲ့ မြင်ကွင်းလှတာရေးစပ်ကသဲသောင် ဖွေးဖွေးပြန့်ပြန့်လှတာ ပိတောက်ပင်ကပင်လုံးပွင့်လို့လှတာ၊ မှိုင်းညို့မြင့်မားတဲ့ တောင်စဉ်တန်းကြီးတွေ လှတာ။အုန်းပင်အုန်းလက် တွေပေါ်မှာ ကျနေတဲ့လရောင်ခြည် လှတာ အဲဒါမျိုးပေါ့။ သီတာလှတာ အဲလိုပါပဲ။ ကျွန်တော့အဖို့တော့လက်ထပ်ပြီးလို့နှစ်ရက်ခွဲလောက်ကြာတဲ့အခါ သီတာ ကျွန်တော့ကို မေးတယ်။ သူ့ကိုချစ်လားတဲ့။ကျွန်တော် ဘယ်လိုဖြေလိုက်တယ်ထင်သလဲ မခင်ပျို။ မဆိုင်းမတွပါပဲ။ သီတာကို
သိပ်ချစ်တယ်လို့ ဖြေလိုက်တယ်။ သီတာ ပြုံးပြုံးကလေး ကျွန်တော့ ပုခုံးပေါ်ခေါင်းတင်ပြီး မျက်စိ မှိတ်ထားတယ်။ အဲဒီ အဖြေကို ပေးလိုက်ပြီးတဲ့ အခါလောကတခုလုံး တိတ်ဆိတ်သွားတာကို ချောက်ချောက်ချားချား ခံစားလိုက်ရတယ်။ကျွန်တော်တို့ အိပ်ခန်းထဲက လေအေးစက်သံ၊ ဓါတ်ပြားချိန်ချာမှာလည်းလင်ဒါရွန်စတတ်ရဲ့ သီချင်းတပုဒ်ကို ခပ်သဲ့သဲ့ ကြားနေရတယ်။ ပြီးတော့သီတာရဲ့ တတွတ်တွတ်ပြောနေတဲ့ ချစ်စကားတွေကိုလည်း ပူနွေးတဲ့ထွက်သက်နဲ့ရောယှက်ပြီး ကြားနေရတယ်။

ဒါပေမယ့် သူ့ကို သိပ်ချစ်တယ်လို့ ပြောလိုက်ပြီးတဲ့ ခဏ ကျွန်တော်ခံစာိးမတဲ့ တိတ်ဆိတ်ခြင်းဟာ ဘာနဲ့မှ မတူပါဘူး။ တသက်မှာ တခါမှမခံစားဖူးပါဘူး။ သလောကလုံးတိတ်ဆိတ်သွားလိုက်တာ ကြောက်စရာတောင်ကောင်းပါတယ်။ သီတာကတော့ သိပ်ကျေနပ် သိပ်ပျော်သွားမှာပါပဲ။ မပျော်တာကကျွန်တော် အင်မတန်လှတဲ့ သီတာ ဘာမှပြောစရာမရှိတဲ့ သီတာ သူ့ကို ကျွန်တော်သိပ်ချစ်ပုံရတဲ့ သီတာ သူ့ကို ကျွန်တော် ပိုင်ဆိုင်လိုက်ရပြီ။ မနက်ပိုင်းဆေးရုံကြီးလိုက်ပို့၊ နေ့လည်ပိုင်း ထမင်းစားဖို့ သွားကြိုပြန်ပို့ညနေကျတော့ ရွှေဘုံသာလမ်းက သူ့ဆေးခန်းကိုလိုက်ပို့ ဆေးခန်းပိတ်ချိန်ပြန်ခေါ်ကျွန်တော် အလုပ်က ဒါပါပဲ။ ကျွန်တော့် ဘ၀မှာ ဘာမှမလိုဘူး
တော်တော်များများပိုနေတယ်။ အပိုဆုံးကတော့ အချိန်တွေပဲ။ တလောကလုံးအုတ်အုတ်ကျပ်ကျပ် အလုပ်တွေရှုပ်နေကြတဲ့ အချိန်မှာ ကျွန်တော်က အချိန်တွေကုန်ဆုံးအောင် ကြံရဖန်ရတဲ့ အလုပ်ကိုလုပ်နေရတယ်။ကျွန်တော်ပျော်သလားလို့မေးတယ်။ ကျွန်တော် ဘယ်လိုပြောရမယ် စိတ်ညစ်စရာ သောကမရှိတာကို ပျော်တယ်လို့ပြောရင်တော့ ကျွန်တော် ပျော်တာပေါ့။ ကျွန်တော့်အိမ်ထောင်ရေး သာယာသလားမေးရင်လည်း သာယာတယ်လို့ ဖြေရမှာပါပဲ။ဘာပြသနာမှမရှိတာ အရာအရာ အဆင်ပြေချော့မွေ့နေတာကို သာယာတယ်လို့ ခေါ်ရင်တော့ကျွန်တော့ အိမ်ထောင်ရေးဟာ သာယာနေတာပါပဲ။ သိပ်လှတဲ့ သီတာဟာ ကျွန်တော့်ကိုသိပ်ချစ်တယ် ဆိုတာ ခံစားသိရှိလာရတယ်။ အဲဒီ အချစ်ကို သူဘယ်လိုမွေးမြူယူသလဲ။ ကျွန်တော် ခုထိ မသိဘူး။ ကျွန်တော် သူ့ကို ချစ်သလား
မခင်ပျို။ အဲဒီမေးခွန်းဟာ တစ်ကနေပြန်စတဲ့ မေးခွန်းမျိုးထက် ပိုတယ်။တစ်ရဲ့ဟိုဘက် တစ်ရဲ့ရှေ့မှာ ဘာဂဏန်းများ ရှိသေးလဲ။ အဲဒီက စရမယ်။ချစ်တယ်ဆိုတာ ဘာလဲ မခင်ပျို။ ချစ်တယ် ဆိုတာ ဘာလဲကိုမှ ရေရေရာရာ မသိပဲနဲ့သီတာကို ကျွန်တော် ချစ်သလားမေးလိုက်ရင် အဆင့်ကျော်နေပြီပေါ့။ကျွန်တော်ဘယ်လိုလုပ်ဖြေမလဲ။ ချစ်တယ်ဆိုတာ ရယူခြင်း ပိုင်ဆိုင်ခြင်းသစ်ခွပန်းပွင့်ကလေးလိုလှတဲ့ မသီတာကို ကျွန်တော် ရယူပြီး ပိုင်ဆိုင်ခဲ့ပြီး။ ကျွန်တော် သူ့ကို ချစ်သလား ကျွန်တော် သူ့ကိုချစ်သလား။

ဟန်ဆောင်ခြင်းများကို အရည်ကျို၍ လောက၏နံရံအား သုတ်လိမ်းညစ်ညမ်းစေသူကိုဖမ်းဆီးခေါ်ဆောင်ခဲ့ကြပါ။ ကျွန်တော့်တွင် မုသားရင်နှင့်အပြည့်ရှိပါသည်။ အချစ်၏အစနှင့်အဆုံးကို မသိသေးသော်လည်းဟန်ဆောင်သော အရပ်ဒေသတစ်ခုကို မလွှဲမသွေဖြတ်သန်းသွားရကြောင်း ကျွန်တော်ကောင်းကောင်းသိပါသည်။ အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ကြပါ။

ထိုအချက်ကို သူကပင် စတင်တွေ့ရှိလေဟန်ကြားဝါ ဂိုက်ထုတ်သောဇော်ဇော်အောင်သည် ဘာမှ မဟုတ်ပါ။ အချို့လူများ အစာမကြေသော ရောဂါရှိ၏။သူတို့ပါစပ်မှ မာ့က်စ်ဝါဒလေချဉ်တတ်သော ရနံ့ရသည်။ တခါတရံစကားလုံးများသည်မြေကိုခွဲ၍ ဘွားခနဲပေါ်လာတတ်သည် နေ့ညဘယ်မှကမည်လဲ။

ညနေခင်းသည် ဆည်းဆာတို့အနှံ့ပြန့်လွှတ်နေ၏။ လက်ကိုတွဲဋ္ဋရဲရဲဆုပ်ကိုင်၍ ကျွန်တော်နှင့်အတူ အမိုးအောက် ကော်ရစ်ဒါစင်္ကြံတလျှောက်ရေညှိများဖြင့် ချောကျိလျက်။ မိုးစက်များ ထိတွေ့သောအခါ ရေအိုင်ထဲကကံ့ကော်ရွက်များ။ ကျွန်တော့်လက်ကို ရဲရဲတွဲပါ။ ûလေကတွင်အကောင်းဆုံးသတိရနေခြင်းသည် မေ့လျော့ထားခြင်းပင် ဖြစ်ကြောင်း လောကကကျွန်တော့်အား ပြောကြားခဲ့သည်ကို မေ့သွားပြီ။ စုတ်ချာသောလဘက်ရည်ဆိုင်ကလေးမှာ သူ့ကိုချစ်ကြောင်းပြော၍ ကလောသို့ခိုးယူထွက်ပြေားသွားချင်သည်ကို သူသိဖို့ကောင်းပါသည်။ လူတချို့ရင်ထဲမှာမီးပုံးများရှိကြောင်း ယုံပါပြီ။ အနူပညာ ဆိုသည်မှာ သီတာရေစင်လိုအေးမြသည်ဟု ဆိုစကားရှိသော်လည်း သီတာရေစင်ကို ကျွန်တော် မတွေ့မမြင်ဖူးပါ။ကျွန်တော် ဘယ်ကလာဋ္ဋ ဘယ်ကိုသွားမည်လဲ။ ကျွန်တော်၏ ဆရာသည် ဇော်ဂျီဖြစ်သည်။ဆရာရှေ့ကသွားပါ။ လောက၏ အစွန်အဖျားတနေရာ န၀မမြောက် တိမ်တိုက်ပေါ်တွင်ဆရာနှင့်ကျွန်တော် ဆုံပါမည်။ တောင်ဆီက မိုးတွေ ညို့လာပြန်ပြီ။ဘယ်များရောက်နေသလဲ မခင်ပျိုရယ်။

မနလေးအသင်းနှစ်ပတ်လည် ဆုပေးပွဲရှိတယ်လို့ စိန်မြင့်ကပြောတယ်။ကျွန်တော် မနလေးသား မဟုတ်ပေမယ့် မနလေးအသင်းကို စိန်မြင့်နဲ့သွားနေကျ။အရက်သောက်၊ ဘိလိယက်ထိုး။ မခင်ပျိုကို စပယ်ရှယ် ဖိတ်ထားတယ်လို့လဲ ပြောတယ်။ကျွန်တော့်ရင်ထဲ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်စမ်းပါ။ အချစ်ဆိုတာဘာမှန်းခုထိမသိသေးပေမယ့် မခင်ပျိုကျတော့ သိပ်ချစ်တယ်လို့ထင်နေတဲ့ကျွန်တော် ဘယ်လောက် ၀မ်းသာလိုက်မလဲ။ မနလးအသင်းမှာ ယုဇန မခင်ပျို ကမယ်တဲ့။ဖြစ်ချင်တော့အဲဒီနေ့က ရက်အား သီတာကို ဆံပင်အလှပြင်တဲ့ဆိုင်လိုက်ပို့ရတယ်။ကြိုလဲပြောမထားဘူး။ဆိုင်မှာထားခဲ့ပြီးနောက်မှပြန်ခေါ်မယ်ဆိုလည်းမရ။ တခုရှိတာက သီတာဟာ ဒီလိုနှစ်ယောက်တည်းအတူနေရတဲ့ ရက်အားဆိုရင် ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံဘူး။သူ့အလုပ်သွားတဲ့အခါလည်း ကျွန်တော်ကို တခါတည်းခေါ်သွားချင်တယ်။တာနောယကဘီလူးလို လည်ပင်းမှာဆွဲပြီး ရွှေကြုပ်ကလေးထဲထည်းခခေါ်သွားချင်တယ်တဲ့။ ကျွန်တော့ကို ထည့်ခေါ်သွားနိုင်လောက်အောင်ဂျူတီကုတ်မှာ အိတ်ထောင်အကြီးကြီး ချုပ်တပ်ထားရကောင်းမလားလို့လဲ ပြောရဲ့။
ယောင်္ကျားကို မျက်စိအောက်က အပျောက်မခံချင်တာဟာ စိတ်မချတာလား၊ သိပ်ချစ်တာလား။

ကျွန်တော့်ကိုတော့ သူစိတ်ချတယ်။ ကျွန်တော်ကလည်း ၀ီစကီသောက်တာရယ်၊ဘိလိယက်ထိုးတာရယ်၊ ဘောလုံးပွဲကြည့်တာရယ်ကလွဲလို့ တခြားရှုပ်ရှုပ်ပွေပွေမရှိပါဘူး။ ကျွန်တော့မှာ အငမတန်လှတဲ့ အင်မတန်စွဲမက်စရာကောင်းတဲ့၊ အင်မတန်တွတ်တီးတွတ်တာ လုပ်တတ်တဲ့ သီတာရှိနေပြီပဲ။အဲလေ ဒါနဲ့ဆံပင် အလှပြင်ဆိုင်မှာထိုင်စောင့်နေလိုက်ရတယ်။ ပြီးတော့တခါမိုးကုတ်က သူ့သူငယ်ချင်း တယောက် ရန်ကုန်လာလို့သွားတွေ့တယ် လိုက်သွားရတယ်။အဲဒီ အမျိုးသမီးကိုခေါ်ပြီး ညစာစားတယ်။ ပြန်ပို့ရတယ် ည ကိုးနာရီကိုထိုးပါရော။

မခင်ပျိုနဲ့လွဲရတာ စိတ်ထဲမှာ မကောင်းလိုက်တာ။ဒါပေမယ့်ဘာတတ်နိုင်မှာလဲ။မန္တလေအသင်းနှစ်ပတ်လည်ပွဲနှစ်ရက်ဆက်မလုပ်ဘူး။
မခင်ပျိုလည်း နှစ်ခါဆက်ကမှာမဟုတ်ဘူး။ ကျွန်တော် စိတ်မကောင်းလိုက်တာညိကိုးနာရီ အိမ်ပြန်ရောက်လို့ အိပ်တဲ့အထိ စိတ်ထဲမှာ
ဘယ်ဘိုဖြစ်နေမှန်းမသိဘူး။ ဆယ့်တနာရီလောက် အိပ်ပျော်သွားတယ် ထင်ပါရဲ့။ အဲဆယ့်တနာရီထိ မခင်ပျိုနဲ့လွဲရတာ စိတ်မကောင်းဘူး။ အိပ်ပျော်နေတုန်းမှာကျွန်တော် အိပ်မက်မမက်တော့ဘူး။ အိပ်ပျော်နေတုန်းတော့ ဘယ်သတိရမလဲ။
မနက်မိုးလင်းတော့ ကျွန်တော်အမှန်ပြောရမလား မခင်ပျို ကျွန်တော်သတိမရတော့ဘူး။

အိပ်ယာက နိုးလဲနိုးရော ငယ်ငယ်တုန်းက သူငယ်ချင်းတွေစောစောစီးစီးပေါက်ချလာတယ်။ မြင့်သိန်းရယ်၊ ကျော်မောင်ရယ်၊ အေးကိုရယ်။ငှက်ကျားရယ်၊ ဘသန်းတင်ရယ်၊ ကိုသန်းလွင်ရယ် ဘယ်သတိရဖို့ အချိန်ရှိတော့မလဲ။နောက်ရက်တွေမှာလည်း ကျွန်တော် မေ့တေ့တေ့ဖြစ်နေတယ်။ တခါ တခါတော့ သတိရရဲ့။ဒီလိုပါပဲလေ နောက် မခင်ပျို မန္တလေး ပြန်သွားတယ်ဆိုတာ ကြားလိုက်ရရဲ့။
ပြန်သွားတော့လည်း ပြီးသွားတာပဲ။ မိုးကုန်လို့ဆောင်းဦးပေါက်ပြီဆိုရင်ပဲမန္တလေးမှာ အငြိမ့်ပွဲတွေခြိမ့်ခြိမ့်သဲတော့မယ်ဆိုတာ အသိကတော့တနှစ်တခါပေါ်လာတတ်ရဲ့။ အဲလို အခါမျိုးမှာတော့ မခင်ပျိုကို သတိရတာတော့မဟုတ်ပါဘူး။ တမ်းတမိတာ မခင်ပျိုကတာ ဆိုတာလေးတါကို ချမ်းချမ်းအေးအေးဇာတ်စင်ဘေးက ငေးကြည့်နေချင်တဲ့ တမ်းတမှုမျိုး ဥာဥ့်နက်လာတာနဲ့အမျှအအေးဓါတ်က ပိုလာတယ်။ ပွဲမပြီးပါစေနဲ့ ပွဲမပြီးပါစေနဲ့ဦးလို့ ရင်ထျွှဲာလှုပ်ရှားရတဲ့အရသာ။ အဲဒါတွေကိုအစားထိုးလို့မရပါဘူး။ ဘာလို့လဲဆိုတော့
ဒီလောကမှာ ယုဇန မခင်ပျို နှစ်ယောက်မရှိလို့ပါပဲ။ သီတင်းကျွတ်၊တန်ဆောင်မုန်းမှာ မခင်ပျိုကို သိပ်တမ်းတမိတာပဲ။ လေထဲမှာ
ဝဲပျံလွင့်မျောလာတဲ့ ပတ်မသံ၊ စခွံသံ၊ သံပတ္တလာသံ၊ ကြေးနောင်းသံ၊အဲဒီအသံတွေမြှ နှင်းရည်စက်တွေ ခိုတွဲလို့ အဲဒီအချိန်မှာ ကျွန်တော်ဟာကျွန်တော့် အိပ်ခန်းထဲမှာ ဗီဒီယိုကြည့်နေတယ်။ အရပ်ရှည်တဲ့ ရွှေရောင်မိန်းကလေး ဆူန်အင်တန်ဟာ အားကစားဘောင်းဘီတိုကလေးနဲ့ အပြေးလေ့ကျင့်နေလေရဲ့။သွယ်ပျောင်းတဲ့ ခြေတံရှည်ကလေးတွေ လှုပ်ရှားပြေးသွားနေတာ ကြည့်ရင်းနဲ့မခင်ပျိုရဲ့ ထဘီအနားခတ်လိုက်ပုံ၊ ထဘီနားဖြူဖြူကြီးဝဲကျသွားပုံကိုမြင်နေမိတယ်။ ကြည့်ပြီးသွားလို့ အိပ်ယာဝင်ကြတော့ တဘက်လှည့်အိပ်ချင်ယောင်တောင်နေတဲ့ သီတာရဲ့မေးရိုးကလေး ဖွဖွညင်သာနမ်းလိုက်တဲ့
အခါမှာတော့ မခင်ပျိုကို သတိမရတာအမှန်ပါပဲ။ ဒါပေမယ့် မခင်ပျိုရယ်ကိုယ့်ဘာသာ ကျိတ်ပြီး အကြိမ်ကြိမ် အခါခါမေးမိတဲ့
မေးခွန်းနှစ်ခုကျွန်တော်ပြောပြမယ် အချစ်ပါတယ်မပါဘူး ဘာညာ မသိဘူး အခုတော့သီတာ ကျွန်တော့ကို သိပ်ချစ်တယ် အိမ်ထောင်ရေးသာယာတယ် သီတာ့ကိုချစ်သလားမေးတဲ့အခါမျိုးမှာ အဖြေဟာတုံ့ဆိုင်းဝေ့၀ဲပြီးတော့ တခုခုကို
မီးခိုးလုံးတွေ ဝေ့၀ိုင်းဖုံးအုပ် သွားသလိုမျိုးအဖြေပျောက်ကွယ်သွားတတ်တယ် မခင်ပျိုကို ချစ်သလားလို့မေးတဲ့အခါ အဖြေဟာ
ပါးစပ်ဖျား နှုတ်ဖျား မရောက်ခင်ရင်ထဲက ဖြေပြီးသွားပြီ။ မခင်ပျိုကိုကျွန်တော် ချစ်တယ် ဘယ်လိုလဲရှင်လို့မေးမလို့လား မမေးနဲ့မခင်ပျို
ချစ်တယ်ဆိုတာ ရှင်းပြဖို့မဟုတ်ဘူး။ သက်သေထူဖို့မဟုတ်ဘူး ရှင်းပြလို့လည်းရချင်မှရမယ် ထူစရာသက်သေလည်း ၇ှိချင်မှရှိမယ် ရှိတယ်ထားဦးယုံလောက်အောင်လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် ချစ်တာဟာ ချစ်တာပါပဲချစ်တယ်ဆိုတာ ချစ်တာပါပဲ မခင်ပျို။

နေ၀င်ချိန် တိမ်တောက်ခြင်းသည် ကဗျာဖြစ်၏ အညိုရောင်မျက်မှန်ကိုင်းနောက်မှ မျက်လုံးများသည် ကဗျာဖြစ်၏ သူတောင်းစားအိုးကြီး၏ဆုတောင်းသံသည် ကဗျာဖြစ်၏။ မစားရတာကြာပြီဖြစ်သော ကြက်သားဆီပြန်ဟင်းသည်ကဗျာဖြစ်၏ ဆယ်နှစ်ကြာမှ ပန်လာဆပ်သော အကြေးငါးကျပ်သည် ကဗျာဖြစ်၏နှုတ်ခမ်းပါးလှပ်ပါးစပ်ပိတ်ထားသော အပြုံးသည် ကဗျာဖြစ်၏ အမေ၏ခေါ်သံသည်ကဗျာဖြစ်၏ အဖေကျိုပေးသော ရေနွေးကြမ်းတအိုးသည် ကဗျာဖြစ်၏ခရမ်းရောင်သစ်ခွပန်းသည် ကဗျာဖြစ်၏ ဆံတိုပြတ်နှင့် သမီးလေးသည် ကဗျာဖြစ်၏အော်ဟစ်ရယမောနေသော သူငယ်ချင်း၏ မျက်နှာသည် ကဗျာဖြစ်၏ စပါးခင်းသည်
ကဗျာဖြစ်၏ အရာအားလုံးသည် ကဗျာဖြစ်၏ မခင်ပျိုသည် ကဗျာဖြစ်၏ ကဗျာ၏ရည်ရွယ်ချက်နှင့် ရည်ရွယ်ချက်သို့ရောက်အောင် ပို့အောင်ပုံကို အပန်းတကြီးရှာဖွေနေကြသော သူများ ကျွန်တော်နှင့်ကြမ်းသပြေးတည်း။ မထိုင်ပါနှင့်။အပြင်ဘက်တွင် နူပျိုသော နှင်းဆီပန်းရနံ့များကြိုင်လှိုင်စွာကူးခတ်လွှင့်မျောလျှက်ရှိနေသည်။ အခန်းတွင်းက အံဆွဲထဲမှာ ပိုးဟပ်တကောင်၊ပျို့ဟောင်းတစောင်နှင့် ပင်အပ်တထုပ်ရှိသည်။ လူတယောက်သည် ကဗျာဆိုသောအရာကို စားမဖြင့် နူပ်နူပ်စဉ်း၍ ညကဗျာကောင်းသည်ဟု ပြောသည်။

