Monday, August 8, 2016

လူ​တွေကို စာတိုက်​​နေ ပို့လိုက်​ပါ။ ဝက်​​တွေဟာ ကား​ပေါ်မှာ ဂျွန်​စီနာ​တွေ။

လူတွေကို စာတိုက်ကနေ ပို့ပေးလိုက်ပါ။ဝက်တွေဟာ ကားပေါ်မှာ ဂျွန်စီနာတွေ။
_____________________________________

(ဃ)
တစ်ယောက်ယောက် ဒလိန့်ကောက်ကွေ့ပြုတ်ကျလာတဲ့ ပန်းကန်ပြားတစ်ခုအထဲမှာ ကိုယ့်နံရိုးနဲ့ လုပ်ထားတဲ့ ဇွန်းခက်ရင်းရယ် နှုတ်ခမ်းနာကို ရေခဲအုပ်ထားပြီး မျက်ရည်ကျနေတယ် မီးခိုးတိုင်ထိပ်က ကျီးကန်းဟာ ပျံသွားပြီး မီးခိုးတွေ အလိပ်လိုက်တက်လာပြီး ငိုနေတဲ့ လူတွေ အိပ်မွေ့ကျသွားပြီး အကြွေးရစရာရှိတဲ့ လူတွေဟာ ကျိန်ဆဲပြီး အကြွေးပေးစရာ ရှိတဲ့ လူတွေဟာ ပျော်မွေ့ပြီး ပန်းကန်ပြားဟာ ထပျံသွားတဲ့ အချိန်မှာ နံရိုးနဲ့ လုပ်ထားတဲ့ ဇွန်းခက်ရင်းတွေ လိုက်လံဖမ်းဆွဲ တစ်ယောက်ယောက်ကို ချစ်ခဲ့ပါတယ်လို့ ပြောတဲ့အခါ ငိုကြွေးမတတ်ရယ်မော အံသွားကြားထဲက အကုသိုလ်တွေကို သူ့နေရာနဲ့ သူ အကန့်လိုက်ခွဲထုပ်ပြီး ငုတ်လျှိုသွား မိုးရွာနေတဲ့ ရက်တုံးက လိင်ဆက်ဆံခဲ့ကြတဲ့ တစ်ယောက်ယောက်ကို လွမ်းတယ်လို့ ဖြောင့်ချက်ပေးတဲ့ အခါ လူသေဟာ နောက်တစ်ခါ သေကို သေရမယ် ကြားလား အနာဟာ လူနာနဲ့ မတည့်ဘူး ဆရာဝန်ပြောတာကို ကြားလား စားစရာက အလစ်သုတ်သွားတဲ့ ပန်းကန်ပြားတစ်ချပ်ဟာ အင်္ဂါဂြိုလ်ဆီလား အ၀ီစိဆီလား ကမ္ဘာကြီး နှစ်ဆယ့်သုံး နှစ်ပိုင်း တစ်ပိုင်း ဒီဂရီတိမ်းစောင်းနေတာဟာ ဟုတ်သလား ပြီးတော့ ဘေးနားက သူငယ်ချင်းကို တစ်လုပ်စာခွဲကျွေးဖို့ တွန့်တိုနေတာမဟုတ်လား ပြီးတော့ ငါ၊သူတပါး၊ယောက်ျား၊မိန်းမ၊သမီး၊သား၊မယား၊ကြင်ယာ။

(