နောက်တယောက်က ကဗျာကို မတို့မသိ အဝေးကကြည့်၍ ကောင်းသည်ဟု ပြော၏။ထိုလူနှစ်ယောက်စလုံးကို ကျွန်တော်က ကားစင်တင်၍ ကွပ်မျက်လိုက်ပြီး။ကဗျာဆိုတည်မှာ မည်သူ့အတွက် ဖြစ်သည်ဟု မည်မျှပင် ပြောကြစေကာမူဥာဏ်တိမ်သူများအတွက် မဟုတ်သည်ကား သောချာ၏။ ညလဘက်ရည်ခွက်ကိုပြန်ယူသွားပါလေ။ ကျွန်တော်အိပ်တော့မယ်
ပန်းပေါင်းတစ်ရာဆီဖျန်းပတ်၍ပြတင်းကို ဖွင့်ထားပါ။ ဟိုးလိမ်ကအရာအားလုံးတွင် ကဗျာရှိသည်ဟု ပြောဖူးသည်။

ဆန်းတော့အဆန်းသား။ လောကကြီးမှာ ဆရာဝန်တွေလည်း ဖျားတတ်နာတတ်ကြတာကိုး။ တနေ့ကဆို နည်းနည်းတော့ကြာပါပြီ။ မသီတာ ဖျားတယ်တော်တော်နဲ့ မပျောက်ဘူး။ အပူရှိန်ကြီးလွန်းလို့ထင်ပါရဲ့ နဖူးကလေးပေါ်ရေသဘက်ကလေးတင်ပေးရတဲ့အထိပါပဲ။ သူ့နဖူးကလေးပေါ်မှာ ရေဆွတ်ထားတဲ့ မွှေးပွလက်ကိုင် ပုဝါလေး အသာအယာတင်ပေးရင်း သူ့မျက်နှာလေးကို
ငေးကြည့်နေမိတယ်သိပ်သနားတာပဲ ကျွန်တော့်ရင်ထဲ အလိုလိုပြည့်ကျပ်ခွန်းသိပ်လာတယ် ငိုချင်သလိုလိုပဲ ဖြစ်နိုင်ရင် လူချင်းလဲပြီ ဝေဒနာခံလိုက်ချင်ပါတယ်။ တကယ်ပါ မသဲမကွဲညည်းညူပြီ ကယောင်ကတမ်းတွေတောင်ပြောလာတယ် မခင်ပျို ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး မျက်လုံးတွေပြာသွားတဲ့အံ့သြမှုမျိုးကြုံဖူးလား။ လျှပစ်စစ်ဓာတ် အလိုက်ခံရသလိုလန့်သွားတာလည်းပါမယ် မခင်ပျို။ မသီတာဟာ ကယောင်ကတမ်းနဲ့ အပူရှိန်ပြင်းပြီးပြောချင်ရာ ပြောနေတဲ့ စကားတွေထဲမှာ ဘာပါဘာတယ်ထင်လဲ။ ကိုကိုတဲ့ မသီတာ
ကျွန်တော့်ကို ကိုကိုလို့ခေါ်တယ် ကိုကိုတဲ့ ကိုကို မခင်ပျိုကိုသိပ်ချစ်သလားတဲ့ ကျွန်တော့် တကိုယ်လုံး အစိတ်စိတ် အမြာမြာကွဲထွက်
လွင့်စင်သွားသလို ခံစားလိုက်ရတယ် သူ့ကိုကိုဟာ မခင်ပျိုဆိုတဲ့အငြိမ့်မင်းသမီးတယောက်ကို ချစ်နေတာ သူသိနေတာကို.....

အချစ်သည် ဤကမာလောကတွင် အကြီးကျယ်ဆုံးသော ဟုတ်ယောင်ထင်မှုဖြစ်ကြောင်း ကျွန်တော့်အား ပြောကြားသော ဒသနိကဗေဒ ပါမောက အိုကြီးသည်ကျောက်ဖြူသား လှေကားထစ်ပေါ်တွင်ထိုင်၍ ငိုက်မျဉ်းနေ၏။ ဘယ်ကစ၍ဘယ်မှာဆုံးသည်လဲ။ အချစ်ဆိုသည်မှာ အစလားအဆုံး။ အစနှင့်အဆုံးဆိုသောစကားနှစ်ရပ်၏ အဓိပါယ်ကို တိတိကျကျ သိလိုလှပါသည်။ တောင်ပင်လယ်
တိမ်စွန်များ မိုးတွေညို့လာပြန်ပါပြီ။ ဒီနေ့မနက် ဘာစားထားသလဲ။ လူအချို့ကိတ်မုန့်စား၏ လူအချို့ ပီတိကိုစား၏ လူအချို့ အာလူးစား၏ လူအချို့ကျော်ကြားမှုကိုစား၏ လူအချို့ မနာလိုဝန်တိမှုကိုစား၏ ဇော်ဇော်အောင်သည်မုသားများကိုစား၏။

ပုပ်အဲ့နံစော်နေသော ခံတွင်းကို ရှဲနယ်နံပါတ်(၅)ရေမွှေးဖြင့် ဆေးကောပလုပ်ကျင်းလိုက်သောအခါ လောကသည် အတွေ့အကြုံရင့်ကျက်စွာ ပြုံး၏။လူတွေအများကြီး သေဆုံးသွားကြပြီး။ သူတော်စင်တွေ၊ အာဇာနည်တွေ၊သူရဲကောင်းတွေ၊ လူယုတ်မာတွေ၊ သစ္စာဖောက်တွေ၊ ဖန်တီးသူတွေ၊ ဖြည့်ဆည်းသူတွေ၊ထည့်ဝင်သယ်ပိုးသူတွေ၊ ဖျက်ဆီးသူတွေ၊ အသရေယုတ်လျော့စေသောသူတွေ၊ညစ်ညမ်းစေသူတွေ လူပေါင်းများစွာ သေကြေလှပြီ။ ဇော်ဇော်အောင်မသေသေး။
မသေသေးသမျှ နေသေးကြဦးပေါ့။ မျောက်အကောင် နှစ်ဆယ်သည်ရှင်သတမကျော်တောလားကြီးကို သံပြိုင်ရွတ်ဆိုနေကြသည် ကျွန်တော် ခွေးတကောင်မွေးရဦးမည်။ နာတာရှာ ကင်စကီကို စပါးကြီးမြေတကောင် ရစ်ပတ်ထား၏ တခါတရံရယ်စရာဟာသများသည် မရယ်ရ။ အရယ်ရဆုံးဟာသသည် ကျွန်တော်၏ အချစ်ဖြစ်သည်ကျွန်တော့်တွင် အချစ်ဖြစ်သည် ကျွန်တော့်ကို အချစ်ဖြစ်သည်
ကျွန်တော့်နှင့်အချစ်ဖြစ်တည် စနေဂြိုလ်၏ တတိယမြောက် ခါးပတ်ထဲမှာကျွန်တော်၏ ဒိုင်ယာရီ စာအုပ်ကို သိမ်းထားသည်။ အ၀ါရောင်တိုက်တလုံးကစောင့်နေပါ။ ကျွန်တော့်ကိုလိုက်၍ တုပနေသော သူများသည် ကျွန်တော်ဒနောက်ကသာဖြစ်သည် အမှန်စင်စစ် ဘယ်သူမှ ဘာမှမဟုတ်ပါ။(ဂျိမ်းဂျွိုက်စ်ဒယူလီဆီ၊ ၁၉၆၁ စာမျက်နှာ ၁၆၄) အမုန်း အချစ် အမည်ပညတ်များသာဖြစ်၏။ (စာမျက်နှာ ၂၈၅) အချစ်သည် အချစ်ကို ချစ်ရန်ချစ်၏။(စာမျက်နှာ -၃၃၃)၀ါကြွားဟန်ရေးပြလိုက်ခြစ်းသည် သရက်မျိုးကောင်း
မှည့်မှည့် တလုံးထက်ချိုမြိန်၏။ ဂျက်ကေရိုဗက်၏ ၀တုကိုဖတ်ဖူးပါသလား။ဗာနေကျလာနယ်ရေးတစ်နှင့်စထရီးအော့ ကွန်စီးရှပ်စ်နက် ကွဲကွဲပြားပြား ခွဲခွဲခြားခြားသိရဲ့လား။ ကျွန်တော်သည် အများသူငါ၏မုန်းတီးအမြင်ကပ်ခံရခြင်းကို ဈေးကြီးလေ၍ ၀ယ်ထားရပါသည်။

မခင်ပျိုရယ် ယုဇန မခင်ပျိုရယ် ကျွန်တော်ချစ်တယ်လို့ ထင်ထားတဲ့အငြိမ့်မင်းသမီး ယုဇန မခင်ပျိုရယ်။ သတိရလိုက်တာ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။ မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။မခင်ပျိုရယ်။မသီတာ။ မခင်ပျိုရယ်။ မခင်ပျိုရယ်။ မသီတာ၊ မသီတာ၊ မသီတာ၊မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ၊ မသီတာ ခဏလေးနော် မသီတာ။

ချစ်စဖွယ် နူထွေးအိသော အပျိုမကလေးကို ပွေ့ချီ၍ ကျွန်တော်ချောင်းကိုဖြတ်ခဲ့သည်။ ချောက်တဘက်တွင် သူ့ကိုထားခဲ့သော်လည်းကျွန်တော်နေသော နေရာအထိ လိုက်ပါလာသည်။ ထိုအခါ ချောင်းရေသည် စီးသွားပြီ။အနူပညာလား အတတ်ပညာလား။ လူတချို့တောင် ပိနဲပင်အောက်တွင် အိမ်သလုံးဆောက်ရာတိုင်မထူပဲ အမိုးမိုးနေကြသည်။ ကိုယ့်အလုပ်ကိုယ် ရိုးရိုးသားသားကြိုးကြိုးစားစား လုပ်ရုံနှင့်မပြီးသေး။ ကိုယ့်အလုပ်ကိုယ် သိကြဖို့လည်းလိုသေးကြောင်း ကျွန်တော် ပြောကြားခဲ့ခြင်းကို မှတ်သားဖို့မလိုပါ။ဥာဏ်ပညာဖြစ်စေတတ်သော ကိတ်မုန့်တလုံးဖုတ်၍ ကျွေးချင်စမ်းလှသည်။ကျွေးစမ်းချင်လှသည်။ အတင်းအဖျင်းပြောတတ်သူ တယောက်သည် ရွှေရောင်အကျီကိုဝတ်၍ လာနေပြီ။ ညံ့ဖျင်းစွာ ဖျော်ထားသော ကော်ဖီတခွက်ဟူသော
စကားရပ်သည် မြန်မာ မဆန်ပါ။ သိသမျှပြောတတ်သူရှိသော်လည်းပြောသမျှသိသူတွေလည်း လိုသေး၏။ လှုပ်ယမ်းနေသော သရက်ပင် ကိုင်းဖျားကိုခွေးဟောင်နေသည်။ လွယ်အိတ်ထဲက ပညာများသည် ကျိုးလဲ့တွန့်ကျေလျက် ရှိသည်။အစီအစဉ်ကျနမှုဟူသော စကားရပ်၏ အဓိပါယ်ကိုလည်း ကျွန်တော်နားမလည်ပါ။အစီအစဉ်ဆိုသည်မှာ ရှိနှင့်ပြီးသောအရာလာ၊ သဘောလား။ နောက်မှရှိလာတာလား။တခါရှိလိုက်တာနဲ့ နောင်အမြဲတည်နေတာလား။ ဇော်ဇော်အောင်သည် ကာလနှစ်ပါးလုံးတွင် အစီအစဉ် မရှိသူဖြစ်သည်။ အနာဂတ်ကာလအတွက် အစီအစဉ်ကြိုတင်ပြောရဲသော အာဂလူမိုက်များ ရှိပါသေးသလား။ ဆယ်နှစ်နာရီ
သံချောင်းခေါက်သံကြားရသည်။ နေ့သစ်သို့ ကူးပြီ။ ထိုနေ့သစ်တွင်ကျွန်တော်နေမည်။ မည်မျှကြာကြာနေရမည်ကို ပြေပြထားရန်
ကျွန်တော်ငြင်းဆန်ရလိမ့်မည်။

ဆောင်းဦးတခါ ရောက်ပြန်ပြီ လေထဲမှာ လွင့်မျောလာတဲ့ပတ်မသံ။ စခွံသံ၊သံပတလားသံ၊ ကြေးနောင်းသံတွေဟာ နှင်းရည်စက်တွေ ခိုတွဲလို့ ရင်ထဲကိုဝင်လာတယ်။ ဖြူဖွေးတဲ့ မီးရောင်အောက်မှာ ထဘီနားဖြူဖြူကြီးဝဲလို့ပျံလို့။အကျီမှာ ဘော်ကြယ်တွေ သက်တန့်ရောင်တလက်လက်နဲ့၊ ပုဏားကွယ်၊ ကတီပါအစိမ်းစမှာ ညိုမှောင်တဲ့ လှိုင်းရိပ်တွေ ထနေတယ်။ ပွဲခင်ဘေး အကြော်ဖို
ဆီဒယ်အုံးထဲက အနံသင်းသင်းလေး ဆီနံ့သင်းသင်းလေး၊ အေးမြနှင်းရည်နဲ့စိုစွတ်တဲ့ မီးခိုးပြာပြာတွေ ဇာတ်စင်အထက်က မီးရောင်ထဲမှာ ပျံတတ်နေတယ်။ကဗျာတွေ အလှအပတွေ ရုံးတွင်းချဉ်ဆီထဲ ၀င်နေကြတယ်။ ကပါ၊ ဆိုပါ။ကတယ်ဆိုတယ်ဆိုတာ အနူပညာရှင်တွေရဲ့အလုပ်ပါ ကကြပါ ဆိုကြပါအဲဒါတွေအားလုံးကို ဧရာဝတီမြစ်ထဲမှာ ထည့်သိမ်းထားလိုက်မယ် ဘယ်တိုင်းပြည်
ဘယ်လူမျိုးကမှ ဘာမှ လုပ်ကိုင်လို့မရပါဘူး။ ဘယ်သူလာလို့မှဖျက်ဆီးလို့မရပါဘူး ဘယ်သူလာလို့မှ ပြောင်းလဲပစ်လို့မရပါဘူး မခင်ပျို။ကဗျာများ၊ အလှအပများနှင့် မခင်ပျို ဧရာဝတီမြစ်ထဲမှာရှိသည်။

အငြိမ့်မင်းသမီး ယုဇန မခင်ပျို၊ ဆရာဝန် ဒေါက်တာ မသီတာနှင့်ဘာမှအသုံးမကျသော ဇော်ဇော်အောင်တို့ သုံးယောက် ကွယ်လွန်သွားကြသောအခါသူတို့ သုံးယောက် အသက်ရှင်၍ ကျန်ရစ်ခဲ့လေသည်။

ဇော်ဇော်အောင်
ယုဇနမခင်ပျို
မိုးပိတောက် စကားပြေ ဝတ္ထုတိုစု

Tuesday, January 26, 2016

ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏

ခမ်းနားကြီးကျယ်သောအချစ် အင်းလျားဆောင်မှာနေ၏ ||
-----------------------------------------------------------
 ဇော်ဇော်အောင်
--------------------
အစကတည်းက စဉ်းစားခဲ့ကြဖို့ကောင်းသည်။သည်လိုတမ်းသာဆိုရင်ဖြင့် ဘယ်သူမှ ဘာမှ ဖြစ်စရာအကြောင်း မရှိပါ။ အေးစက်သော
မြောက်ပြန်လေများသည် တံခါးကို စောစောကပင် ပိတ်ထားပါက အခန်းတွင်းသို့ ဝင်လာစရာအကြောင်းမရှိ။ တံခါးကို ပိတ်သာထားပါ မကြည်ပြာ။မနေ့ကနှင့်သည်နေ့ လေတွေတိုက်ခတ်၏။ထိုလေများ အေးစက်နေ၏။ လေထဲမှာ ဝဲကတော့ပတ်ချာလည်၍ စကားလုံးများ ခုန်ပေါက်မျောလွင့်
နေကြ၏ ။ အတ္တစွဲကြီးသူများသည် သူတို့တီထွင်သည်ဆိုသော စကားလုံးများတွင် မှတ်ပုံတင်သောတံဆိပ်စာရွက်များ ချိတ်ဆွဲထားကြ၏။လေထဲမှာ လွင့်မျောရင်း စကားလုံးများအချင်းချင်း
တိုးဝှေ့ တိုက်ခတ်မိကြသည်။ငါ ဟူသော တံဆိပ်စာရွက်များ စုတ်ပြဲပြုတ်ထွက် ကုန်သောအခါကျိုးကြေနေသော စကားလုံး အပဲ့အရွဲ့များကျန်ရစ်သည်။ ဘာသာစကားကိုအများပိုင်သည်။မကြည်ပြာဟူသောစာသုံးလုံးကို
 ဇော်ဇော်အောင်ပိုင်ကြောင်း သက်သေပြရန် လိုအပ်ပါက
မိုးရွာသောနေ့တစ်နေ့ ၊ ပိတောက်ပင်တစ်ပင် ၊သုံးဆယ့်တစ်လမ်းထဲက တိုက်ခန်းတစ်ခန်း ၊ပျက်ပြယ်သွားသော ကတိစကား၊ အင်းလျား
ကန်ဘောင်မှ လှေကားထစ် သုံးဆယ့်ခြောက်ထစ်၊
ကဗျာအပုဒ်လေးဆယ်၊ တောင်ပင်လယ်
ဟိုဘက်စွန်းမှ သဲ့သဲ့ကြားရသော မိုးခြိမ်းသံ၊
လပြည့်ညတစ်ည ၊ စိုးပိုင်၏ သီချင်းတစ်ပုဒ်ထဲမှ
စာသားအချို့အဝက် ၊ ဥသြငှက်၏ နီရဲသော
အာခေါင် ၊ ကိုင်းကျိုးနေသော လက်ဖက်ရည်
ပန်းကန်လုံးတစ်ခုနှင့် မြူနှင်းရောင်အိပ်မက်တို့ကို
တင်ပြသက်သေ ထူနိုင်လိမ့်မည်ဟု..ယုံကြည်
ပါသော်လည်း ပိုင်ဆိုင်ခြင်း၏ သဘောသကန်
အတွင်းသရုပ်ကို ကျေနပ်လောက်အောင်
နားမလည်သေးသော ဇော်ဇော်အောင်အတွက်
ထိုကိစ္စကို နားမလည်နိုင်စွာ မေ့လျော့ပစ်ရန်သာ
ရှိပါသည်။ အချစ်ဆိုသည်မှာ ပိုင်ဆိုင်ခြင်းမဟုတ်
သည်မှာ သေချာသလောက်ရှိ၍ မကြည်ပြာဟူသော
ထိုနာမည် စာလုံးသုံးလုံးကို ကျွန်တော် မပိုင်ဆိုင်
ပါသော်လည်း ပိုင်ဆိုင်ထားချင်ပါသည် ။
နာမည်မျှသာ ပိုင်လိုပါသည် ။

။ ။ ။ ။ ။

တံခါးကို ပိတ်ထားပါ မောင့်မကြည်ပြာ ။
မဖြစ်နိုင်သော အရာများကို မစူးစမ်း မဆင်မခြင်
စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့သည်မှာ နှစ်အစိတ်
ကျော်ခဲ့ပါပြီ ။ ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး
ဆိုသော်လည်း တခါတရံ လုပ်လိုက်တိုင်း
အလွဲလွဲအမှားမှား ဖြစ်တတ်ပါသည် ။ မှားခဲ့တာ
အနှစ်အစိတ်ရှိပြီ ။ တစ်ဆစ်ချိုး လှေကားထစ်မှာ
တွေ့ကတည်းက ၊ ရုံးခန်းရှေ့မှာ တွေ့ကတည်းက၊
မကြည်ပြာကို စတွေ့ကတည်းက ကျွန်တော်တို့
နှစ်ယောက် အချစ်သည် လွဲမှားခဲ့ကြသည် ။
ကမ္ဘာပေါ်မှာ မှန်သောကိစ္စများကသပ်သပ်
မှားသောကိစ္စများက သပ်သပ်၊ သီးခြားခွဲ၍
တစ်စုံတစ်ယောက်က နေသားတကျဖြစ်အောင်
လုပ်ခဲ့ရင် သိပ်ကောင်းပေလိမ့်မည်။
မကြည်ပြာနှင့် ကျွန်တော် အမှားတွေသပ်သပ်ခွဲ၍
စုပုံထားသောနေရာသို့ သွားဖြစ်ကြမည် မဟုတ်ဟု
ထင်ရသည်။ အခုတော့ ကမ္ဘာပေါ်မှာ အမှားနှင့်
အမှန် ရောထွေးစုပုံထားသောကြောင့် အချစ်ကြီး
ချစ်မိသူအဖို့ အမှားကိုရွေးချယ်မိခြင်း မဆန်းလှပါ။
ချစ်တယ်ဆိုတာ အမှားတစ်မျိုးပါပဲ။ တွေးခေါ်
ပညာရှင်တချို့နှင့် စိတ်မနှံ့သူတချို့ နေရာတစ်
နေရာ ပွိုင့်တစ်ပွိုင့်မှာ လာဆုံသည် ။ မယုံမရှိနှင့်။
ပညာရှင်သည် ထိုနေရာ ထိုပွိုင့်သို့ အတွေးနှင့်
လာ၏ ။စိတ်မနှံ့သူက ဘဝနှင့် လာ၏ ။ ထိုနေရာ
ကား လူ့ဘဝသည် အစကတည်းက မှားခဲ့သည်
ဟူသော ဒဿနဖြစ်၏ ။ ပညာရှင်ကလည်း
အတွေးအခေါ်အားဖြင့် မှားသည်။ စိတ်မနှံ့သူက
လည်း သူဖြစ်တည်နေမှုအားဖြင့် မှားသည် ။
ထိုသို့ အဆိုရှိ၏ ။ မှားနေသလား မောင့်မကြည်ပြာ။
ငိုနေသောကလေးကို နို့ချိုကျွေးခြင်းသည် မမှားပါ။
ထမင်းမစားရသေးသောသူကို ထမင်းဝယ်ပေးခြင်း
သည် မမှားပါ။ အနုပညာသစ်ပင်ကို ဝေစည်ဖွံ့ဖြိုး
အောင် ရေလောင်းပေါင်းသင် ပေးခြင်းသည်
မမှားပါ ။ ခုတ်တော့အံ့ဟု တစ်ဝက်တိတိ ဆွဲနုတ်
မိသောဓားကို ဓားအိမ်တွင်းသို့ ပြန်သွင်းခြင်းသည်
မမှားပါ ။ သန့်စင်လွတ်လပ်သောလေကို အဆုတ်
တွင်းသို့ အားပါးတရ ရှုသွင်းခြင်းသည် မမှားပါ ။
လမ်းပေါ်က အမှိုက်စကို လက်ဖြင့်ကောက်ယူ
ဖယ်ရှားပစ်ခြင်းသည် မမှားပါ ။ သီချင်းတေးသွား
တစ်ပိုဒ်ကို ကိုယ်ရသလောက် ညည်းနေခြင်းသည်
မပီမသဖြစ်စေကာမူ မမှားပါ ။ ဗြဟ္မစိုရ်တရား
လေးပါးသည် မမှားပါ ။ အသေအချာ ပြောလိုက်
ပါမည်။ မေတ္တာတရားသည် ဘယ်အခါမှ မမှားပါ။
သိပ်ချစ်တယ် မကြည်ပြာ ။ အချစ်ဆိုတာ
ဘယ်အခါမှလည်း မမှား၊ ဘယ်အခါမှလည်းမမှန်။
အချစ်ဆိုသည်မှာ အမှန်မဟုတ်သော်လည်း
အမှားလည်းမဟုတ် ။ အချစ်သည် ဘာမှမရှိသော
ဗလာနယ်ထဲမှာ ခမ်းနားကြီးကျယ်စွာ တောက်ပ
ကွန့်မြူးနေ၏ ။ တံခါးပိတ်ပါ မကြည်ပြာ ။
ကျွန်တော် ဟို အဝေးရပ်က သစ်ပင်အောက်မှာ
ရှိနေမည် ။

။ ။ ။ ။ ။

ဘဝဆိုသည်မှာ သွားရောဂါ ဆရာဝန်ထံ သွားခြင်း
တမျိုးဖြစ်သည်ဟု ဆိုမိန့်ခဲ့သော ပညာရှင်
တစ်ယောက်တလေမှ မပေါ်ပေါက်ခဲ့ဘူးလား ။
ရင်ထဲက နာကျင်နေသော အချစ် ကြည်ပြာကို
သွားဆရာဝန်သုံးသော ညပ်ဖြင့် ဆွဲနုတ်၍ လွှင့်ပစ်
လိုက်ချင်ပါသည် ။ ထိုအခါ ကျွန်တော့်ကို
မေ့ဆေးပေးရန် သတိရပါ ။ အဘယ့်ကြောင့်
ဆိုသော် ကျွန်တော့်ရင်ထဲက မကြည်ပြာကို
ညှပ်ဖြင့် ဆွဲနုတ်လိုက်ပြီးသည့်နောက် ကျွန်တော့်
ရင်ထဲမှာ မကြည်ပြာ ရှိနေသေးကြောင်း ယုံကြည်
နေချင်သေးသောကြောင့် ဖြစ်ပါသည် ။
လူဆိုသည်မှာ မဟုတ်မှန်းသိလျက်နဲ့ ယုံတတ်သော
ဟုတ်သည်ထင်သော သတ္တဝါ ဖြစ်၏ ။သို့မဟုတ်
မှန်းသိလျက်နှင့် ကြောက်ရွံ့သောကြောင့်
ဟုတ်သည်ဟုထင်နေသော သတ္တဝါဖြစ်၏ ။
သို့မဟုတ် ဟုတ်သည်ဟု ပြောနေသော သတ္တဝါ
ဖြစ်၏ ။ကျွန်တော့်ရင်ထဲမှာ မကြည်ပြာ မရှိတော့ပါ။
ကျွန်တော့်ရင်ထဲမှာ မကြည်ပြာ ရှိနေပါသေးသည်။
အသေအချာ မှာပါလျက်နဲ့ အမိုက်မသည် တံခါးကို
အသေအချာ လုံခြုံစွာမပိတ်။ အေးစက်သော
မြောက်ပြန်လေသည် ရွှေရောင်အနံ့နှင့် နှင်းဆီ
ဝတ်ဆံတို့ကို သယ်ဆောင်တိုက်ခတ်လာပြန်ပြီ။
ကြာဖြူပန်းသည် လရောင်ထဲမှာ ပွင့်လန်းလာ၏။
အဝေးဆီမှ ဆွေးဆွေးမြည့်မြည့် သီဆိုနေသော
မောင့်လပြည့်ဝန်း သီချင်းသံ ကြားနေရသည် ။
အမွေးအတောင် အရောင်အသွေးစိုသော
ဖီးနစ်ငှက် လေကို ခွဲ၍ ပျံသန်းလာ၏ ။ မြက်ခင်း
လယ်က ပင်လယ်ကဗွီးပင်ရင်းမှာ ညှိုးရော်နေသော
နှင်းဆီပန်းအိုးတစ်အိုး ရှိ၏ ။ ပန်းအိုးကညှိုးသည်လား
နှင်းဆီပန်းက ညှိုးသည်လား၊ တတ်ယောင်ကား
လာမစွနှင့် ။ သဒ္ဒါဆိုသည်မှာ အချစ်နှင့်မဆိုင်
သဒ္ဒါဆိုသည်မှာ မကြည်ပြာနှင့်မဆိုင်။
မောင့်မကြည်ပြာသည် ဘာသာစကားထဲမှာရှိသော
အသံအားလုံး၊ အဓိပ္ပာယ်အားလုံး၊ပုံသဏ္ဍာန်
အားလုံးဖြစ်သည်ကို မည်သူငြင်းဆိုမည်လဲ ။
မကြည်ပြာသည် ကတ္တားဖြစ်၏ ။ မကြည်ပြာသည်
ကြိယာဖြစ်၏ ။ မကြည်ပြာသည် ပစ္စည်းဖြစ်၏ ။
မကြည်ပြာသည် ဝိဘတ်ဖြစ်၏ ။ မကြည်ပြာသည်
ဝါစင်္ဂအားလုံး ဖြစ်၏ ။ မကြည်ပြာသည် ရုပ်ရင်း
အားလုံး၊သံရင်းအားလုံး ဖြစ်၏ ။ စွာတာတာ
လျှာမရှည်နှင့် ။ မကြည်ပြာသည် သဒ္ဒါနှင့်မဆိုင် ။
အဘယ့်ကြောင့်ဆိုသော် မကြည်ပြာသည်
ဇော်ဇော်အောင်၏ ဘဝသဒ္ဒါ၊အချစ်သဒ္ဒါ ဖြစ်သော
ကြောင့် ဖြစ်သတည်းဟု ဆိုရမည် ဖြစ်၏ ။
တံခါးပိတ်ပါ။ အဝေးသို့ ထွက်သွားပါမည် ။
အဝေးမှာပင် ရှိနေပါမည် ။ ရင်ထဲမှာ မရှိပါ ။
ရင်ထဲမှာ ဘာရှိသလဲ။ ရင်ထဲမှာ ရှိနေဆဲပါ ။
ရင်ထဲမှာ ဘာမှမရှိ။ မနေ့က နှင်းကျသည် ။
ဖြူနှင်းငွေ့များ ပြာနေ၏ ။ ရင်ထဲမှာ ဘာရှိသလဲ ။
သိပြီးသားအကြောင်းအရာကို ထပ်ကာထပ်ကာ
မမေးနှင့် ။ လောကထဲမှာ မေးခွန်းတွေများသည်။
အဖြေတွေ ကျေနပ်လောက်အောင် မရသေး ။
ဘာမှမဖြစ်ဘဲနှင့် လုပ်မနေနှင့် ။ ဘာတွေ လာ
ပြောပြော မယုံ ။ အချစ်ဆိုသည်မှာ ဘယ်အခါမှ
မသေ ။ အကွာအဝေး သဘောတရားကြောင့်
အချစ်သည် ပို၍ ခမ်းနားကြီးကျယ်လာ၏ ။
ဘာယူလာသလဲ ၊ဘာပေးမှာလဲ။ ရင်ထဲက
မကြည်ပြာကို ကဗျာအပုဒ်လေးဆယ် ပေးလိုက်
မည် ။ အဝေးကသာ မကြည်ပြာ ။သည်လိုနှင့်ပင်
အိပ်မက်တို့သည် တစ်စစီ တစ်မှုန်စီပြိုကွဲ
ပျံ့လွင့်၍ အမြင့်ဆုံးတောင်၊အနက်ဆုံးပင်လယ်
ကြမ်းပြင် ၊မိုးသက်လေ၊မုတ်သုန်လေ၊မြောက်ပြန်လေ
တန်ခူးလေ၊အားလုံးသော လေတွေထဲမှာ
ဝေ့ဝိုက်လွင့်ပျံ မျောပါလျက် အရပ်လေးမျက်နှာမှ
အရပ်ရှစ်မျက်နှာမှ၊အရပ်ဆယ်မျက်နှာမှ ဖြူဆွတ်
နူးညံ့သော စကားလုံးများနှင့်အတူ လေးလံ
ကြီးမားသော ပိုက်ကွန်တစ်ခု ပစ်အုပ်လိုက်သည့်
ပမာ ဘဝတစ်ခုအပေါ်သို့ ဝဲပျံကျဆင်းလာသော
အခါ ငြင်းပယ်ရန်၊ရုန်းဖယ်ရန် မေ့လျော့သော
သတိ ၊မှားယွင်းသော အသိတို့ ရှိနေသည်
ဖြစ်သောကြောင့် သူ့အလိုလို ပြာလွင်နေသော
ကောင်းကင်ထက်မှာ ပန်းဆိုင်းဆွဲသကဲ့သို့
တွဲလဲခိုချိတ်နေသည့် ကြေးနီရောင် လှောင်အိမ်
ထဲတွင် အသည်းနှလုံးကို ထည့်သွင်း၍
လှောင်အိမ်တံခါးကို ပိတ်ထားလိုက်သည့်အကြောင်း
မကြည်ပြာ သိသာစေရန် ဘယ်သူမှ စာရေး
အကြောင်းမကြားကြပါနှင့်။ ရင်ထဲမှာ မကြည်ပြာ။
ရင်ထဲမှာ ဘာရှိသလဲ။ရင်ထဲမှာ ဘာမှမရှိပါ ။
ရင်ထဲမှာ ရှိနေဆဲပါ။ ရင်ထဲမှာ ဘာမှမရှိ ။
အချစ်ဆိုသည်မှာ အရာအားလုံး ရှိနေခြင်းလား။
ကျွန်တော့မှာ မကြည်ပြာ၏ အပြုံးရှိ၏ ။
အလိုမကျသော မျက်စောင်းမရှိ။ မကြည်ပြာ၏
အုံ့ဆိုင်းသော ဒေါသ ရှိ၏ ။မကြည်ပြာ၏ တိကျ
သော စည်းကမ်းချက်များ ရှိ၏ ။ မကြည်ပြာ၏
သပ်ရပ်မှု ရှိ၏ ။ မကြည်ပြာ၏ နီရဲစိုစွတ်သော
နှုတ်ခမ်းများ ရှိ၏ ။ လှပသော ခြေထောက်ဖြူဖြူ
လေးတစ်စုံ ရှိ၏။ မကြည်ပြာ၏ ခေါင်းမာခြင်းနှင့်
စိတ်ဆတ်ခြင်း ရှိ၏ ။ ကြင်နာသနားတတ်ခြင်း
ရှိ၏ ။ ရှက်ရွံ့ အားနာတတ်ခြင်းရှိ၏ ။မကြည်ပြာ၏
အလုံးစုံ ရှိ၏ ။ အမှန်စင်စစ် ဘာမှမရှိ ။
မကြည်ပြာ မရှိ ။ အချစ်သာ ရှိ၏ ။ အချစ်သည်
ဟို အဝေးက သစ်ပင်အောက်မှာ ၊ရင်ထဲမှာ
ဗလာနယ်၊ ညမရှိ။လ မရှိ ။ နေ မရှိ ။ဒေါနပန်းမရှိ။
ရေချိုစမ်း မရှိ။ အမုန်း မရှိ ။ အချစ် မရှိ ။ အချစ်
ရှိ၏ ။ မကြည်ပြာ ရှိ၏ ။ ဇော်ဇော်အောင် ဆိုသူ
မရှိပါ ။ နှစ်ပေါင်းအစိတ် ကြာပါပြီ ။
* * *
စိမ်းညို့သော ရေမှော်ပြင်သည် အင်းလျားကန်ကို
ဖုံးကွယ်ထား၏ ။သစ်တိုပင်မှ နီရဲသော သစ်ရွက်
တစ်ရွက် ဝဲလွင့်ပျံကျသွားသည်။ကန်ရေထက်က
ရေမှော်ပြင်နှင့် သစ်ရွက်ထိတွေ့သောအခါ
ကျယ်လောင်စွာသော အသံကို ဖြစ်စေ၏ ။
တဖြည်းဖြည်းနှင့် သစ်တိုရွက်သည် မှော်သား
ပြင်ကို ဖောက်ကာ ရေအောက်သို့ နစ်မြုပ်သွား
သည် ။ ထိုအခါ လောကသည် ငြိမ်သက်၍
ကျန်ရစ်၏ ။ထာဝရတရားနှင့် ခဏတရားဆိုသော
စကားနှစ်လုံးကို ဆရာမင်းသုဝဏ် သုံးခဲ့ဖူးကြောင်း
အမှတ်ရနေ၏ ။အင်းလျားကန်က ထာဝရ ။
ရေမှော်ပြင်က တစ်ခဏ။ဇော်ဇော်အောင်သည်
သစ်ရွက် ဟုတ်ပါသလား။ စဉ်းစားကြည့်ပါ
မကြည်ပြာ ။ ဘယ်သူတွေက ထာဝရ။ ဘယ်သူ
တွေက တစ်ခဏ ။ အလောင်းစည်သူမင်းကြီး
လက်ညှိုးညွှန်ရာ ရေဖြစ်သည်ဟု ကြားဖူး၏ ။
မကြည်ပြာ လက်ညှိုးညွှန်ရာ အချစ်ဖြစ်၏ ။
စေတန်မာရ်နတ် လက်ညှိုးညွှန်ရာ ဘာဖြစ်သလဲ
စဉ်းစားစမ်းပါ ။ ဖြူဖွေးလှပသော လက်ညှိုးကလေး
တစ်ချောင်း ။ဇော်ဇော်အောင်၏ ရင်ထဲမှာ
မဲညစ်သော ကျောက်တုံးတစ်တုံး ။ကျောက်တုံး
ပေါ်မှာ လက်ညှိုးဖြူဖြူကလေး။ ကြီးမြင့်စောထံ
ပန်းချီကားတစ်ချပ် အပ်နှံ ရေးဆွဲစေ၍ 'သရဒ
အချစ်' ဟု အမည်ပေးကာ မကြည်ပြာကို မွေးနေ့
လက်ဆောင်ပေးမည် ။ လက်ညှိုးဆိုသည်မှာ
ညွှန်ပြစရာ ကိရိယာတမျိုးဖြစ်၏ ။အမှားကို ညွှန်
မည်လား အမှန်ကိုညွှန်မည်လား၊ အမှားကို ညွှန်
နေသလား အမှန်ကို ညွှန်နေသလား ။ အမှား
သည် တစ်ခဏ တရား။ အမှန်သည် ထာဝရတရား။
ဘယ်လမ်းရွေးမလဲ မကြည်ပြာ ။ ခေါင်းမာ မနေ
ပါနှင့်။ မကြည်ပြာ လက်ညှိုးညွှန်ရာ အချစ်တွေ
ဖြစ်ပါသည် ။
အစကတည်းက မစခဲ့ဖို့ ကောင်းပါသည်။
အခုမှတော့ အနှစ်အစိတ် ကြာခဲ့ပါပြီ ။ဘယ်သူမှ
စိတ်ချမ်းသာမှု မရခဲ့ပါ။ ရယ်သံမောသံ လွင်ညံ
ဝေစည်နေ၍လည်း ပျော်သည် မထင်ပါနှင့်။
ဤလောကတွင် အကျယ်လောင်ဆုံး အသံသည်
ဘာမှမပြောဘဲ တိတ်ဆိတ်နေခြင်းဖြစ်၏ဟု
တစ်စုံတစ်ယောက်က ပြောဖူးပါသည် ။
ဇော်ဇော်အောင်၏ တိတ်ဆိတ်သော အနက်ရောင်
ကျောက်တုံးသည် မကြည်ပြာ လက်ညှိုးညွှန်ရာ
ဖြစ်သွားသော အချစ်များကို တိတ်ဆိတ်စွာ
ကန့်ကွက်နေ၏ ။ အသံထွက်၍ ကန့်ကွက်ရဲသော
သတ္တိ မရှိပါ။ နာကျင်မှုများ အဆုံးစွန် ပြင်းထန်သော
အခါ သာယာမှုတမျိုး ဖြစ်လာသည်။ နာကျင်မှု
ထဲမှာ အနေကြာ၍ သာယာသလို ဖြစ်နေပြီ။
လက်ဖက်ရည် ချိုပေါ့ကျတစ်ခွက် မှန်မှန်သောက်
ရဖို့ အရေးသည် ကမ္ဘာ့ရေနံဈေးနှုန်း ညှိမရခြင်း
ထက် ပို၍ အရေးကြီး နေပါသည် ။ရွှေရောင်ကိုင်း
နှင့် မျက်မှန်နောက်မှ စူးရှသော်လည်း ရှင်သန်မှု
နည်းပါးသော မျက်လုံးနက်နက်များကို ခိုး၍
ကြည့်ရခြင်းသည် ကြယ်တာရာစစ်ပွဲ အစီအစဉ်ထက်
ပို၍ အရေးကြီးနေပါသည်။ ဘယ်သူမှ ထာဝရ
မဟုတ်သည်ကို သတိရဖို့တော့ ကောင်း၏ ။
လက်ချောင်းကလေးများ အမှတ်မထင် ထိတွေ့
လိုက်သောအခါ ဖြစ်ပေါ်ပေါက်ကွဲသွားသော
တစ်ခဏ တရားသည် အမှန်အားဖြင့် တစ်ခဏ
တရားသာ ဖြစ်ပါသည်။ အလုပ်တစ်ခုကို မဖြစ်မှန်း
သိလျက်နဲ့ ယုံကြည်ဟန်ဆောင်ကာ လုပ်နေ
ကြသော လူတွေထဲမှာ အချစ်တစ်ခုကို မချစ်မှန်း
သိလျက်နဲ့ ချစ်ဟန်ဆောင်ကာ ချစ်နေသောသူသည်
အမိုက်မဲဆုံးဖြစ်၏ ။ ဇော်ဇော်အောင်၏ ဘဝ
တစ်ခဏပေါ်တွင် အပ်ဖျားရာမျှရှိသော မိုက်မဲမှုများ
ပြည့်သိပ် မွန်းကျပ်နေ၏ ။

။ ။ ။ ။ ။

ကောင်းကင်ထက်မှ နားကွဲမတတ် ကြီးမား
ကျယ်လောင်သော အသံသည် ခြိမ်းခြိမ်းမည်၍
ဆင်းသက်လာကာ မြေပက်ကြားအက်အတွင်း
သက်ဆင်းပျောက်ကွယ်သွား၏ ။အချစ်၏ ခမ်းနား
သောအသံ ကြီးမားသောအသံသည် ကဗျာဖြစ်၍
သွား၏ ။ထိုကဗျာကို ထမင်းစား စားပွဲခင်းသော
စားပွဲခင်းအဝတ်စုတ်ဖြင့် သေသပ်စွာထုပ်၍
ပန်းဖူးထဲမှာ ထည့်ထားခဲ့ပြီ မကြည်ပြာ ။
ဟိုလူတစ်ယောက် ယောင်ချာချာ လာမလုပ်နှင့်။
မြောင်းပုပ်ထဲက သဘောတရားကို ပလက်ဖောင်း
ဘေးက မြောင်းဘောင်ပေါ်မှာ ထားခဲ့။ဝေးဝေးသွား။
ရာစုနှစ် တဝက်ကျော်ခဲ့သည်အထိ အောင်မြင်မှု
မရှိခဲ့သော သဘောတရား အပုပ်အစပ်များဖြင့်
အနုပညာပန်းပွင့်ကို မစွန်းထင်း မညစ်ညမ်းစေသင့်။
ကဗျာနှင့်စကားပြေ ကြားမှာ ပါးလျားသိမ်မွေ့စွာ
ပိုင်းခြားသော ပိုးသားဇာလွှာ ကန့်လန့်ကာကို
ကြမ်းတမ်းညှီစို့သော သားသတ်သမားလက်ဖြင့်
ဖမ်းဆီးဆုပ်ကိုင်၍ မရစကောင်း။ အနုပညာသည်
အရာအားလုံး၏ အထက်က လေပမာလျှင်
အာကာခွင်၌ သူလျှင်လွတ်လပ် လှည့်လည်ပတ်အံ့။
ဝရံတာပေါ်က ပန်းအိုးထဲတွင် ထွက်ပြူလာစ
အနုပညာ ပန်းဖူးထဲမှာ ကဗျာကို ထည့်ထားခဲ့၏။
အရှေ့လောကဓာတ်မှ ထွက်ပေါ်လာမည့် နေရောင်ြ
ခည်ထဲမှာ ကဗျာတွေ ပါလာလိမ့်မည်။အခုတော့
ချစ်နေမိခြင်း အမှောင်ထုထဲမှာ အချစ်ပန်းဖူး
မကြည်ပြာကို ကဗျာထဲမှာ ပန်းဖူးထဲမှာ။
မကြည်ပြာကို မကြည်ပြာထံမှာ။ အချစ်များစွာကို
အမှောင်တိုက်ထဲမှာ။နေရောင်ခြည်ကို မကြည်ပြာကို
အမှောင်ထဲမှာ.....ကျွန်တော် ထားခဲ့ပါဦးမည် ။
အရှေ့အရပ်မှ နေရောင်ခြည် ဖူးပွင့်လာသောအခါ
ကျွန်တော်၏ ဘဝသဒ္ဒါဖြစ်သော။ကျွန်တော်၏
အချစ်သဒ္ဒါဖြစ်သော ကျွန်တော်၏ ကဗျာဖြစ်သော
ကျွန်တော်၏ စကားပြေဖြစ်သော။ ကျွန်တော်၏
အနုပညာဖြစ်သော မကြည်ပြာ၏ အကြောင်းကို
စာပိုဒ်တစ်သောင်းဖြင့် စကားပြေကဗျာရေး၍
ဒေါနပန်းခင်း ပြတ်သွင်းတိုက်ခတ်သွားသော
လေပြည် လေညင်းနှင့်အတူ ပေးပို့လိုက်ပါမည်။
စောင့်လို့ ယူပါ မကြည်ပြာ ။

။ ။ ။ ။ ။

ခမ်းနားကြီးကျယ်သော အချစ်သည် အင်းလျား
ကန်နားမှာနေ၏ ။အချစ်ဆုံးဇော်ဇော်အောင်သည်
ဟို အဝေးက သစ်ပင်အောက်မှာ...တခဏမျှသာ
မှောင်နေသည်။မြတ်နိုးလှစွာသော အလင်းရောင်
မကြည်ပြာ. . .ခမ်းနားကြီးကျယ်စွာ..စကားပြေ
ကဗျာ...အမှောင်ထဲမှာ . . .မှောင်နေသည့်
မောင့် မကြည်ပြာ ။ ။

- ဇော်ဇော်အောင်

-(ခံစားကြည့်ပါ မကြည်ပြာ-မှ )

ခင်​​ဇော်​မြင့်​ ကဗျာ၅ပုဒ်

[ ``ခေတ်ပေါ်ကဗျာဆရာ-၁၀´´ကဗျာစာအုပ်ထဲမှ
ဆရာခင်ဇော်မြင့် ရဲ့ ကဗျာ -၅-ပုဒ် ဖြစ်ပါတယ်]
 __________________________________

              ``တန့်ကြည့်တောင်´´

ဇာတ်လမ်းအရ
တောနှင့်တောင်က အချိတ်အဆက်မမိလေတော့
စကားဝါပင်လို တိတ်တိတ်ကြွေနေရကြောင်း
ချိတ်ဆွဲထားတဲ့ခေါင်းလောင်းလို တိတ်တိတ်နေရကြောင်း
မြစ်မင်းကို မှန်ထောင်ပြမိတယ် ။
ရင်ပြင်တော်မှာ
ကလေးလေးတွေက လေယာဉ်ပျံရှပ်ထိုးကစားလို့။
အစီအစဉ်အရ
နေရောင်က ငါးတစ်ကောင်ကို ဆလိုက်ထိုးမပြတော့
စိတ်နဲ့
စေတီဟောင်းကို ထုံးဖြူဖြူသုတ်ပြီးကြောင်း
ခြေတော်ရာကို ရွှေအတိချပြီးကြောင်း
မြစ်မင်းကို မှန်ထောင်ပြရင်း
ရနံ့တစ်ခု၏တစ်နေ့တာ
ကျောက်သားမှာ မင်ပြာနဲ့ ရေးခဲ့တယ်။ ။

                 [မြားနတ်မောင်။ မတ်။ ၁၉၉၉]
______________________________________________________

                   `` သတိရခြင်း အကြွင်း´´

သွားရမယ့်ခရီးက ဝေးလွန်းတော့
ဘယ်လို စိတ်ချနေရမလဲ
သဘာဝအပေါ် ထားရှိသောတရားတို့ မမြဲမြံနိုင်သေး
သေခြင်းက ဘယ်တော့မှ ပြန်ပေးမဆွဲဘူး ဆိုတယ်။
နောက်ကမ္ဘာမှာ သစ်ပင်တွေ ရှိသလား
ပြာဆိုတာ အဖိုးသားနား ရှိသလား
ရင်ခလောက်ဆန်အောင် ဖြစ်ရလေခြင်းများ
ပစ်စင်က ကျောက်ဆူးကို လွှတ်တင်တော့မယ်
အော်သံက မြို့ကို အခုထိ လှိုက်စားဆဲ
သေခြင်းက ဘယ်တော့မှ ပြန်ပေးမဆွဲဘူး ဆိုတယ်။
တစ်ကိုယ်မှ တစ်ကိုယ် နာအောင်ရုန်းကြရ
မခွဲခွါလို့မှ မဖြစ်ဘဲ။
နှလုံးသားလည်း
မီးပျက်ခဲ့တဲ့ စနေနေ့လို ဖြစ်ခဲ့ရပါတယ် ။ ။

                         [ ရနံ့သစ် ။ ဇူလိုင် ။၁၉၉၈]
______________________________________________________

                 `` မျှော်စင်´´

အလွမ်းနင့်အောင် မြင်ရတယ်
တိမ်တွေပြာလို့
ကောင်းကင်က ဖြူလို့
ကျီးကန်းတွေ တဝဲလည်လည် ပျံလို့
ပြီး- သစ်ရွက်တွေ တဝဲလည်လည် ကြွေလို့ ။

ဟုတ်ပြီ
လမ်းရဲ့ ရနံ့ကို မှုတ်ထုတ်လိုက်
ပြီး - အားစိုက်လို့
ဓာတ်ကြိုးများရဲ့ တွန်ကျူးသံကို ခေါင်းငုံ့ကာ စုပ်ယူလိုက်

အမှန်တကယ် ကိုယ်လုပ်ရမှာ
မီးခိုးနဲ့ နေရောင်ခြည်ကို အနံ့ခံဖို့
ပြီး- ခေါင်းလောင်းတို့ရဲ့ အသံအိုးကို စူးစမ်းဖို့ ။

ပြောစရာမရှိအောင်
အရောင်တွေက လှလွန်းတယ်
မေ့လျော့ခဲ့ရတယ်။

တစ်နေရာရာမှာ
ခြွင်းချက်များက သွား၍ တူနေပါလိမ့်မယ်။

`` နွေဦး´´တဲ့
ကျွန်တော် မဖွဲ့တတ်ခဲ့ပေါ့
ခြေစုံရပ် ရိုကျိုးခဲ့ပါတယ် ။ ။

                     [ သရဖူ။ ဇွန်။ ၁၉၉၇ ]
______________________________________________________

                      ``လေမှုန်မှုန်နေ့တစ်နေ့ ´´

မြေမှာနေရတာ ညောင်းထင်ရဲ့
ရွက်ခြောက်ကြွေ လေမှာဝဲပြတော့
လက်ခေါက်ထားတဲ့ အင်္ကျီကို ပြန်လျှောချမိတယ်။

အခုတလော
နေရတာမကောင်းဘူး
ကျောခဏခဏအောင့်တယ်။

အဝေရာသီးကလေးက
ကိုယ့်အတွင်းစိတ်ကိုယ်တတွင်တွင်ခါချပြနေတော့
ဓာတ်မှန်တစ်ချပ်ကို မြေမြှုပ်သဂြုင်္ိဟ်ဖို့
ရက်ရွှေ့လိုက်ရတယ်။

ညကျ ထွက်လာမယ့် ကြယ်တွေလည်း
သဲတကျိကျိနဲ့ ဖြစ်နေမှာပဲ။

အခုတော့
ငှက်တွေတစ်ကောင်မှ မမြင်ရတော့ဘူး။ ။

                       [ စတိုင်သစ်။ ဒီဇင်ဘာ။ ၁၉၉၉]
______________________________________________________

                   `` အရာရာများ ´´

အချစ်က
ရွှေတစ်ရစ် ငွေတစ်ရစ်နဲ့ ထွန်ရေးငင်နေတဲ့အချစ်။
ခေတ်က
ကျောပိုးအိတ်ကို လွယ်ပိုးပြနေရတဲ့ ခေတ်။
တယ်လီဖုန်းက
အဝေးပြော မလွယ်ဘူး။
သစ်ပင်တစ်ပင်ရဲ့ ရာဇဝင်အကြောင်း သိကောင်းစရာ
မြေညှိစက်သို့ မပြောဖြစ်ခဲ့တော့ပါ။ ။

                    [ ရနံ့သစ်။ အောက်တိုဘာ။၁၉၉၈]

______________________________________________________့

ခင်​​ဇော်​မြင့်​ ကဗျာ၁၂ပုဒ်

ခင်ဇော်မြင့်-ကဗျာ ၂၁ ပုဒ် စာအုပ် ၀ယ်ယူလို့ မရတော့တဲ့ ကဗျာချစ်သူတွေအတွက်
(ကဗျာစာအုပ်အစအဆုံး) တင်ပေးလိုက်ပါတယ်။

(အမှာစာ)
အမေပြောခဲ့တာတွေ
 (ခင်ဇော်မြင့်)
 ( ၁၉၄၀-၅၀)

ဒုတိယကမ္ဘာစစ်ကြီးဖြစ်သတဲ့။ အင်္ဂလိပ်တွေအ၀င်ဂျပန်တွေပြန်လည် ဆုတ်ခွာချိန်မှာမြို့ ရဲ့ မြောက်ဘက်`ကပိုင်´ဆိုတဲ့  ရွာကလေးဆီတစ်မိသားစုလုံးစစ်ပြေးခဲ့ရသတဲ့။ ရွာဦးကျောင်းမှာလည်းအမေတို့ လိုစစ်ပြေးသူ(ဒုက္ခသည်)တွေနဲ့ ပြည့် နေသတဲ့။
ကျွဲညီညောင်နောင်တွေအချိန်ပြည့် နီးပါး ပျံဝဲနေလို့ ဗုံးခိုကျင်းတွေထဲမှာ ထမင်းစားရသတဲ့။ စစ်အတွင်းမှာရောဂါတွေကလည်း
ထူပြောသတဲ့။အမေ့မောင်တစ်ယောက်လည်းကျောက်ရောဂါနဲ့ ဆုံသွားသတဲ့။ ကပိုင်ရွာကလေးမှာပဲဖြစ်သလိုသင်္ဂြိုဟ်ရသတဲ့။
စစ်ကြီးပြီးသလောက်ရှိတော့ မှမြို့ ကိုပြန်ကြသတဲ့။

(၁၉၅၀-၆၀)

အဲဒီခေတ်ကမိန်းကလေးဆိုတာအတန်းပညာ သိပ်တတ်စရာမလိုဘူးတဲ့။အရောင်းအ၀ယ်လုပ်တတ်ဖို့ ပဲ အရေးကြီးသတဲ့။ အဲဒါနဲ့ ငယ်ငယ်ရွယ်ရွယ်(၁၄)နှစ်သမီးမှာပဲဈေးချိုသူဖြစ်သတဲ့ ။
ရုံတိုင်းရုံတိုင်းတန်ဆောင်တိုင်ဆို စစ်ကိုင်းတောင်မှာကထိန်တွေအပြိုင်ခင်းကြသတဲ့။ တောင်ရိုးတစ်ခုလုံးမီးရောင်တထိန်ထိန်နဲ့ 
အတီးအမှုတ်အကအခုန်တွေနဲ့ ပျော်စရာအလွန်ကောင်းသတဲ့။သင်္ကြန်ဆိုအဲဒီခေတ်ကရုပ်ရှင်မင်းသားဝင်းဦးကမြို့ မအလှပြ
ယာဉ်နဲ့ ဖျော်ဖြေသတဲ့။အမေက`မေစပယ်´အကမဏ္ဍပ်မှာစတားဖြစ်သတဲ့။ ဈေးချိုသူမဏ္ဍပ်ဆိုတာမရှိသေးဘူးတဲ့။
အမေကအဲဒီအချိန် တိုင်းရင်းမေ၊ ချိုတေးသံအစရှိတဲ့ ဂျာနယ်တွေမှာကဗျာလည်းရေးနေပြီတဲ့။ ကဗျာလာတောင်းရင်
ဈေးချိုသူဆိုင်ကလေးပေါ်မှာပဲတစ်ခါထဲရေးပေးလိုက်သတဲ့။

(၁၉၆၀-၇၀)

ကျွန်တော့် အကိုနဲ့ အမတွေကိုအခုကျွန်တော်တို့ နေတဲ့ အိမ်ကလေးမှာပဲ သူ့ ယောက္ခမကျွန်တော့်အဖွား သူနာပြုဆရာမကြီး ကိုယ်တိုင်မွေးပေးခဲ့သတဲ့။ အဆင်မပြေချိန်လမ်းဘေးမှာ ကလေးတွေကိုဖြစ်သလိုသိပ်ပြီးဆန်လည်းရောင်းခဲ့ဖူးသတဲ့ ။

(၁၉၇၀-၈၀)

ကျွန်တော့် အလှည့် ကျတော့ ဆေးရုံမှာမွေးသတဲ့ ။ သင်္ချိုင်းကိုမျက်စောင်းခဏခဏထိုးရသတဲ့ ။ဆင်ရေမြွှာနဲ့ အချင်းကျသတဲ့ ။ အဲဒါကြောင့် ကျွန်တော်ကကြီးကျယ်တာတဲ့ ။ ကျွန်တော်မွေးပြီးအရောင်းအ၀ယ်ကလည်း တစ်အားကောင်းသတဲ့။
ရန်ကုန်ကို တစ်လသုံးကြိမ်လောက် ဆင်းရသတဲ့။ ကျွန်တော်ကို ကျောက်တိုင်တံဆိပ်ကော်ဖီမှုန့်တွေ နို့ဆီဘူးတွေနဲ့ သူ့အမေ
ကျွန်တော့် အဖွားကို အပ်ခဲ့ရသတဲ့။ ကျွန်တော်တို့ မောင်နှမလေးယောက်ကို အိမ်ရှေ့မှာ မဏ္ဍပ်ကြီးထိုးပြီး အကြီးအကျယ် လှူသတဲ့။ ကျွန်တော်က ကတုံး အတုံးမခံဘဲ ကိုရင် ၀တ်သတဲ့။ နို့ဘူးကြီး စို့လျက်တဲ့။

(၁၉၈၀-၉၀)

အမေက ခရီးတွေသွားရတာကိုလည်း ၀ါသနာပါသတဲ့။ ဘုရားဖူးရတာ အမြတ်ပဲလို့ တွက်ပြီး အပင်ပန်းခံ၊ နယ်ဘုရားပွဲတွေကို ဈေးလိုက်ရောင်းသတဲ့။ ပုဂံရွှေစည်းခုံ ဘုရား၊ အာနန္ဒာဘုရား ထီးတင်ပွဲ၊ မြစ်သားပွဲ၊ ကောင်းမှုတော်၊ ဆားတောင်၊ ရွှေစာရံ၊ တောင်ပြုံး အစရှိသဖြင့် ဆယ့်နှစ်ပွဲဈေးသည် အစစ်ကြီးတော့မဟုတ်၊ ခြောက်ပွဲဈေးသည်ကြီးပေါ့၊ အဲဒီလိုဖြတ်သန်း အဲသလို အတွေ့အကြုံတွေလည်း စုံခဲ့သတဲ့။ ဘုရားပွဲတွေမှာ အမေ ရောင်းခဲ့တာတွေကတော့ အဲဒီခေတ်က တောသူတောင်သားတွေအကြိုက် ဆွယ်တာရောင်စုံလေးတွေ၊ တဘက်လေးတွေ၊ ပုဆိုးလေးတွေပေါ့။
၁၉၈၁ ခုနှစ် မန္တလေးမြို့ရဲ့ ရေကြည်ရပ် မီးကြီးလောင်တော့ အမေ့အိမ်၊ အဖေ့အိမ်၊ အမျိုးတွေအိမ် အားလုံး မီးထဲ ပါသွားသတဲ့။ အားလုံးကစဉ်ကလျား၊ အားလုံးအပြေးအလွှား၊ တစ်ဦးကိုတစ်ဦး ပြန့်လှည့်မကြည့်နိုင်တဲ့ နှစ်ကာလတွေ ဖြစ်သတဲ့။ အမေက သင်္ကြန်ဆို ပလတ်စတစ်သင်္ကြန် ပန်းကုံးတွေကို ကိုယ်တိုင်သီကုံးပြီးရောင်းသတဲ့။ နောက်ဆက်တွဲ နှစ်ကာလတွေကတော့ ကျွန်တော်နဲ့တကွ အားလုံး တော်တော်များများ သိပြီးသား အဖြစ်အပျက်တွေပေါ့။ ရှစ်လေးလုံးအရေးအခင်းကြီးဖြစ်ခဲ့။ မန္တလေးရဲ့ အထင်ကရ ဈေးချိုကြီးကို အဆင့်မြင့် ဈေးကြီးတည်ဆောက်မယ့် စီမံကိန်း စတင်ခဲ့။

(၁၉၉၀-၂၀၀၀)

အမေက သူ့ချွေးနဲစာလေးနဲ့ စုပြီးဝယ်ထားတဲ့ တောင်ပြုံးရွာကလေးက အိမ်ကလေးမှာပဲ ပျော်သတဲ့။ မန္တလေးနဲ့ တောင်ပြုံး ကူးချည် သန်းချည်ပေါ့။

(၂၀၀၀-၂၀၁၀)

ပထမအကြိမ် မန္တလာဆေးရုံ၊ ဒုတိယအကြိမ် မန္တလာဆေးရုံ နဲ့ ဆေးခန်း။ အမေ့ရဲ့ ရွှေတစ်နေ့ ငွေတစ်နေ့ နှစ်တွေ ရောက်လာပေါ့။ အမေက သူ့ဘ၀မှာတတ်နိုင်သလောက် မနက်တိုင်း ဆွမ်းလောင်းခဲ့။ တနင်္ဂနွေ နေ့တိုင်းမှာ သက်သက်လွတ်စားခဲ့၊ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်ခဲ့၊ ၀ါဆို သင်္ကန်းတွေကပ်ခဲ့၊ မိုးပေါ်ကျ ကထိန်တွေ ခင်းခဲ့၊ အဲဒါကြောင့် သေရမှာကိုကြောက်ပေမယ့် မကြောက်ခဲ့။ ခန္မာရှိရင် ဝေဒနာရှိမှာပေါ့။ အမေ ဟန်ဆောင်ခဲ့သလို မိသားစုဝင်တွေအားလုံး ဟန်ဆောင်နေကြတာကို အမေ သိသတဲ့။

(၂၀၁၀-၂၀၁၁)

၂၀၁၁ ဖေဖော်ဝါရီ (၉) ရက် တတိယအကြိမ် မန္တလာဆေးရုံ၊ ကျွန်တော်ရဲ့ ပြဿနာတွေကို သွေးအေးအေး နဲ့ ဖြေရှင်းပေးခဲ့တဲ့ အမေဟာ ဖေဖော်ဝါရီ (၁၆) ရက် ညနေ (၅) နာရီမှာ အိမ်ကို ပြန်လာခဲ့ပါတယ်။
အသက်တော့ မပါတော့ပါဘူး။

(၂၀၁၄)
          ဒီကဗျာတွေက မဂ္ဂဇင်းတစ်အုပ်မှာ ဖော်ပြခံရပြီဆို လူစုံချိန် တစ်အိပ်လုံးကြားအောင် “ ခင်ဇော်မြင့်”လို့ အမေရွတ်ခဲ့တဲ့ကဗျာတွေပါ ။
           ဒီကဗျာတွေဟာ အဟောင်းစက်စက်လေးတွေပါ ။ရနံ့ဟောင်းလးတွေပါ ။စားကျက်မြေအဟောင်းတွေပါ ။အသစ်တစ်ဖန်ပြန်လည် စိမ်းလန်းလာမလားလို့ ။
         ကဗျာနဲ့ ပက်သတ်ရင် ကျွန်တော့်မှာလည်း သွေးချည်းအမြဲဥပါကြောင်း ကျွန်တော့်မှာလည်း ပုလင်းကွဲအမြဲရှပါကြောင်း အကြောင်းကြောင်း အကြောင်းကြောင်းတွေ များစွာဖြင့် …။ ။

ခင်ဇော်မြင့်

ဒီကမ္ဘာနဲ့ ဇီဇ၀ါ
--------------------
ဒီကမ္ဘာမှာ မနေလို့
ဘယ်ကမ္ဘာမှာ သွားနေရမလဲ
ဒီအသက်အရွယ်ရောက်ခဲ့
ဒီဆံပင်ဖြူခဲ့
ဒီမျက်ရည်ပူခဲ့
ဒီကျီးမည်းပြီး နောက်ထပ်ကျီးမည်းများ
ဒီကမ္ဘာမှာ ဇီဇ၀ါပင်တွေ ရှိတယ်
ဇီဇ၀ါပင်တွေက ကြွေလည်း မသေတဲ့ကဗျာကို ရေးကြတယ်။
ခင်ဇော်မြင့်
------------------------------------------------------------
(ငါး)
-----------
ဒီဘ၀အပြင်
ဘယ်ဘ၀ကပိုကောင်းဦးမလဲ ။

မရွေ့မလျား
ငါတို့ငြိမ်သက်နေတာ ငါတို့ကူးခတ်ခြင်း ။

အပြေးအလွှား
ငါတို့ကူးခတ်နေတာ ငါတို့ပျံသန်းခြင်း ။

စိတ်ကိုလျှော့လည်း
ကိုယ်ကပေါ့မသွား ။

တကယ်တမ်း
ရေကိုထမ်းထားရသောပွင့်ချပ်ကတစ်ဖတ်တည်း ။ ။
  ခင်ဇော်မြင့်
 Sept 2003၊ မြားနတ်မောင်
--------------------------------------------------------
ခရု
-------------
နေ့ စဉ်ညစဉ်
ဒီတက်သလိုတက်ခဲ့
ဒီဆင်းသလိုဆင်းခဲ့ .။

အောင်မြင်ရင်
သောင်ပြင်မှာဂ္ဈမ်းထိုးမယ် ။
ရှုံးနိမ့်ရင်
အုန်းပင်တွေဟာတရားခံပဲ ။
ကမ္ဘာကြီးအညောင်းအညာပြေဖို့ 
က္ဈန်တော်လမ်းလျှောက်ထွက်လာပါပြီ ။ ။

ခင်ဇော်မြင့်
-------------------------------------------------
                                                       
(တစ်ကိုယ်တော်ကဗျာ)

               
ပုဝါအနီက
နွားရိုင်းကိုစတယ်..။

အိပ်မက်ကိုနှစ်ပိုင်းခွဲပြီးမက်နေရတာ
ညနေခင်း
ဘဝ
ဒေါနပန်း
အဲဒါနဲ့ 
ကဗျာဆရာက
ရေကိုမြိုတယ်
ဝတ်လာတဲ့ တီရှပ်က
ရီရဲလ်မက်ဒရစ်ကဖေး...။

တပို့ တွဲလမှာဆူးပန်းတွေပွင့် တယ်
ရယ်စရာတွေကညမှာအသံမြည်တယ်
လှည်းဘီးကိုအဆန်းတကြယ်လုပ်နေတဲ့ 
ချစ်မေတ္တာပဲ
ပြန်ကွေ့ လာတဲ့ လေယာဉ်ပျံပဲ...
  ----------------------------------------                                                            
(နေကြာ)

နေ၀င်သွားတယ်
ကောင်းကင်နဲ့မြေသားကြား
နေ့တစ်နေ့ရဲ့အဖြစ်မှာအော်ခေါ်သံ
ဒီရိုးတံ
အခါခါကြောက်ရွံ့ထိတ်လန့်တုန်လှုပ်
ထင်ရာမြင်ရာသဲသဲလှုပ်လှုပ်
အခြောက်တိုက်
အမှောင်ကြားကမ္ဘာကိုအားနာအခိုက်အတန့်
ရွပ်ရွပ်ချွံချွံ
တစ်ကိုယ်ရေမအောင်မြင်မှုတွေဟာ
အသံမမြည်ပဲထွက်သွားတဲ့တိမ်တွေပေါ့
ကျွန်တော့်ကိုယ်ကျွန်တော်မေ့လို့အိပ်စက်လိုက်တယ်
အဲဒါလည်း
နာမည်ဝှက်နဲ့ပေါ့ ။          
 
 ခင်ဇော်မြင့်
ရုပ်ရှင်သစ္စာ
-----------------------------------------------------------------
လောက်လန်းများ
------------------

ဤသို့ဖြင့်
ပြောမနာဆိုမနာ
ဤသို့ဖြင့်
ဆဲမနာဆိုမနာ
ဤသို့ဖြင့်
မလူးသာမလွန့်သာ
ဤသို့ဖြင့် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ
ပထမ
အဝတ်အစားများအားလုံး ချွတ်၍ စစ်ဆေးခံရ
သွားများကို ချွတ်၍ စစ်ဆေးခံရ
ခန္ဓာကိုယ် မွှေးညင်းများပါမကျန် စစ်ဆေးခံရ
နောက်
ဒွါရ ကိုးပေါက်စလုံး စစ်ဆေးခံရ

ဤသို့ဖြင့်
တစ်ကိုယ်နဲ့ တစ်ကိုယ် မမြင်ရ
သူတို့သည် ရင်းနှီးပွင့်လင်းစွာ ချစ်လာကြ၏။
(တရားစာအုပ်တစ်အုပ်ထဲမှ စာသားများ ဖြစ်ပါသည်။)
-----------------------------------------------------------------
အသေးအဖွဲများ
----------------------
မျက်ရည်ယိုဖွယ် ကဏ္ဍတွေ သွေးမစုပ်နိုင်သ၍ မိုက်လုံးကြီး
ရေဖျဉ်းသမားတွေ မီးအားကောင်းတဲ့နေ့ဟာ ဒီနေ့ပါ
မိုးက ဘာလို့ စောစောရွာတာလဲ။

ခလုတ်တိုက်မိခဲ့တာတွေ ပြန်စဉ်းစားကြည့်ရအောင် အချည်းနှီး
မျက်မမြင်တွေ လမ်းထွက်လျှောက်မယ့်နေ့ဟာ ဒီနေ့ပါ
နေက ဘာလို့ စောစောကွယ်တာလဲ။

ဝါးဂွမ်းလို လူတွေ
လူလို အရက်ပျံတွေ
အရက်ပျံလို အိမ်နံပါတ်တွေ
ဆက်စပ်မှုမှန်သမျှ အပြောရ အသိရ ခက်တယ်။

ဥပမာ-
တိမ်တွေ အသေအပျောက်များတဲ့နေ့ဟာ ဒီနေ့ပါ။

ဥပမာ-
စက္ကူပန်းပင်ကလေးသာ ပွင့်ပြနိုင်ရှာတဲ့ အိမ်ကလေးက
အနီရောင်ပါ ။ ။

        ခင်ဇော်မြင့်
---------------------------------------------------------
(တံခါးရွက်နှစ်ခု )
---------------
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ်။
သေတဲ့လူ သေတယ်
ရူးတဲ့လူ ရူးတယ်။
အမှန်တကယ်
တံခါးရွက်နှစ်ခုဟာ
အလုပ်ရှုပ်တယ်။
မပြောသင့်သောစကားကို ပြောနေဆဲ
ပြောသင့်သောစကားကို မေ့နေဆဲ
ငါ့အရိပ်လည်း သမံတလင်းမှာ ငြိနေဆဲ။

စိတ်မောစရာ
ငါခြေတင်ထားတဲ့ခုံက မငြိမ်ဘူး
ငါလက်တင်ထားတဲ့ပခုံးက မငြိမ်ဘူး
ငါ့အနားမှာ
ဘ၀ကို ပြောင်းပြန်လွမ်းတဲ့ လေချွန်သံ။
တံခါးရွက်နှစ်ခုနဲ့ ပတ်သက်လို့တော့
ကျွန်တော့်မှာ မူရင်းမရှိဘူး။ ။

ခင်ဇော်မြင့်
---------------------------------------------------------
(မျက်နှာကျက်)
-------------
ငါ အပေါ်ကိုမော့ကြည့်တယ်
မျက်နှာကြက်က ငုံ့ကြည့်တယ် ။

ငါ အိပ်တယ်
မျက်နှာကြက်က မအိပ်ဘူး ။

ငါ တစ်ရေးနိုးတယ်
မျက်နှာကြက်က သင်္ချာတွက်နေတယ် ။

ငါ အိမ်အောက် ရေဆင်းသောက်တယ်
မျက်နှာကြက်က လှေကားရင်းထိလိုက်ပို့တယ် ။

ငါ နောက်ဖေးတံခါးကို ဖွင့်တယ်
ပန်းရနံ့ တစ်ခုခုရတယ် ။

အဓိပ္ပါယ်ရှိရှိ
အူနေသော ခွေးကိုအပြစ်ဆိုစရာမရှိ ။

ငါ လှေကားအတိုင်း ပြန်တတ်လာတယ်
မျက်နှာကြက် မရှိတော့ဘူး ။ ။

                 ခင်ဇော်မြင့်
         သောင်းပြောင်းထွေလာ

ကြယ်ပျံ
------------------
ဘယ်ကိုပျောက်နေတာလဲဆို
မိုးပေါ်တက်ကပ်နေတာလို့ပဲပြောရဦးမယ် ။

ကမ္ဘာက
ငါ့ကိုမီးခလုတ်တစ်ခုလိုကြော်ငြာတယ် ။

ဒီလောကရဲ့ စိတ်ဒုက္ခများ
ဒီလောကရဲ့အနှစ်သာရများ
ရေသောက်မြစ်များ ။

မေ့နေတယ်
ငါလည်း
ငယ်ငယ်ကနံရံကိုခြေထောက်နဲ့ကန်
တစ်ပတ်ကျွမ်းပစ်ခဲ့တဲ့ဓားခုတ်ကောင်ပဲ ။

အခုတော့
တိမ်တောက်သလိုငါအမြင်မှန်ရခဲ့ ။

အဲဒါ
စက္ကူပင်ပေါ်ခဏတဖြုတ်တင်နေတဲ့
အရိပ်အယောင်တစ်ခုဆီကပါ...... ။ ။

       ခင်ဇော်မြင့်
   Feb 2000 ရုပ်ရှင်တေးက

       ကျုံး
----------------------------
ကြာရွက်ကလေးတွေလှုပ်တုပ်လှုပ်တုပ်နဲ့ 
ရင်ထဲကိုကုက္ကိုရိပ်တွေေ၇ာက်မလာတော့ တာကလွဲပြီး
တစ်ချိန်ကလိုပဲ
မြို့ ရဲ့ ဗန်းစကားက
ပိန်းကြာရွက်ပေါ်ရေမတင်ဘူးဆိုတယ် ။

ပျံလွှားတို့ လောကအပေါ်ရှပ်တိုက်ပျံလွှားကြ
ရေကြက်တို့ လောကထဲ ထဲထဲဝင်ဝင်လေ့လာကြ
တစ်ခေတ်ကစစ်မက်ရေးရာတွေကိုပြည်ဖုံးကားချ
ပြည့် ဖုံးကားကိုလဲရွှေပိန်းချ
ဟင်္သာပြဒါးနီနီရဲရဲ
တစ်ချိန်ကလိုပဲ
ပစ္စင်နဲ့ ရင်တားနဲ့ မြို့ ရိုးနဲ့ 
ရနံ့ အသစ်ကြီး ။ ။
  ခင်ဇော်မြင့် 
----------------------------------
မွေးနေ့သို့
----------------
အချိန်တိုင်း
မနက်ဖြန်ကို မတွေးတယ်
မခုတ်ဓားလို
ဓားအိမ်ထဲမှာပဲနေ
ငါ့အသက်ကို ဖွက်ထားတယ်။
မွန်းကျပ်မှုနဲ့ အဆုံးသတ်မလား။
နေ
နေစဉ်ခဏ
တရားကိုယ်နဲ့
သဘောင်္တစ်စင်း စုန်လာရင်
ရေကို ကျေးဇူးတင်ရမယ်။

အမည်မသိ (၃)
ခင်ဇော်မြင့်

ကမ်းခြေမှာ
ခြေရာတစ်စုံဟာ လတ်လတ်ဆတ်ဆတ်။
ကိုယ်စိတ်နှလုံးသုံးပါးစလုံး
ညှိုးငယ်တဲ့နေ့ရက်များ
တရွေ့ရွေ့များ။
မနေ့ကထက်
ဒီနေ့ဟာ ပိုခက်လာ။
တမာပင်ထက်က ငှက်ကလေးရဲ့လေချွန်သံ
အသံရောရုပ်ရော ငါမြင်မိကြားမိသလို ရှိသား။
ကမ်းခြေမှာ
ခြေရာဟာ ပုပ်သိုးစပြုပြီ။ ။
----------------------------------------------------------
သလင်းဦးရဲ့ နှစ်များ
----------------------------
သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
အပြင်က သော့ပိတ်ထားတဲ့ ဒိုင်ယာရီစာအုပ်တစ်အုပ်လား
အချစ်နဲ့ပက်သတ်တဲ့ စီးကရက်တစ်ပွဲ ရောက်မလာသေးတဲ့ကဖေးဆိုင်လား။

သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
သတိရနေတယ်ဆိုတဲ့ အမေ့သံလား
ယာဉ်သုံးတန်ကုန်သုံတန်နဲ့ အိမ်မပြန်လာနိုင်တော့တဲ့ သားလား။

သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ
ရေအိုင်ထဲ ခုန်ဆင်းသွားတဲ့ ဖားကလေးတစ်ကောင်လား
ခွေးတောက်ပင်ပေါ် တက်ခွေနေတဲ့ မြွေတစ်ကောင်လား။

သလင်းဦးရဲ့ နှစ်များ
သလင်းဦးရဲ့ နှစ်များဟာ ကြာရွက်ပေါ်က ရေစက်များ
သလင်းဦးရဲ့ အတွေးများဟာ ဒီကျောက်ဂူမှာ ထွက်ပေါက်မရှိဘူး
သလင်းဦးရဲ့ နှစ်များမှာ မြစ်က အဲသလို စီးခဲ့တယ်။ ။
 ခင်ဇော်မြင့်
---------------------------------------------------
မိုးနည်းရပ်ဝန်း (၂)
-----------------
မိုးတိမ်က
ကိုယ့်ကို ရယ်သွမ်းသွေးတယ်
တစ်ခုသော မွေးနေ့က
ကိုယ့်ဆံပင်ကို နမ်းတယ်
သတင်းအတိအကျ မသိရတဲ့ သတင်းက
ကိုယ့်နှလုံးသားကို အစိုအခြောက်မြှောက်တယ်။
နေမင်းကို သားရေကွင်းနဲ့ ပစ်တဲ့ကလေးလို
သူ့ကိုယ်စား
ဝမ်းနည်းကြောင်း သဝဏ်လွှာပါးပါမယ်။

ခင်ဇော်မြင့်
--------------------------------------------------
အချစ်
စက္ကု အိတ်ထဲ လေအပြည့်မှုတ်
ဖောင်းကနဲ မြည်အောင် ရိုက်ချလိုက်တယ်
ဒါတောင်
သီချင်းတအေးအေးနဲ့ အသံက ထွက်လာသေး
အဲဒါ
ချယ်ရီပင်တစ်ပင်
ဒါမှမဟုတ်
အဓိပါယ်ဖော်ရသိပ်ခက်တဲ့ မျက်နာပေးကလေး
အိမ်မက်မှာ
ခက်ရင်းခွတစ်လက်စိုက်နေတယ်
အဲဒါ
ရေငုတ်သင်္ဘောတစ်စီး
ဒါမှမဟုတ်
ကမ္ဘာက အပြောကျယ်ပါတယ်။
ခင်ဇော်မြင့်
---------------------------------------------
ရေချိုးခြင်း
-----------------
ကိုယ်အနှစ်သက်ဆုံးစီးကရက်မှာ ညောင်ရွက်ပုံကလေး ပါတယ်
ပွဲတစ်ခုဟာ ဖဲကြိုးဖြတ်မှ အထမြောက်တယ်
၉၀-ခုနှစ်တုန်းက ဂျစ်ကားဘောနက်မှာ အဖြူရောင်မြွေလို့ ရေးခဲ့တယ်
ငယ်စဉ်က ထင်သလောက် မကဲ့ရဲ့ခဲ့ရတာ အခု နောင်တ ရ
အောက်မေ့ဖွယ်ရာကို အကျဉ်းရုံးတော့
နေဟာ ဦးခေါင်းပေါ် ရောက်လာ
ရေချိုးမယ်ဆိုရင် ဒီအချိန်ဟာ ရေချိုးလို့ အကောင်းဆုံးပါပဲ
မျက်နာကြက်က အသံတစ်သံ ခုန်ချလာ
ဘယ်လိုနည်းနဲ့ ရေချိုးရင် ကောင်းမလဲ
ကဗျာနဲ့ ရေချိုးခြင်းဟာ မှားလို့မရ သေနိုင်ရဲ့
မေ့ပစ်လိုက်တော့….
ကမ္ဘာကျော်ခဲ့သော ထုံးတမ်းစဉ်လာအချို့မှာ
ရေချိုးဖို့ဆိုတာ ရေရှိရာကို သွားရတယ်
အရိပ်ဟာ တုံ့နှေးလိပ်တစ်ကောင်လို အခန်းထဲက ထွက်လာ
သြော်……
နွေရာသီ..
ရေပိုက်ခေါင်းကို ဖွင့်တော့ ရေမလာသော်ငြား
ရေကန်ထဲမှာ ရေကျန်သေးတယ် ကဗျာတစ်ပုဒ်စာ.။ ။
ခင်ဇော်မြင့်
သွေးအေးလေ့ကျင့်ခန်း
ချိန်းဆိုချက်တွေ လွဲတယ်
လွယ်မယ်ထင်တာတွေ ခက်ပြီး
ခက်မယ်ထင်တာတွေ မလွယ်ဘူး။

ငါ တစ်ယောက်တည်း ထိုင်တယ်
ငါ တစ်ယောက်တည်း ကဗျာရေးတယ်
အတွေးမှာ စံပယ်တွေ ဖွေးနေ ။

ညနေက
ငါ ပိုက်ကျော်ခြင်းခတ်တယ်
တည်လို့မရတာ ငါ ရအောင် တည်တယ်
အဲသလို
ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်
ဘာခက်လဲ
လွယ်လွယ်လေးလို့ ငါ ထင်မ
အထင်နဲ့ အမြင်လည်း တခြားစီပဲ။

စိတ်ဆင်းရဲတော့ ကိုယ်လည်း ဆင်းရဲတယ်
နာရီကို ကြည့်လိုက်တော့
လေးနာရီ ထိုးပြီး ငါးနာရီထဲ
ဆိုလည်း
မိုးသောက်ပြီ ။

အဲသလို
ငါမှားပြီ ဆိုတာလည်း ငါအရင် သိပြီ
ကမ္ဘာကို ငါ မငြိုးဘူးဆိုတာလည်း
ငါ့နတ်တွေ သိပြီ ။

အိမ်အပြန်
ဖူးမြင်ရသော
စေတီဖြူဖြူ မီးစိမ်းစိမ်
အေးငြိမ်းခြင်း ။ ။

ခင်ဇော်မြင့်
----------------------------------------------------------------------
ဘိန်းစားနှင့်ကဗျာဆရာ
-----------------------------
နေ့ရှိသ၍
အကြောတင်းလို့
နေ့ရှိသ၍
ယင်းထလို့။

ဒဏ်ရာပေါ် ဒဏ်ရာဆင့်
ငါတို့ အဆင့်တက်လာတယ်။

အသည်းမှာ အနာပေါက်နေတယ်
လက်ဖျံမှာ ကျီးပေါင်းတက်နေတယ်။

တစ်ခါတလေ
အောက်ကို အဆုံးထိ ခုန်ချရတာလည်း
အရသာရှိတယ်။
သေလည်း ပြီးတာပဲ
ပြီးလည်း သေတာပဲ
ချောက်ချောက်ချာား
သွားသောလမ်းက တူပါတယ်။

ခင်ဇော်မြင့်
------------------------------------------------------------
 မျဉ်းဖြောင့်တစ်ခုရဲ့ ရနံ့
--------------------------------
အိပ်ပျော်သွားရင် နိဗ္ဗာန်
အိပ်မပျော်သေးရင် ငရဲ
ငါ့ဦးခေါင်းက ပူလောင်မှုကို မင်းရယ်မယ်။

အလကားနေ
ဘယ်သူမှ အဝေးကို ငေးနေမှာ မဟုတ်ဘူး။

ရုတ်တရက်
ငါ့အပေါ်က ဖြတ်သွားတဲ့ နွားပျံလို
အိမ်ပြန်ချင်ပေါ့..။ ။

  ခင်ဇော်မြင့်
   Feb 2000 ရုပ်ရှင်တေးကဗျာ
--------------------------------------------------------------
     ကလောအလွန်
-------------------
မြေနီနီ
မိုးရွာလို့ ဖြူလေမလား ။

ရေထဲလေထဲ
ခိုက်ခိုက်တုန်လည်း
ရင်ထဲမီးနဲ့ 
ထင်းရူးပင်တွေကြံ့ ကြံ့ ခံနေ
ဒို့ ခေတ်ကိုရောက်ရမည်မှာမလွဲပါ
အောင်ပန်းက
လမ်းဟိုတစ်ကွေ့ မှာ..။ ။

ခင်ဇော်မြင့်

ဇော်​​ဇော်​ထွန်း

"စစ် မှန် သော ယုံ ကြည် မှု "

၁။

ပိုင်ဆိုင်မှုဆိုတာသေခြင်းတရားပါပဲ။ သူတို့မှာ တစ်ခုသော
ပြည်ကြပ် နေတဲ့ခန္ဓာကမေးလ်ဘောက်စ်ထဲမှာရှိတယ်
ပြီးတော့အဲဒါကအညိုရောင်ဝတ်စုံတစ်ခုနဲ့
အပြင်ထွက်ချိတ်တွယ်အရိုးတွေ~ နောက်တော့
အဖေဟာပျောက်ဆုံးခဲ့
တိုက်ခတ်နေတဲ့နှင်းတွေထဲ~နောက်တော့အမေဟာလွင့်ပါးခဲ့
တိုက်ခတ်နေတဲ့သစ်ရွက်တွေထဲ၊ ပြီးတော့ဘယ်မြို့ကြီးတွေမှာမဆို
ရှိကြတဲ့မုသားတွေ ~ အလုပ်ဟာ
ငါ့ကယ်တင်ခြင်းလို့သူပြောခဲ့ အလုပ်ဟာ
အမြဲတမ်းပဲဖြစ်ခဲ့တာ
ငါ့
ကယ်တင်ခြင်းပါ

၂။

အကိုင်းအခက်များ
နင့်
ပျော်ရွှင်မှု က အာခေါင်ခြစ်အော်ခြင်း
ဖြစ်သွားနိုင်တာပါပဲလေ

၃။

ရေခဲ နဲ့မြစ်တစ်စင်း ~ စိတ်ဆန္ဓတစ်ခုဟာ
ပုံမှန် အတိုင်းဖြစ်နေဖို့ဆိုတာကျန်းမာခြင်းပါ။ ဟင့်အင်း၊
ဟုတ်လား ~ နင်စိတ်ကူးမြင်နိုင်သလား
လေတစ်ခုရဲ့သေဆုံးခြင်းကို ~ နင်
မှတ်မိနိုင်ရဲ့လား အဲဒီအသံရဲ့
သရဲသဘက်တစ်ကောင်ကို ~

၎။

နင့်
  အ နမ်း များ
           နင့်

    ကောင်း ကင်
နင့်
နက် မှောင် ခြင်း
            နင့်
ကောင်း ကင်

၅။

လာဗန်ဒါကောင်းကင် ၊ ကောင်းကင်ကြိုက်တာက
ဝီစကီ ~ လမ်းတစ်ခု ၊ ပြုမူတဲ့လမ်းအတိုင်း
ငါတို့ခန္ဓာထဲနေသလို ~ လာဗန်ဒါ
ကောင်းကင် ၊ကောင်းကင်ကဝီစကီကြိုက်ပေါ့ ~ ပြီးတော့
နင်ဖြန့်ထားတဲ့ခန္ဓာတွေ သွားကြပေါ့ ~
နင့် မျက်နှာထဲက နင့် အိမ်မက်
နင့် နံနက်ခင်း ထဲက နင့် ရဲ့
ည ~ငါ ပြိုးပြက်ဖို့ကြိုးစားပါ့မယ်
ဒီ မိုးစက်တွေ နောက်က ငှက်ကလေးတွေ အတိုင်း~

ဂျိုးဆက်ဖ်လိစ်
(၂၀၁၂ အမေရိကန်အကောင်းဆုံးကဗျာစုစည်းမှု....မှ )

ပိုးဖလံ နှစ်​ပါးသွား ( K-Darra )

ပိုးဖလံ နှစ်ပါးသွား

၁။ ။
ချစ်ခြင်းမေတ္တာရဲ့ တရားဓမ္မဟာ
ခွဲခွာထွက်သွားခြင်းပဲ။
အနမ်းနှင့် သူ့ကောင်းမှုပြုလိုခြင်းမှာ
အချစ်နဲ့ ဆက်နွယ်သော ငွေကြိုးမျှင်လေးမျှသာဖြစ်တယ်
ပြီးတော့ အဲ့ဒါဟာ ညစ်ထည်းတဲ့ အတ္တအမှောင်တိုက်ဆီ သွယ်ဝိုက်၍တစ်မျိုး တိုက်ရိုက်တစ်ဖုံ ဆက်သွယ်-လက်တွေကို ကျစ်နေအောင် ဆုပ်ကိုင်ထားခဲ့၊ထူပြောတဲ့ လောက သမုဒ်ပြင်ထဲမှာ
နောက်တော့ လက်တွေဟာ ပြေလျော့သွားခဲ့-သေခြင်းတရားနဲ့ တခြား တခြားသော ခွဲခွာခြင်း နည်းမျိုးစုံထဲ၊
နောက်တော့ ဝေးကွာခြင်းမှာ အနယ်ထိုင်သွားကြပြီးနောက်တော့-
ချစ်ခြင်းတွေ အသစ်ပေါက်ဖွားလာကြ၊လက်တွေကို ကျစ်နေအောင် တွဲယှက်ထားကြ၊ပြန်ပြီးဝေးကွာသွားကြ-
မေတ္တာတရားဟာ သေဆုံးခြင်းမရှိဘူးလို့ပြောတယ်-ဝေးကွာခြင်းဟာ ဘယ်တော့မှ မသေဘူးလို့ ပြောပြန်တယ်။ (တကယ်လည်း)
သမင်မွေးလိုက် ကျားစားလိုက်နဲ့ မေတ္တာတရားနဲ့ ခွဲခွာခြင်းဟာ သံသရာတစ်ခုလို သံပါတ်မဲ့ လည်ပတ်တယ်။

၂။ ။
အရိပ်တကြည့်ကြည့်စောင့်ကြည့်လိုခြင်း၊
သူ့အပျော်၌ မွေ့လျော်ခြင်း-အစရှိသဖြင့်-
လိင်ဆက်ဆန်ခြင်းနဲ့ တခြားသော ယှက်နွယ်ခြင်းများဟာ ခွဲခွားခြင်းရဲ့ တံတားတစ်စင်းဆိုတာ တရားဓမ္မတစ်ခုပဲ
မဟုတ်လားလေ.....။

၃။ ။
ခရမ်းချဉ်ဗယ်ရီနဲ့ တယောအိုတစ်လက်၊
အမှတ်ရရှိမဲ့ အခိုက်အတန့်တိုင်းဟာ
ဝေးကွာခြင်းကို ကျစ်လျစ်စေတဲ့ နွယ်အမျှင်တွေပါပဲ။လက်ခံရမယ်-ငြင်းဆန်ရင်းနဲ...
တကယ် စိနှစ်ကြည်ကွဲနေမလား
တစ်ဦးဦးက စတင်ထားခဲ့ရမဲ့ မြတ်နိုးခြင်း
ဟစ်တိုင်တစ်ခုကို-ငါတို့ မျက်ရည်ကျခြင်းနဲ့ ထိုက်တန်ရဲ့လား၊တစ်ခါ တစ်ခါ သစ္စာတရားဟာ နတ်ဆိုးများရဲ့ လက်နက်ပုန်းလို......

၎။ ။
ငါတို့
တွေးယှက်ခဲ့
လက်များ-
ငါတို့
ဖြုတ်ပစ်တဲ့
တွဲလက်များ-
ငါတို့
မငြင်းဆန်နိုင်
လောကဓမ္မတရား.....

၅။ ။
သူငယ်အိမ်တက်တူး-
စွဲကျန်ရစ်ခဲ့တဲ့ ခရမ်းလွန်ရောင် မှတ်စုများ-နောက်တော့
သံသရာရဲ့ လက်ဖန်တွေမှာ မျှော်လင်းချက်တွေကို ခေါစာပစ်ကြရ-မကြည်ဖြူဘူးလား-ဒါက လောကဓမ္မ၊
ငါ့တို့ရစ်နှောင်ခြင်းနဲ့ ငါတို့သွေးကြ
ဒါ ငါတို့ လက်ကိုဖြတ်မဲ့ ဓားသွား
ပိုချစ်လေ ပိုနစ်လေ လှံဖျား-
မင်းရင်ဘတ်ထဲက ငါ့အတွက် မေတ္တာတော် အနှိုင်းအဆ-အဲ့ဒါနဲ့ အချိုးကျ မင်းကြည်ကွဲရလိမ့်မယ်၊မင်းငြင်းဆံမရ-
မင့် မက်မောရာဟာ မင့်ဆီလာမဲ့ ဓားသွား၊ငါတို့ ဥပက္ခာဆီ ပြေးထွက်မလား-
မရ။
လူသာတွေ အမိုက်အမှောင်ကိုမှ
ခြောက်ရောင်ခြယ် သာသနာ့အလံလို စိုက်ထောင်ကြ။

၆။ ။
ငါတို့
ငိုဖို့ ပြုံးပစ်လိုက်ကြတယ်-
တွဲယှက်ထားတဲ့ လက်တွေဟာ
ဝေးကွာခြင်း အမှောင်
နှစ်သန်းတစ်ထောင်ဆီသို့-
ငါတို့...
ပိုးဖလံများလို.......။ ။

K-ဒါရ

Monday, January 25, 2016

သက်​တန့်​များ(​ဇော်​​ဇော်​ထွန်း)

သက်တန့်များ

ကျွန်တော်ကသက်တန့်များကိုချစ်သည်။ ငယ်စဉ်က သက်တန့်များသည် ကောင်းကင်ဆီသို သွားရာလမ်းဖြစ်လေမလားဟု စိတ်ကူးယဉ်မိခဲ့ဖူးသည်။ သက်တန်ဆီသို့ သွားရန်ကြိုးစား ကြည့်ချင်သည်ဟု အမေ့ကိုတိုင်ပင်သောအခါ အမေပြုံးနေခဲ့သည်။ အဲဒီတုန်းက ပြုံးနေခဲ့သော အမေ့အပြုံးကို အဓိပ္ပါယ်ဖေါ်ရန် ကျွန်တော်နှစ်ပေါင်းအတော်ကြာအောင်စောင့်ခဲ့ရသည်။ အနတ္တတရား၏ အကောင်းဆုံးသက်သေအဖြစ် သက်တန့်များကို တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိစွာ ပို့ခဲ့မှန်းကျွန်တော်နောက်ကျမှ သိခွင့်ရခဲ့သည်။ ကောင်းကင်ပြာပြာ၏ အခြားတစ်ဖက်တွင် မည်သည့်အရာများရှိလေမလဲဟူသော အတွေးမျိုးကို ငယ်ဘ၀က တွေးခွင့်ပြုခဲ့သည့် အတွက် မည်သူ့ကို ကျေးဇူးတင်ရမည်နည်း။ သက်တန့်သည် ကျွန်တော်၏ ပုစ္ဆာအတွက် အကောင်းဆုံး တွက်နည်းတစ်ခု ဖြစ်လေမလားဟု မျှော်လင့်ခဲ့မိသည့်အတွက် နောင်တမရခဲ့ပါ။ ကျွန်တော် သက်တန့်တွေကို ဆုပ်ကိုင်ချင်သည်။ ကျွန်ုပ်၏သက်တန့်များအားဆုပ်ကိုင်ခွင့် ကြိုးပမ်းမှုအားအမေသည် အသာတကြည်ပင် လိုက်လျောပေးခဲ့ပါသည်။

မိုးရှေ့ပြာ ခုံးခုံး တောင်ကြီးနဲ့
အဆုံးမှာချည်ထားတဲ့ “လမ်း” ဖြစ်တယ်။ အို …
လမ်းဟာဘယ်နေရာမဆိုရောက်နိုင်တယ်။..........(ရေချယ်ဖီးလ် ၏ လမ်းများ...မှ)

သက်တန့်သည် သူမနှင့် ကျွန်တော့်၏ကြားမှ “လမ်း” ပင်ဖြစ်သည်။ သက်တန့်များ၏ အဆုံးတွင် သူမရှိနေပါလိမ့်မည်။ ကျွန်တော်၏ “အလွမ်း” များအား လမ်းများ အဖြစ်ပြောင်းလဲပစ်ခဲ့သော သူမထံသို့ ရောက်ရှိရန်လမ်းသည် သက်တန့်များမှလွဲ၍အခြားမရှိပါ။ သက်တန့်များ၏အဆုံးတွင် ခြေဖ၀ါးတစ်စုံစာ ရပ်ခွင့်ရရန် ကျွန်တော်အလိုရှိပါသည်။ “ဘုရားသခင်သည် သိုးများကို နံနက်စောစောတွင် လုပ်သည်” ဟု ကဗျာဆရာ အင်္ဂရမ် (ingram) ကသူ၏ “သိုးများ” ကဗျာတွင် အတိအလင်းဆိုပြန်သည်။

သက်တန့်တွေကို မည်သူလုပ်ခဲ့ပါသနည်း။ ငါနဲ့သူမရဲ့ကြားက “လမ်း” ကို မည်သူလုပ်ခဲ့ပါသနည်း။ ဂရိလူမျိုးများရဲ့ အလိုအရ အိုင်းရစ် (Iris) နတ်သမီးဟာ ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံတို့ရဲ့လမ်းအတွက် သက်တန့်ကို လုပ်ခဲ့သည်ဟု ဆိုသည်။ တရုတ်လူမျိုးတွေက တော့ နတ်ဘုရားမ နူးဝါ (Nüwa) ဟာ အရောင်မတူတဲ့ ကျောက်တုံးငါးမျိုးနဲ့ သက်တန့်ကို ဖန်ဆင်းတော်မူသည်ဟုဆိုပြန်သည်။ ဟိန္ဒူလူမျိုးတွေကတော့ အင်ဒရာဒဟမ်းနက်ရှ် (Indradhanush) ဟုသက်တန့်ကို ခေါ်ကြသည်။ မိုးကြိုး၊ လျှပ်စီးနဲ့ မိုးရေစက်များကို ပိုင်စိုးသော နတ်ဘုရား အင်ဒရာရဲ့ လေးကိုင်းဖြစ်သည်ဟု ယုံကြသည်။ အို … အသင်နတ်ဘုရား။ ဆောင်းခိုငှက်များ၏ အလောတကြီး ပျံသန်းမှုမျိုးနှင့် ကျွန်ုပ်အား မျှားတစ်စင်းအဖြစ် သူမဆီသို့ပစ်ခွင်းတော်မူပါ။ တစ်ချို့ကတော့ အိုင်းရစ်နတ်ဘုရားမ၏ ရွှေအိုးများ မြုပ်နှံရာအရပ်သည် သက်တန့်များ၏ အဆုံးတွင်ရှိသည်ဟု ယုံကြည်ကြသည်။ သက်တန့်ဆီသို့ နီးကပ်ရန်ကြိုးစားလိုက်တိုင်း သက်တန့်များရဲ့ အဝေးကို ရောက်သွားကြ သည်ဟုစာဆိုများက ဆိုကြပြန်သည်။
ကျမ်းစာများထဲတွင် နိုအာရဲ့ ရေကြီးမှု (Noah’s Flood) အပြီးတွင် ဘုရားသခင် သည် နောက်တစ်ကြိမ်ထပ်မဖြစ်ရန် သက်တန့်များနှင့် ဂတိပေးတော်မူသည်ဟုဆိုသည်။ (ကမ္ဘာဦးကျမ်း ၉.၁၃-၁၅)။(ဘုရားသခင်သည်လည်း ဂတိတည်ရန်လိုအပ်ပါသည်။)

အချို့ ကျမ်းများကတော့ သက်တန့်တွေဟာ မြတ်သော မိခင် အိုင်ရှိသာ (Ishter) ရဲ့ လည်ဆွဲဖြစ်တယ်လို့လဲ ဆိုပြန်တယ်။ မဟာရေကြီးခြင်း (Great Flood) ကို ဘယ်တော့မှ မမေ့နိုင်တဲ့ “အိုင်ရှိသာ” ဟာသက်တန့်တွေကို လည်မှာ ဆွဲပြီး ကောင်းကင်ကို ထမ်းပိုးထားလိုက်တာ ယနေ့ထိပါပဲတဲ့။ သက်တန့်တွေကို ဘယ်သူ ပိုင်ဆိုင်ထားပါသနည်း။

……………
ကောင်းကင်ပေါ်က သက်တန့်တစ်စင်းကို
ဆုပ်ကိုင်လိုက်တဲ့ အခါ။
ငါ့နှလုံးသားက အပြင်ကို ခုန်ထွက်သွားပေါ့။
ဝေါ့(ဒ)စဝေါ့သ် (Wordsworth)
(၁၈၀၂ ကဗျာများမှ)

ငါ့နှလုံးသားကို ပြန်သိမ်းဆည်းဖို့ အချိန်ရောက်ပြီလေ။ ငါ့ဆီက ဆင်ခြေများနဲ့လွမ်းဆွတ်မှု ကလွဲပြီး အခြားဘာမှ မမျှော်လင့်ပါနဲ့။ သက်တန့်တွေရှိတတ်တဲ့ ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်းမနည်းခဲ့သလို ခလုတ်တိုက်လို့ပြိုလဲခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့။ ဒီအချိန်ဆိုရင်ဟိုတစ်ဖက်ကမ်းက သက်တန့်များ၏ အဆုံးမှာသူမ တစ်ရေးတစ်မော အိပ်စက်နေလောက်ရောပေါ့။ ၁၈၅၆ က ဂျွန် (John) ဆိုတဲ့ ပန်းချီဆရာဟာ မျက်မမြင်ကလေးမ (The Blind Girl) လို့အမည်ပေးထားတဲ့ ပန်းချီကားထဲက သက်တန့်ဟာတင်ရှားတယ်။ ဂျိုးဆက်အင်တွန်ရဲ့ သက်တန့် (Joseph Anton Koch’s Thanks offering)၊ ဟမ်းမန်းလင်း (Hans Memling) ရဲ့ သက်တန့်၊ ကယ်စပါဒေးဗစ် (Casper David Friedrich) ရဲ့ သက်တန့်တို့ဟာလည်း ပန်းချီလောကမှာ ကျော်ကြားတယ်။ သူတို့ဟာ သက်တန့်အစင်းစင်းကို ဘောင်သွင်းပစ်ခဲ့ပြန်တယ်။ သူမရဲ့နဘေးမှာ တစ်နေရာစာအလုံအလောက်ငါ့ကိုပေးပါ။ သင်၏ကောင်းကင်ကို သက်တန့်များအဖြစ် ကျွန်ုပ်ပြောင်းလဲပစ်နိုင်ပါ သည်။ ဂျာမနီ နိုင်ငံရဲ့ ၁၆ ရာစုလူမှုတော်လှန်ရေးများ တွင် သက်တန့်ကို အလံအဖြစ်အသုံးပြုခဲ့ကြသည်။ အီတာလျံလူမျိုးများရဲ့ ငြိမ်းချမ်းရေးသင်္ကေတဟာ သက်တန့်ရောင်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်ရေးလှုပ်ရှားမှု ( The Cooperative moment) ရဲ့သင်္ကေတသည်လည်း သက်တန့်ရောင်ပါပဲ။ သူမဟာ သက်တန့်တွေလို ကျွန်ုပ်ထံမှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ သက်တန့်တွေကို နောက်တစ်ကြိမ်တွေ့ရဖို့အချိန်ဘယ် လောကစောင့်ရဦးမည်နည်း။ သက်တန့်သည် အကြိမ်ကြိမ်ဖတ်ခွင့်မရှိတဲ့ကဗျာ။ စနေဂြိုဟ်ရဲ့ ဂြိုဟ်ရံလ (Titan) မှာ သက်တန့်အမြောက်အမြားပိုင်ဆိုင်ထားလို့ သက်တန့်တွေကို အလွယ်တကူ ဖန်ဆင်းနိုင်ပါတယ်လို့ ဆိုတယ်။ မမြင်မက်သေးတဲ့ အိမ်မက်ကို စောင့်မျှော်ရသလို သက်တန့်တွေကို မျှော်ရတာ ငါ့မှာတော့ ကောင်းကင်ကို တောင်အားနာမိရဲ့… သတိရခြင်းများကို ငါ့ဆီပို့ပါဦး။ သက်တန့်ကိုစီးပြီး ခဏလေး ဖြစ်ဖြစ် ငေးမောခွင့်ကို ငါလိုတယ်။ ပြီးတော့ နင်ပြုံးတတ်သလိုပဲ ပြုံးလိုက်ပါတော့။

"မီးထပ်ထွန်းလိုက်"

(ဂျာမန် ကဗျာဆရာ ဂိုထေး(Johann Walfgang Von Goethe) မကွယ်လွန်မီ ပြောခဲ့သော နောက်ဆုံးစကား) (၁၈၃၂ - မတ်လ - ၂၂ ရက်)

မီးရောင်ဆိုသည်မျာ တစ်စုံတစ်ခု ကို ရှာဖွေဖို့လုံလောက်သော အကြောင်းပြချက်တော့မဟုတ်ခဲ့။ လိုချင်တာ တွေ မရတတ်တဲ့ ဘ၀မှာ သက်တန့်တွေကို စောင့်ဖမ်းရသည်မှာ မိုက်မဲမှုတစ်ခုပင်ဖြစ်၏။ ကမ္ဘာဦးသက်တန့်တွေလို ဘ၀တစ်ခုလုံးဆေးကြောပစ်မှ “ဒေ၀” ဆီက သက်တန့်ကို ရမယ် ဆိုရင်လည်း ငါရှေ့ကို ခြေတစ်လှမ်းတိုးခဲ့ပါရစေ။ ရေအောက်မှာ မြေရှိနေသရွေ့ ရေကူးတတ်စရာမလိုပါ။ တရုတ်ပြည်မှာ ဆောင်မင်းဆက် (၉၆၀-၁၂၇၉) လက်ထက်က ရှမ်ကူ (Shen Kuo) ဆိုသူဟာ မိုးရွာခြင်းနဲ့ ပတ်သက်ပြီး သက်တန့်တွေရဲ့ ဖြစ်တည်မှုကို ရှင်းပြခဲ့သည်။ သူ့အရင် ဆန်ဆီခေါင် (Sun Sikong) က ရှင်းပြဖို့ ကြိုးစား ခဲ့ပေမယ့် ရှမ်ကူ လောက်လက်တွေ့မကျခဲ့။ အိုင်ဆက် နယူတန် (Isaac Newton) လက်ထက်မှာတော့ တြိဂံ ဖန်တုံးငယ်လေးကို သုံးပြီးရှင်းပြခဲ့ဖူး၏။ တိကျသော အဖြေတော့မဟုတ်ခဲ့ပါ။ နောက်တော့ သောမတ်(စ်)ယမ်း (Thomas Yong) နဲ့ ဂျော့ဘစ်ဒယ်အိုင်ရီ (Gorge Biddle Airy) တို့လက်ထက်တွင် ပို၍ ထိရောက်စွာ ရှင်းပြနိုင်ခဲ့သည်။ ၁၉၂၀ ရောက်မှ ဂတ်စတာတော့မီ ဟာလူအားလုံး လက်ခံတဲ့ သက်တန့်များဖြစ်ပေါ်ပုံကို ရှင်းပြနိုင်ခဲ့သည်။ အံသြစရာကောင်းသည် မှာ ကမ္ဘာဦးကတည်းက ကျွန်ုပ်တို့ရှာဖွေနေသော သက်တန့်၏ အဖြေကို ၁၉၂၀ ရောက်မှသိရခြင်းဖြစ်၏။

အချိန်မရတော့ဘူး
ဒါနဲ့ပဲ ကြည့်နေကြရ။
တစ်ညလုံးအိပ်မရကြတော့။
(သုဇာတာဘတ္တဒ ၏မျောက်အရိပ်များ...မှ)

သက်တန့်များကြောင့် အိပ်ရေးပျက်ခဲ့တာလည်းမနည်းတော့။ တစ်ကယ်လို့များ ငါမရှိတော့ရင်ဖြင့် သက်တန့်များကို ငါ့ကိုယ်စား စောင့်ရှောက်ပေးပါ။ သက်တန့်တွေကို တွေ့တိုင်း သတိရပေးပါ။ ငါ့ဝိဥာဉ်ဟာ သင့်ဆီရောက်ဖို့ သက်တန့်တွေနောက် လိုက်သွားပြီကွယ်။ အရောင် ခုနစ်မျိုးနဲ့အတူ လတ်ဆတ်သော မိုးရေစက်များရဲ့ နောက်မှာ ငါတို့ရှိနေပါဦးမည်။ ငါတို့မိုးရွာပြီးရင် အစွမ်းကုန်ပွင့်ဖို့ကြိုးစားရမယ်။ ကောင်းကင်ရဲ့ ထောင့်ချိုးတစ်နေရာမှာ ငါတို့ကို ရှာလှည့်ပါ။ သက်တန့်ဟာ အလင်းမဲ့ညတွေနဲ့ တရားဝင်ကွာရှင်းပြတ်စဲခဲ့ကြ လေပြီ။ ဘုရားသခင်သည် ကျွန်ုပ်အား အဝေးကငေးရမည့် အဖြစ်မျိုးနဲ့ သက်တန့်တွေကို ဖန်ဆင်းတော်မူသည်။
ဂန္တ၀င်ဆန်လွန်းသော သက်တန့်များ၏ အခြားတစ်ဖက်တါက် လက်နဲ့လုပ်တဲ့ ကဗျာ၊ စာကြောင်းများနဲ့ လုပ်တဲ့ “ယူတိုးပီးယား” စကားများနဲ့ တည်ဆောက်ထားတဲ့ ပလေတိုးရဲ့နိုင်ငံ၊ ယူရီစစ်ပွဲဂိမ်းများ နှင့် အမ်မီနမ်ရဲ့ “Please stand up” (ကျေးဇူးပြု၍ မတ်တပ်ရပ်ပေးကြပါ) ရှိကောင်းရှိနေနိုင်ပါသည်။ ကောင်းကင်ပြာပြာရဲ့ နောက်ကွယ်မှာ ဘာတွေရှိမလဲ မသိချင်တော့ပါ။ အမေပြုံးနေပါလိမ့်မည်။ ကောင်းကင် ကိုထမ်းပိုးဖို့ ကျွန်တော် ပြန်လာခဲ့ပါဦးမည်။ အချိန်တွေစောင့်စရာမလိုတော့ပါဘူး။ ကျွန်တော်ကိုယ်တိုင် သက်တန့်တစ်စင်းဖြစ်နေ ခဲ့ပြီ.…

ဇော်ဇော်ထွန်း

( 2009 ခုနှစ်ကရေးခဲ့တဲ့ အက်ဆေးတစ်ပုဒ် )

အီရာတိုသို့ (ြ​ဖူနှင်း​ဖွေး)

အီရာတိုသို့

မျက်လုံးထဲမှာ အစေ့ပါတဲ့ စပျစ်သီးတစ်လုံး မတ်တပ်ရပ်နေတယ်
နားထဲကနေ မော်တော်ကားတစ်စီး မောင်းထွက်လာရင်း ဘရိတ်ပါမလာဘူး
ဗိုက်ကိုခွဲ အူတွေကို ဆွဲထုတ်ခွေပြီး နားကွင်းလုပ် ဝတ်လိုက်တယ်
တစ်စက်ချင်းကျနေတဲ့ သွေးစက်အရှင်တွေဟာ မို့မောက်တောင်ကုန်းကြားကနေ ကျဉ်းမြောင်းထဲ မြစ်လက်တက်ထဲ စီးဆင်းနေ
အဖုံးကိုဖွင့်ပြီး တူကို လက်နဲ့ကိုင်ရင်း အငွေ့တထောင်းထောင်း လူဦးနှောက်ကို မြိန်ရည်ယှက်ရည်
သင်္ခါရဟာ သင်္ခါရဖြစ်နေတဲ့အတွက် သင်္ခါရဟာ သင်္ခါရပါပဲလို့ တတွတ်တွတ်ရွတ်နေ
သေခြင်းဟာ လမ်းခုလတ်မှာ ခဏဝင်နားနိုင်တဲ့ ဇရပ်လို
ပြတင်းပေါက်နားက ကန့်လန့်ကာကို ခွာလိုက်တော့ မနက်ခင်း အသစ်စက်စက်ကြီး တိမ်တွေကြားထဲက ခုန်ထွက်လာ
သစ်ပင်ရဲ့ ကိုင်းကိုချိုးပြီး နေရောင်ဟာ ချိုင်းထောက်နဲ့ လမ်းလျှောက်လို့
အလင်းတန်းတွေဟာ တစ်နေရာပြီး တစ်နေရာ မွေ့ယာထက် အလှည့်ကျ လဲလျောင်းနေ
တစ်ညလုံး ချစ်မှုပြုကြတဲ့ ချစ်သူတွေရဲ့ အရွေ့လို
ငှက်တစ်ကောင်ဟာ ရေကူးကန်ထဲက တက်လာပြီး မျက်မှန်တပ်
စာသားဟာ စာမျက်နှာတိုင်းမှာ ပါးစပ်တွေထဲမှာ
ဦးခေါင်းထဲမှာ နားထဲမှာ မျက်စိထဲမှာ
ခြေကုန်လက်ပမ်းကျ ရုန်းကန်နေရ
မျူ့ဇ်နတ်ဘုရားမတွေထဲက အီရာတိုကို ဝင်စားခွင့်ရှိသလား
မနေ့တွေနဲ့ မနက်ဖန်တိုင်းမှာ မင်းကို မြတ်နိုးတယ်
ဒီနေ့ကတော့ မင်းအတွက် သစ်ပင်တွေအတွက် ကိုယ် အသက်ပြင်းပြင်း ရှူရှိုက်ရဦးမှာမို့

ဖြူနှင်းဖွေး

သက်​ရှိ​နေထိုင်​မှုထဲ ​မေတ္တာတရားနဲ့ မျက်​နှာချင်​ဆိုင်​ခွင့်​ ကျမမှာမရှိဘူး

သက်ရှိနေထိုင်မှုထဲ မေတ္တာတရားနဲ့ မျက်နှာချင်းဆိုင်ခွင့် ကျမမှာမရှိဘူး
-------------------------------------------

အချစ်ရယ်
ယင်ကောင်တွေ တဝီဝီပျံသန်းနေတဲ့
အညှီအဟောက်တွေနဲ့ အခန်းဟာ
ကျမရဲ့ ကိုယ်လုံးတီး ညနယ်ပါ။
ကြော့ရှင်းတာမှ သိပ်လှနေတာပေါ့
ကျမရင်သားတွေဟာလည်း
ရှင့်လက်နဲ့ထိရင် ကြာပန်းတွေပွင့်ဟန်ဆောင်ပစ်မဲ့
သွေးစုတ်ဖုတ်ကောင်ရဲ့ အစွယ်ဖွေးဖွေးများ၊
ဟောဒီကိုကင်းတစ်မျိုးလို ညှို့ဖမ်းနိုင်စွမ်းဟာ
မညှိုးတဲ့ပန်းတစ်မျိုးလို အနံ့ဆိုးတွေ
ပုတ်အဲ့အဲ့နဲ့။
ဒီအလှတရားကို ကျမရလိုက်တယ်၊
ကျဉ်ဆံရထားတစ်စင်းလို အခင်းကျင်းမျိုးနဲ့
ကျမရဲ့အရေပြားတွေနဲ့ ကျမကို ခုတ်မောင်နေတာ၊
အောက်ပါ ရှင်မသိသေးတဲ့ အချက်အလက်တွေနဲ့ ရှင့်ကိုရှင် လျှော်ဖွတ်စေချင်ပါတယ်-
ရေပုတ်မြောင်ထဲ ထိုးကျသွားတဲ့
ကြွေပန်းအိုးတစ်လုံး၊
အတွင်းက ပိုကိုက်ပေါက်တွေကို အခွံနီတွေနဲ့ ဖုံးဖိထားတဲ့ ပန်းသီး၊
နှုတ်ခမ်းချင်း အပြန်အလှန်နမ်းစုပ်ရင်း
ကိုယ်ပိုင်အရေခွံတွေကို ဆုတ်ဖြဲရဲတဲ့သတ္တိ၊
ရှင် သတိရှိပါ-
ကျမရဲ့ လိင်အင်္ဂါဖျော်ဖြေပွဲပြီးရင်
ဦးနှောက်က အသိတရားနဲ့ယှဉ်တဲ့
ကမ္ဘာပတ်ရထားတွေဟာ ကျမပေါင်ကြားမှာ
ဂိတ်ဆုံးသွားကြတယ်။
မိန်းမတိုင်းတော့ ကျမလိုမဟုတ်ဘူးပေါ့
ဒါပေမဲ့ ကျမကတော့
ကျမဟာ အဲ့ဒီ အညှီအဟောက်တွေမှာ
နေသားတကျ ဆက်လက် ပွင့်လန်းနေလိမ့်အုံးမယ်။
ပလက်ဖောင်းနဲ့ မီးပွိုင့်လို
ကျမရဲ့ အရေးပါပုံဟာ အရေးပါဖို့ အရေးမပါကြောင်း
ကျမ ရှင့်ကို ကောင်းကောင်းပြောပြခွင့်ရချင်ပါတယ်။
နားလည်ပါ-
ဖြိုးမောက်တဲ့ ရင်သား/တင်သားတွေနဲ့
ဣတ္ထိယတို့ရဲ့ ရပ်တည်မှုပုံစံစနစ်တွေထဲ
ကျမရဲ့ ငွားစွင့်ခြင်းဟာ ပူရိသတွေကို
အဆိပ်တောက် အဖြစ်စေဆုံး သွေးသောက်ဂမုန်းပန်းတမျိုးလို၊
ပြည်တန်မတစ်ယောက်ရဲ့ ချစ်သူကို
ပြည်တန်းဆာမဟာ ဘယ်လို စိတ်ပျက်အောင် လုပ်ပြရမလဲဆိုတာ
(တကယ်ဆို)ကျမရဲ့ သစ္စာပါပဲ
ရှင့်ကို ရွံရှာစေဖို့လည်းရည်စူးတယ်
[ကျမနဲ့ အရေပြားရဲ့ အလှ=ရှင့်ရဲ့ လူညွန့်တုန်းခြင်း]

K-ဒါရ

ဆရာ ​ဇော်​​ဇော်​ထွန်း

ကွန်ကရိအမြင်ကဗျာ ၁။

(၁.၁) - အီးအီးကမ်းမင်း(ဇ) (E.E.Cumming) နှင့် ကွန်ကရိများ
အီးအီးကမ်းမင်း(ဇ)နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာ စကားတချို့ရှိပါတယ်။ ပထမဦးဆုံး ကျွန်တော် ဘာသာပြန်ခဲတဲ့ ကဗျာဟာ ကမ်းမင်းရဲ့ “ကျုပ်ဟာဘုရားကျောင်းငယ်ဖြစ်သည် (မဟာဘုရားကျောင်းမဟုတ်)” “I am a little church” (no great cathedral) ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ ကမ်းမင်းကို သာမန်ကဗျာဆရာလို့ ထင်ခဲ့မိတယ်။ အဲဒီတုန်းက ကမ်းမင်း(ဇ)နဲ့ နာမည် ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဂျော်ဂျီယာကဗျာဆရာမ အေအီးစတောလင်း(စ) (A.E. Stallings) ရဲ့ ကဗျာတွေကိုပဲ ဖတ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကဗျာပုံစံကွဲများကို လေ့လာတော့မှ အီးအီးကမ်းမင်း ကို ထိတ်လန့်စွာပဲ သိခွင့်ရခဲ့တယ်။ ပြောချင်တာက အီးအီးကမ်းမင်းကို လိုအပ်တာထက် နောက်ကျပြီးမှ လေ့လာဖြစ်ခဲ့တယ်။ တကယ်တော့ ကမ်းမင်း(ဇ)နဲ့ ကဗျာဆရာမ စတောလင်း တို့ဟာ အတော်ကွဲပြားတဲ့ ရေးဟန်ရှိသူတွေဖြစ်တယ်။ ဂျော်ဂျီယာ ပြည်နယ်ဖွါးဖြစ်တဲ့ ဆရာမစတောလင်းကို နယူးဖော်မယ်လစ်ဇင် (New Formalism) လို့ ခေါင်းစဉ်တပ်ပြီး အီးအီးကမ်းမင်းက မော်ဒန်အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ ကမ်းမင်းကို မလေ့လာခင်မှာ ပန်းချီကဗျာ (Visual Poetry) ကို လေ့လာစေချင်တယ်။ ပန်းချီကဗျာဟာ ဒီနေ့ထိ ကွန်တန်ပိုရာရီစာရင်းထဲမှာ ထည့်သွင်းခြင်းခံရတဲ့ ကဗျာအမျိုးအစား တစ်ခုဖြစ်တယ်။ တချို့က ပုံသဏ္ဍာန်ကဗျာ ( Concrete or shape poetry) လို့ ခေါ်ကြတယ်။ ဂျီအော့(ဖ)ဟု(သ) (Geof Huth) ဆိုတဲ့ ကဗျာဆရာရေးတဲ့ ယနေ့ပန်းချီကဗျာ (Visual Poetry Today) မှာတော့ ပန်းချီကဗျာကို “ကဗျာနဲ့ပန်းချီက မွေးဖွားပေးလိုက်တဲ့ ခလေးငယ်ဖြစ်ပြီး သူတို့နှစ်မျိုးလုံးရဲ့ စိတ်ဝင်စားဖွယ်ရာများ (အစုနှစ်ခု) ပါဝင်ကာ ပုံသဏ္ဍာန်အားဖြင့် ရေတွက်လို့မရနိုင်အောင် ရှိတယ်” (The child of both poetry and the visual art, visual poetry has a double set of interests and it forms are myriad) လို့ ရေးခဲ့ပါတယ်။ သူ့လို ပန်းချီကဗျာရေးသူတွေရဲ့ ရည်ရွယ်ချက်က အသေဖြစ်နေတဲ့ ကဗျာပုံစံဟာ ဝေဖန်သူတွေရဲ့ စာပေဝေဖန်ရေးအကြောင်းအရာထဲမှာ ပုံဟောင်း အုပ်စု (old school) ကဗျာတွေရဲ့ မလှုပ်သာမလူးသာဖြစ်နေခြင်းကို လျော့ပါးစေတယ်။ ပန်းချီကဗျာရေးသူတွေဟာ မူလ မီတာကဗျာတွေ ရေးကောင်းရေးမယ်။

ဇော်​​ဇော်​ထွန်း

အ​ပြေးသမားများ

အပြေးသမားများ

ဘဝ ဆိုတာကို ဒေါင်လိုက်မျှဉ်းများဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ကြမယ်
ငါတို့ ကန့်လန့်ဖြတ်လဲကျသွားတဲ့အခါ
ငါတို့ဟာ လှေကားထစ်တွေပဲ
စဉ်းကမ်းမဲ့ ယဉ်ထိမ်းရဲတွေဟာ
လမ်းမတိုင်းမှာ မီးပွိုင့်တွေကို
တတ်ဆင်မထားဘူး
ဝင်းမှည့်နေတဲ့ ခရမ်းချဉ်ခင်းထဲက
ပုတ်ပျော်နေတဲ့ သန္ဓိပ်ဋ္ဌာန်တွေကို
ခူးဆွတ်ပြီးတော့ ရေပုတ်မြောင်ထဲ
ပစ်ချလိုက်တယ်
စမ်းသပ်ခြင်းနဲ့ လက်ပါးမယဉ်သေးတဲ့
သူငယ်အိမ်နဲ့ မျက်ကြည်လွှာများ
ကြံရည်တွေကို ညှစ်ထုတ်နေကြ
တီဗွီကိုဖွင့်ပြီး ရှန်နယ်တွေကို
ကြက်ပေါင်းရည်တစ်မျိုးလို သောက်သုံး
ဗဟုသုတ နဲ့ ကင်းကွာတဲ့ ကြိုးစားမှုဟာ
ထန်းခိုင်မှာ ရောပြီးသီးတဲ့ကြက်ဥပဲ
အခွံ/အကာ/အနှစ်
ရှိချင်းတူပေမဲ့ ကြက်ဥဟာ
ထန်းသီးလို မမာကြောဘူး
ပြေးလမ်းတွေဟာ ပုဏ္ဏက တိုက်ထားတဲ့ အိမ်တွေလို
မောပမ်းလို့ တစ်ရေးမှေးမယ်ကြံလိုက်တော့
ထမင်းလုံးတွေ သံခမောက်ဆောင်းပြီး
ညောင်ပင်ဖျားကနေ ပစ်ချတယ်
ပဲ့တင်သံတွေဟာ မိုင်တိုင်တွေကိုရိုက်ခတ်ပြီး ပြန်ထွက်လာ
အပ္ပမာဓ တရားကိုမှီပြီး
ကံကြမ္မာဟာ လူတွေမျက်ခမ်းမှာ
စင်္ကြံလျှောက်လို့
ခွေနက်ကြီးတွေဟာ
ခြေလမ်းတိုင်းကို ထပ်ကြပ်မကွာ
ရင်သားကိုပွတ်သတ်ခြင်းနဲ့ အစပျိုးတဲ့
လိင်ဆက်ဆန်ခြင်းလို
ဦးတည်ရာဆီ တစ်စိုက်မတ်မတ်
ငါတို့ဟာ ဘောဂဗေဓမှာ
ရုက္ခဗေဓမှာ ဇီဝဇိုးငှက်တွေရဲ့ပါးစပ်မှာ
ဖိနပ်တွေကို အသစ်လဲ
အရောင်ပြယ်သွားတဲ့သက်တန့်အတွက်
ပင်လယ်ရေတွေကို ကောင်းခင်ဆီ ပစ်တင်ပေးရမလား
ရေငတ်နေတဲ့ ခရမ်းချဉ်ခင်းမှာ
ပွဲလမ်းသဘင်တွေဟာ သူ့အလိုလို
သီးပွင့်လာကြ
နောက်ထပ် ကျော်တက်သွားတဲ့
မာရ်နတ်တွေကို နှင်းလျှောက်ဖို့
ငါတို့ ဒေါင်လိုက်မျှဉ်းတွေ
ထပ်ဆွဲဖို့ ခိုသေးတယ်

K-ဒါရ

လမ်းက​လေး

လမ်းကလေး


၁။ ။
သေဆုံးဖို့အတွက် ရှင်သန်ခြင်းကို
ရှင်သန်ခြင်းနဲ့ အလဲထပ်ပြီးဖန်ဆင်းသူ။

၂။ ။
ရင်အိုသွားတဲ့ သားမြတ်နဲ့
အငံအစပ် အာဟာရနဲ့
သင့်တင့်သလို အဆက်သွယ်ဖြတ်တောက်-

၃။ ။
မျှော်လင်းခြင်းချက်တစ်စုံတရာနဲ့
မျက်လုံးဟာ တောင်ဖန်တစ်ခတ်ခတ်
ပျံသန်းတယ်။

၎။ ။
ခြေဖုဝါးက အထပ်လိုက်ကွာကျလာတဲ့
အရေခွံနဲ့ နေ့ရက်တွေကို အင်္ကျီဝတ်ပေးတယ်။

၅။ ။
နွားတွေဟာ စွန်တွေကို ကြိုးတစ်ဆုံး
လွှတ်နေကြ၊

၆။ ။
ထွန်တုံးတွေရဲ့မျက်လုံးမှာ
ချိန်ကိုက်ဗုံးတွေ တိမ်စွဲလို့-

၇။ ။
စပါးခင်းမှာ ကျီးသာတယ်။

၈။ ။
"အမေတို့အိမ်ပြောင်းရတော့မယ်သားရယ်"တဲ့

၉။ ။
လှေဟာ တက်မဲ့၊ရွက်မဲ့
အမေဟာ လက်မရှိဘူး၊ရင်ဘတ်ရှိတယ်။

၁၀။ ။
ရာသီဥတုရဲ့သွားရည်စာတွေပဲ
သစ်ပင်ကိုင်းမှာ ကမ္ဘာဟာ တစ်ညအိပ်တန်းဝင်တယ်--

၁၁။ ။
အာရုံဦးဟာ ကင်ဆာရဲ့ သုမ်းပမ်းလို

၁၂။ ။
နေ့စွဲဟာ 
တံတွေးတွေ တစ်ဗျစ်ဗျစ်နဲ့

၁၃။ ။
စာသင်ကျောင်းက ဘဝကို လွယ်အိပ်ထဲထည့်ထားတယ်

၁၄။ ။
သူမရဲ့ မျှော်လင်းချက်တွေ
ရေတွန်းလှည်းနဲ့ ဥမကွဲသိုက်မပျက်

၁၅။ ။
ကျောက်စလစ်ခဲရဲ့ အရေခွံထူထူ

၁၆။ ။
ကားအိပ်ဇောက လှိမ့်ထွက်သွားတဲ့
မီးခိုးလို အိမ်ခေါင်မိုးဟာ ညှီနံတယ်

၁၇။ ။
ကျနော်ကုလားအုပ်တွေကို
တရားစွဲမယ်

၁၈။ ။
ကျနော် 
ထွန်တုံးတွေကို မျက်မှန်တတ်ပေးမယ်

၁၉။ ။
ကောက်ရိုးဖိထားတဲ့ မြေဆွေးကနေ
မှိုပွင့်ဖြူတွေ ထိုးထွက်လာသလို

၂၀။ ။
တစ်နေ့တစ်နေ့
သူမ ပုံးငိုတာကို မမြင်ချင်ဘူး

၂၁။ ။
ကျနော့လွယ်အိပ်တွေကို
ကြယ်တွေပွင့်အောင်မန်းမှုတ်မယ်

၂၂။။
အုန်းမောင်းခေါက်သံတွေ

၂၃။ ။
အာရုံဆွမ်းချက်အမီ နိုးထပါ

၂၄။ ။
မီးရထားမှောက်တာရှိတယ်

၂၅။ ။
ကမ္ဘာပတ်လမ်းမှာ
ပါးရေတွန့်ကောက်ကြောင်းတွေ
စိမ်း၊ဝါး၊နီ

၂၆။ ။
သမန္တလင်းတွေကို ဖောက်ထွင်းမြင်ရတဲ့
အလင်းဖော်စက်

၂၈။ ။
အိပ်စက်ခြင်းဟာ ကျနော်နဲ့ မထိုက်တန်တဲ့
နိမ့်ပါးခြင်း

၂၉။ ။
မေမေကြားလား

၃၀။ ။
တံခါးပေါက်တွေမှာ ဂျက်တွေဟာ
နှင်းဆီပွင့်လို့

၃၁။ ။
လောကဘာလတွေ
တီးတိုးစကားဆိုလာပြီ

၃၂။ ။
သံကောင်းတိုင်းပေမဖြစ်ပေမဲ့
ပေဖြစ်တဲ့သံတိုင်းဟာသံကောင်းဖြစ်တယ်

၃၃။ ။
အမေ့လက်ဝါးက အရေပြားအမာကျောက်များ

၃၄။ ။
ကျနော်တို့ အလင်းကို 
ဓာတုအကူညီမလိုပဲ သားဖောက်မွေးနိုင်ခဲ့ကြတယ်။

K-ဒါရ

ဆရာ ​ဇော်​ဇော်​ထွန်း ​မေးခဲ့​သော ​နာ​မည်ကြီးဝေဖန်ရေးဆရာမ မာဂျော်ရီ ပါးလော့ဖ် ( Marjorie Perloff)ကိုကွန်တမ်ပိုရာရီအမေရိကန်ကဗျာနဲ့ပါတ်သက်တဲ့ မေးခွန်းတစ်ခု

နာမည်ကြီးဝေဖန်ရေးဆရာမ မာဂျော်ရီ ပါးလော့ဖ် ( Marjorie Perloff)ကိုကွန်တမ်ပိုရာရီအမေရိကန်ကဗျာနဲ့ပါတ်သက်တဲ့ မေးခွန်းတစ်ခုမေးခဲ့ပါ တယ်...............ကျွန်တော် ကွန်တမ်ပိုရာရီကဗျာတွေအပေါ် သူတိုရဲ့
ထင်မြင်ယူဆချက်တွေကိုပဲဝေမျှပေးချင်တာပါ။့  အမှန်တကယ်ကျွန်တော်တို့တွေအတွက် ရှုပ်ထွေးနေတဲ့ ကွန်တမ်ပိုရာရီ ဆိုတာ ဘာလဲ လို့မေး ချင်ခဲ့ပါတယ် ကျွန်တော် ဒီမေးခွန်းကို တိုက်ရိုက်ကြီးသွားမေးလိုက်ရင် ဆရာမ အနေနဲ့ အံ့သြထူးဆန်းသွားမယ်ထင်မိပါတယ် အဲဒါကြောင့်ပဲ ကျွန်တော် ဆရာမကို သွယ်ဝိုက်ပြီးတော့ မေးခဲ့ရပါတယ်။ု

ZZH -ကွန်တမ်ပိုရာရီကဗျာတွေ(Contemporary Poetry)ကိုရေးရာမှာ / ရေးဖို့ နည်းစနစ်တွေများရှိပါသလားး ခင်ဗျာ ???
MP-အလွန့်ကို ကျယ်ပြန့်လှတဲ့ မေးခွန်းပါပဲ ကျွန်မရဲ့ ဘော်စတွန်ရီဗျူး အက်ဆေး ( Boston Review Essay ) ထဲက လူကြိုက်များခေတ်စားနေတဲ့နည်းတချို့ ကို ပေးပါမယ်ကျွန်မထင်သလို ရှင် အလွယ်တကူ ရနိုင်မယ့် ARTS and Letters daily နဲ့ BR site နှစ်ခုစလုံးမှာ အခု တင်ထားပါတယ် ဒါပေမယ့် လတ်တလော စာအုပ်စာအုပ်သစ်ထွက်ထားတဲ့ ဘရိုင်ယန်ရီးဒ်( အလာဘားမား) (Brian Reed ( Alabama) )နဲ့ ခရစ်ဒေါ်ကင်( Craig Dworkin) ရဲ့  စာအုပ်တွေကို ဖတ်ကြည့်ပါ.......ကဗျာမှာအကောင်းဆုံး ဟူးကန်နား (Hugh Kenner ) လို ဝေဖန်ရေးဆရာတွေရဲ့ စာတွေကိုလည်းပြန်ဖတ်ပါဦး လို့ ကျွန်မ ပြောရလိမ့်ပါလိမ့်မယ်

 ZZT :Is there any method to write contemporary poetry?

MP: Too broad a question. I give some current ways in my BOSTON REVIEW essay, online now both at BR site and on ARTS AND LETTERS DAILY which I think you can access easily. But I would say read the very helpful books by Brian Reed (Alabama)--a new one just out—and Craig Dworkin but also go back to critics like HUGH KENNER—THE BEST ON POETRY.

ZZH :ကွန်တမ်ပိုရာရီ ဂိုဏ်း ဆိုတာရော ရှိသလား??? e.g နယူးရောက်ဂိုဏ်း နဲ့ အနက်ရောင်တောင်တန်းဂိုဏ်းတို့လို..
MP: အဲ... ရှိတာပေါ ကွန်ဆက်ပ်ချူရယ်လစ်စင်မ် အဲဒါ မတိုင်ခင် Language Poetry နဲ့ Visual pပေါ့

ZZH- Is there any school which represent contemporary such as New York School , Black mountain?
MP- Well, yes, conceptualism and before that LANGUAGE POETRY and Visual poetry.

ZZH -ချားစ် ဘန်စတိန်းက language ကဗျာဆရာ ဖြစ်သည်သာမက contemporaryကဗျာဆရာဖြစ်သည်ဟု ဆိုနိုင်မလား
MP -ဟုတ်ကဲ့ ...ဒါပေမဲ့ ဒီလိုတံဆိပ်ကပ်ခြင်းဟာ သိပ်ရိုးအီပြီး ပျက်ပြယ်သွားတယ်။ ချားစ်ဟာ တစ်ခြား L ကဗျာဆရာများလိုမဟုတ်ဘဲ သူများနဲ့မတူဘဲ သီခြားသူဘာသာရပ်တည်တယ်လို့ယူဆလို့ရတယ်

ZZH -Can I say Charles Bernstein is not only language poets but also contemporary poet.

MP-Yes, the label is getting redundant and boring—Charles is himself, unlike the other L-poets. Best to consider him as an individual.

ZZH - ခရစ်ရှန်ဘွတ်ခ် (Christian Bok )ရဲ့ ယူနွိုင်းအား( Eunoia) ဟာ ကွန်တမ်ပိုရာရီကဗျာ ဖြစ်သလို ယူနီဗော်ခါ့လစ်( Univocalics) ရောဖြစ်ပါသလား?? MP-ခရစ်ရှန်ဘွတ်ခ်ကအမှန်တကယ်ကိုအရေးပါတဲ့ကွန်တမ်ပိုရီကဗျာဆရာ တစ်ယောက်ပါ သူရဲခရစ်တယ်လိုဂရာဖီ(CRYSTALLOGRAPHY)ကိုကြည့်လေအလွန်ကိုကောင်းတဲ့စာအုပ်.....

ZZH -Can I say Christian Bök's Eunoia is not only univocalics but also contemporary poetry?
MP-Christian Bok is indeed an important contemporary poet. Look at his CRYSTALLOGRAPHY, very good book!

ZZH - ရောဘတ်ဂရီနီယာရဲ့ ဝါကျများ ( Sentences) ကိုရော ကွန်တမ်ပိုရာရီ အရေးအသား(သို့) ကဗျာ လို့ခေါ်ဆိုလို့ရပါသလားခင်ဗျာ။
 MP- သိပ်ရတာပေါ့..

(ZZH - Can i call Robert Grenier''Sentences'' is contemporary writing or poetry?
 MP -Yes of course)လွန်ခဲ့တဲ့ တစ်နှစ်ခွဲခန့်လောက်က ကျွန်တော် ရူးချင်ယောင်ဆောင်ပြီး အမေရိကန်က ကဗျာဝေဖန်ရေးဆရာ ပါမောက္ခကို မေးခဲ့တာလေးပါ

မိမိကိုပြန်​မျှား​သော ငါးများ

မိမိကိုပြန်မျှားသော ငါးများ

မျက်လုံးကနေ
လက်တံတွေရှည်ထွက်လာတယ်
မျက်ကြည်လွှာတွေကို
မြင်ခြင်းအသိတစ်မျိုးနဲ့
ဆေးသားပိန်းပိန်းသုတ်လိမ်းပစ်တယ်။
မြင်လိုက်ရတဲ့ နှင်းဆီခူးသူ
နှင်းဆီဆူးစူးရှာမှာ
သွေးသံတရဲရဲနဲ့။

ဆဌမအာရုံနဲ့လူ
လှသမျှကို ချူချင်တဲ့
အာသာရှိတယ်။

အတောမသတ်နိုင်တဲ့
စက္ကြာဝဠာ အပြောကျယ်မှုနဲ့
အချိတ်ဆက်မိမိ သူတို့ဖြေရှင်းချက်
သူတို့တတ်နိုင်တာ
"မြင်ဖို့"
သူတို့လုပ်ချင်တာ
"စေဖို့"
ဒီလိုနဲ့ လူကို
အရှုံးထဲနှစ်သတ်တယ်။

အထိတွေ့နဲ့ ငြိမ့်ညောင်းလိုရာ
လက်ဖျား/လျှာ/နှုတ်ခမ်းနဲ့
လိင်အင်္ဂါ/အရေပြား
အထားသိုလ်ရခက်လာတယ်၊
မိမိကိုတွန်းလှန်တယ်၊
မိမိဟာသစ်ပင်ဖြစ်ပြီး
ယင်းဟာ ပုဆိန်ရိုးများ။

သူတို့ တောင်းဆိုကြတယ်
သူတို့အလိုကိုလိုက်ရင်း
ငါဟာ
အက်ဆစ်ဝိုင်တွေကို
အခါခါမော့ချနေရ။

ဆန္ဒနဲ့ တစ်ထပ်တည်းကျနေသရွေ့
လူဟာ အရောင်မှိန်လာတယ်၊
အမှောင်ရင့်လာတယ်၊
ကွယ်ပျောက်သွားတယ်။


K-Darr
K-ဒါရ

ပန်းပုဆရာ

ပန်းပုဆရာ
----------

အချစ်နဲ့ပတ်သတ်ပြီး ပြောစရာဆိုလို့
ရင်ကွဲနာကျတယ်။

တကယ်ဆို မီးဖုတ်ပြီး ပုံသွင်းထားတဲ့
သံသားနှင်းဆီပဲ။
ငါ့ယုံကြည်မှုနဲ့ စကျင်ကျောက်သားကို
ငါထုဆစ်၊
ငါ့ဆောက်ရှာနဲ့ ယမင်းရုပ်ဟာ ငါ့ကိုပြန်ထွင်းဖို့ နှုတ်ခမ်းကို အလှဆုံးပြုံးတယ်။

မျက်လုံးတွေကို ဖောက်ထုတ်ပြီး
ဂြိုလ်ရှစ်လုံးဆီကို ဆက်ကပ်တယ်
စိတ်နဲ့တူသော အရုပ်တို့
နေထွက်ခြင်း၊နေဝင်ခြင်း
ကတ္တရာလမ်းနဲ့ နျူးကလီယားဓာတ်ပေါင်းဖို
ဘာကိုမှ ငါမမြင်ရတော့ဘူးပဲ။

အချစ်ပေးရင် အချစ်ပြန်ပေးပါလို့
အရင်းရှင်ဆန်ဆန် ငါမတောင်းဆိုဘူး။
အချစ်နဲ့ဖန်ဆင်းလို့ နှင်းဆီတစ်ခင်းလုံး
နီရဲတဲ့အထိ
ငါ့သွေးနဲ့ဖြန်းပက်တယ်
ငါ့အနာဂတ်ကိုရက်ရောတယ်။

တုံ့ပြန်မှုဟာ အေးတိအေးစက်
တုံ့ပြန်မှုဟာ ရေခဲတိုက်ထဲက
အူစိန်ဘော့ဂ် ခြေထောက်များ-
ပြဒါးပြယ်မှန်/
ပဲတင်မဲ့ လှိုင်းခေါင်း/
ဂျင်းထည်မရှိတဲ့ဆောင်းရာသီ။

အငွေ့ရှုရှိုက်ရင်းပဲ
နှင်းဆီကို တစ်ခင်လုံး ခြံခတ်ခံလိုက်ရ။

သေနေတဲ့ကံဟာ
အသံတိတ်ကျဉ်ဆန်တစ်တောင့်လို
ဖောက်ဝင်တယ်
ပန်းပုရုပ်ဟာ ငါ့နံရိုးကို အစွယ်လုပ်ပစ်တယ်
အချစ်ဆိုတာ ဖုတ်သွင်းရထားကိုပါ
ကျင်ငယ်စွန့်တာပဲ။

ကမ္ဘာစောင့်နတ်တွေ အိပ်ရေးဝဝအိပ်တယ်။

မဏိမေခလာဟာ ငါ့နှာမည်ကို
မသိဘူး။

ကာလနဂါးသေဆုံးကြောင်း သတင်းပါပြီးနောက်
ဘုရားဟာလောင်းဟာ တစ်ခြားကမ္ဘာကိုရှာတယ်။

အချစ်ဆိုတာ
မြားကျဉ်တောင်ဖြစ်မဲ့ ဝါးဆစ်။
ဝါးကို ဝါးနဲ့ ခနခန ထိုးဆွခံရတယ်-

အချစ်ဆိုတာ သူတောင်းစားရဲ့ ကော်ခွက်
မြေကို နာနာရိုက်တာတောင်
ဝသုနြေ္ဒဟာ ဂရုစိုက်ဖော်မရဘူး။

မျက်လုံးတွေမရှိတော့တဲ့အခါ
ရေတံခွန်ဖြစ်ဖြစ် တံလျှပ်ဖြစ်ဖြစ်
ငါ့ဟာ ခုံဆင်းပစ်တာပဲ။

ပန်းပုရုပ်ဟာ လူလားမြောက်ပြီး
ငါ့အနာဂတ်ကို ချဉ်ခြင်းတတ်တယ်ဆိုပဲ။

ဘယ်လိုအရူးစာရင်မျိုးထဲ ငါ့ကိုထည့်ထည့်
အိပ်မွေ့ချခံထားရတယ်လို့ ငါ့ကိုစားပြောပေးပါ။

ငါဟာ ပန်းပုဆရာတစ်ယောက်ပါပဲ။
ငါ့ကို ပန်းပုရုပ်က ပြန်ထုဆစ်လိုက်တယ်။
ငါ အိပ်မွေ့ချခံထားရတယ်လို့ ငါ့ကိုယ်စားပြောပေးပါ။

K-ဒါရ

"နာနာလီ ကို ကားတိုက်တာလို့ပြောပါ" -------------------------------- အခန်းတစ်ခန်း၏ အထဲ၌ဖြစ်သည် ခရမ်းရောင်ရင့်ရင့်ဆေးသားများဖြင့် မျက်နှာကြက်အလယ်တည့်တည့်မှ ဖန်မီးသီးမလင်းတစ်လင်း တစ်လုံးတည်း၏ အလင်းရောင်၌ ဆိပ်ငြိမ်နေသော အခန်းထဲ၌ဖြစ်သည်။ အခန်း၏ယာဖက်ထောင့် စားပွဲခုံအဖြူပေါ်မှာ ပန်းအိုးမရှိပဲ ဝိုင်သောက်သည့် ဖန်ခွက် ကြေးအိုရောင်တစ်လုံးသာရှိသည်။ဖန်ခွက်ထဲမှာ ဝိုင်မရှိပဲ ရေပူဖောင်းကလေးတွေ နှစ်လုံးသုံးစီ ပွတ်တက်နေသော ရေတွေသာရှိပြီး ရေထဲမှာတော့ တစ်လက္မအရွယ် ရွှေငါးကလေးတစ်ကောင်သည် လူးလွန့်ကူးလူးလျှက်ရှိသည်။ ငါးကလေး၏မျက်လုံးသည် ခရမ်းရောင်ဖြစ်ပြီး မျက်ကြည်လွှာတွင် အိပ်ကုတင်အဖြူတစ်လုံးရှိသည်။ ကုတင်၏ဘဲ၌ ကင်းပတ်ပြားတစ်ခုကို ထင်းရူးသားညှပ်ခုံနှင့်ထောင်ထားသည်။ ရှေ့မှာ စားပွဲခုံလေးရှိပြီး ထိုအပေါ်မှာ ဆေးထည့်ထားသည့်ခွက်များ၊စုတ်တံများ၊အပြင်းစားရမ်တစ်ပုလင်း၊ဆော်ဒါပုလင်း၊ရေခဲပန်ကန်နှင့်ရမ်အနည်းငယ်ရှိသည့် ဖန်ခွက်တစ်လုံး၊နောက်ထပ် လူတစ်ယောက် ခုံအစွန်းမှာ မျက်နှာအက်လျှက်...... လူ၏မျက်လုံးသည် မြက်ခင်းကျယ်ဖြစ်၏၊ကတ္တရာလမ်းမဖြစ်၏၊ထိုနှင့်တစ်ဆက်တည်း ကားများဖြစ်၏၊နာရီစင်ဖြစ်၏၊နာရီသည် နှိုးစက်များကို တပ်ဆင်ထားနိုင်ပြီး နှိုးစက်သည် လူ၏အဇ္ဈတ္တကိုနှိုး၏။ ထိုအခါ လူသည် မဟော်ဂနီရောင်ခန်းဆီးများ တလွင်လွင်လှုပ်ရွနေသည့် အခန်းဖြူတစ်ခုဆီသို့ရောက်သွား၏။ ထိုအခန်း၏ ကုတင်ပေါ်တွင် ဆွတ်ပျံနေသော ရာဂမြင်းရိုင်းတို့၏ခွာပေါက်သံကို သူမ၏ရင်သားများမှဖြစ်တည်၏။သူ၏နှုတ်ခမ်းများမှဖြစ်တည်၏။သူ၏လက်ညှိုးများသည်သူမ၏နှုတ်ခမ်းများကိုပွတ်သတ်နေ၏။သူ၏နှုတ်ခမ်းများသည် သူမ၏ရင်သားများ၌ဖြန့်ကြက်လျှက်- သူမ၏လက်များသည် သူ၏ပခုံးပေါ်၌၊နောက်-သူ၏ဆံပင်များကြား၌၊နောက် သူ၏ဘောင်းဘီခါးပတ်ကို ဖြုတ်လိုက်ချိန်နှင့် တိုက်ဆိုင်စွာပင် ချန်ပိန်ပုလင်းကြီးကို ဖော့ဆို့နှုတ်လိုက်ချိန်လည်းဖြစ်သည်။"Happy new year!"ချန်ပိန်ရေမြှုတ်များအပေါ်သို့မြင့်တက်သွားချိန်ဖြစ်သည်။ကားပေါ်မှာ ချစ်သူစုံတွဲသုံးတွဲ အော်လိုက်တဲ့အချိန်ဖြစ်သည်။ကားဟာ မီးခိုးတွေကို အသကုန်မှုတ်ပြီးဝုန်းခနည်းဆောင့်ထွက်ချိန်ဖြစ်သည်။သူ၏နှုတ်ခမ်းများသည် သူမ၏ဗိုက်သားချပ်ချပ်ပေါ်မှာရွှေ့လျှားသည်။ထို့နောက်၊သူမချက်တွင်းပေါ် သူ၏သူ၏လျှာဖျားရှိသည်။သူမဘောင်းဘီခါးပတ်ပေါ်သို့ သာ၏လက်များရောက်ချိန်၌သူမ၏မျက်နှာပေါ်သို့ မျက်နှာကြက်က မှန်မီးဆိုင်းကြီးပြုတ်ကျချိန်ဟာတပြိုင်တည်းဖြစ်ပြီးနောက်လေးဆယ်ငါးမိနစ်ခန့်အကြာ ကားဟာလမ်းဖြတ်ခုံးတတားတစ်ခုအောက်မှဖြတ်သွားချိနှင့် သူဟာ သူမကို ခုံးတံတားပေါ်က ပစ်ချချိန်ဟာ တစ်ချိန်တည်းပင်ဖြစ်သည်။ကားသည် ဝုန်းခနည်းဦးတည်ရာမဲ့ဖြစ်သွားပြီးနောက် ဓာတ်မီးတိုင်ကို ဝင်ဆောင့်လိုက်သည်ဆိုလျှင်ပဲ သူဟာ ခုံးတံတားကနေ မိမိအခန်းဆီပြေးလာခဲ့သည်- ယခု သူဟာ ရွှေငါးကလေး၏မျက်ကြည်လွှာတွင်ဖြစ်ပြီး ၄င်းဟာ ခရမ်းရေင်အခန်းထဲတွင်ဖြစ်သည်။ အခန်းတံခါးခေါက်သံကိုကြားရတယ်ဆိုတာ သူအာရုံကို ငရဲနှိုးစက်ပေးတာပဲ။အခန်းတံခါးကို ဖွင့်လိုက်တယ်ဆိုတာ သူ့ကိုသူသေကြောင်းကြံတာပဲ "တကယ်လို့ ခင်ဗျားသာ လွန်ခဲ့တဲ့ လေးနာရီက "နာနာလီ"နဲ့ facebook chatbox အဆက်သွယ်မလုပ်ခဲ့ဘူးဆိုရင်၊ဒါမှမဟုတ် သူ့ရဲ့ ကုတ်အင်္ကျီက ဟန်းဆက်ကို ခင်ဗျားနှိုက်ယူလာခဲ့တာဆိုရင် ခင်ဗျာဖန်တီးသလို "နာနာလီ"ဟာ ကားတိုက်ခံရတာလို့ ကျနော်တို့ကောက်ချက်ချမိကြမှာပဲ"ဆိုတာကတော့ သူကိုချမှတ်လိုက်တဲ့ သေမိန့်ဖြစ်တယ်။ K-ဒါရ

"နာနာလီ ကို ကားတိုက်တာလို့ပြောပါ"
--------------------------------

အခန်းတစ်ခန်း၏ အထဲ၌ဖြစ်သည်
ခရမ်းရောင်ရင့်ရင့်ဆေးသားများဖြင့်
မျက်နှာကြက်အလယ်တည့်တည့်မှ
ဖန်မီးသီးမလင်းတစ်လင်း တစ်လုံးတည်း၏ အလင်းရောင်၌ ဆိပ်ငြိမ်နေသော အခန်းထဲ၌ဖြစ်သည်။
အခန်း၏ယာဖက်ထောင့် စားပွဲခုံအဖြူပေါ်မှာ ပန်းအိုးမရှိပဲ ဝိုင်သောက်သည့် ဖန်ခွက် ကြေးအိုရောင်တစ်လုံးသာရှိသည်။ဖန်ခွက်ထဲမှာ ဝိုင်မရှိပဲ ရေပူဖောင်းကလေးတွေ နှစ်လုံးသုံးစီ ပွတ်တက်နေသော ရေတွေသာရှိပြီး ရေထဲမှာတော့ တစ်လက္မအရွယ် ရွှေငါးကလေးတစ်ကောင်သည် လူးလွန့်ကူးလူးလျှက်ရှိသည်။
ငါးကလေး၏မျက်လုံးသည် ခရမ်းရောင်ဖြစ်ပြီး မျက်ကြည်လွှာတွင် အိပ်ကုတင်အဖြူတစ်လုံးရှိသည်။
ကုတင်၏ဘဲ၌ ကင်းပတ်ပြားတစ်ခုကို ထင်းရူးသားညှပ်ခုံနှင့်ထောင်ထားသည်။
ရှေ့မှာ စားပွဲခုံလေးရှိပြီး ထိုအပေါ်မှာ ဆေးထည့်ထားသည့်ခွက်များ၊စုတ်တံများ၊အပြင်းစားရမ်တစ်ပုလင်း၊ဆော်ဒါပုလင်း၊ရေခဲပန်ကန်နှင့်ရမ်အနည်းငယ်ရှိသည့် ဖန်ခွက်တစ်လုံး၊နောက်ထပ် လူတစ်ယောက် ခုံအစွန်းမှာ မျက်နှာအက်လျှက်......
               လူ၏မျက်လုံးသည် မြက်ခင်းကျယ်ဖြစ်၏၊ကတ္တရာလမ်းမဖြစ်၏၊ထိုနှင့်တစ်ဆက်တည်း ကားများဖြစ်၏၊နာရီစင်ဖြစ်၏၊နာရီသည် နှိုးစက်များကို တပ်ဆင်ထားနိုင်ပြီး နှိုးစက်သည် လူ၏အဇ္ဈတ္တကိုနှိုး၏။
ထိုအခါ လူသည် မဟော်ဂနီရောင်ခန်းဆီးများ တလွင်လွင်လှုပ်ရွနေသည့် အခန်းဖြူတစ်ခုဆီသို့ရောက်သွား၏။
ထိုအခန်း၏ ကုတင်ပေါ်တွင် ဆွတ်ပျံနေသော ရာဂမြင်းရိုင်းတို့၏ခွာပေါက်သံကို
သူမ၏ရင်သားများမှဖြစ်တည်၏။သူ၏နှုတ်ခမ်းများမှဖြစ်တည်၏။သူ၏လက်ညှိုးများသည်သူမ၏နှုတ်ခမ်းများကိုပွတ်သတ်နေ၏။သူ၏နှုတ်ခမ်းများသည် သူမ၏ရင်သားများ၌ဖြန့်ကြက်လျှက်-
သူမ၏လက်များသည် သူ၏ပခုံးပေါ်၌၊နောက်-သူ၏ဆံပင်များကြား၌၊နောက် သူ၏ဘောင်းဘီခါးပတ်ကို ဖြုတ်လိုက်ချိန်နှင့် တိုက်ဆိုင်စွာပင် ချန်ပိန်ပုလင်းကြီးကို ဖော့ဆို့နှုတ်လိုက်ချိန်လည်းဖြစ်သည်။"Happy new year!"ချန်ပိန်ရေမြှုတ်များအပေါ်သို့မြင့်တက်သွားချိန်ဖြစ်သည်။ကားပေါ်မှာ ချစ်သူစုံတွဲသုံးတွဲ အော်လိုက်တဲ့အချိန်ဖြစ်သည်။ကားဟာ မီးခိုးတွေကို အသကုန်မှုတ်ပြီးဝုန်းခနည်းဆောင့်ထွက်ချိန်ဖြစ်သည်။သူ၏နှုတ်ခမ်းများသည် သူမ၏ဗိုက်သားချပ်ချပ်ပေါ်မှာရွှေ့လျှားသည်။ထို့နောက်၊သူမချက်တွင်းပေါ် သူ၏သူ၏လျှာဖျားရှိသည်။သူမဘောင်းဘီခါးပတ်ပေါ်သို့ သာ၏လက်များရောက်ချိန်၌သူမ၏မျက်နှာပေါ်သို့ မျက်နှာကြက်က မှန်မီးဆိုင်းကြီးပြုတ်ကျချိန်ဟာတပြိုင်တည်းဖြစ်ပြီးနောက်လေးဆယ်ငါးမိနစ်ခန့်အကြာ ကားဟာလမ်းဖြတ်ခုံးတတားတစ်ခုအောက်မှဖြတ်သွားချိနှင့် သူဟာ သူမကို ခုံးတံတားပေါ်က ပစ်ချချိန်ဟာ တစ်ချိန်တည်းပင်ဖြစ်သည်။ကားသည် ဝုန်းခနည်းဦးတည်ရာမဲ့ဖြစ်သွားပြီးနောက် ဓာတ်မီးတိုင်ကို ဝင်ဆောင့်လိုက်သည်ဆိုလျှင်ပဲ သူဟာ ခုံးတံတားကနေ မိမိအခန်းဆီပြေးလာခဲ့သည်-
          ယခု သူဟာ ရွှေငါးကလေး၏မျက်ကြည်လွှာတွင်ဖြစ်ပြီး ၄င်းဟာ ခရမ်းရေင်အခန်းထဲတွင်ဖြစ်သည်။

        အခန်းတံခါးခေါက်သံကိုကြားရတယ်ဆိုတာ သူအာရုံကို ငရဲနှိုးစက်ပေးတာပဲ။အခန်းတံခါးကို ဖွင့်လိုက်တယ်ဆိုတာ သူ့ကိုသူသေကြောင်းကြံတာပဲ
"တကယ်လို့ ခင်ဗျားသာ လွန်ခဲ့တဲ့ လေးနာရီက "နာနာလီ"နဲ့ facebook chatbox အဆက်သွယ်မလုပ်ခဲ့ဘူးဆိုရင်၊ဒါမှမဟုတ် သူ့ရဲ့ ကုတ်အင်္ကျီက ဟန်းဆက်ကို ခင်ဗျားနှိုက်ယူလာခဲ့တာဆိုရင် ခင်ဗျာဖန်တီးသလို "နာနာလီ"ဟာ ကားတိုက်ခံရတာလို့ ကျနော်တို့ကောက်ချက်ချမိကြမှာပဲ"ဆိုတာကတော့ သူကိုချမှတ်လိုက်တဲ့ သေမိန့်ဖြစ်တယ်။

K-ဒါရ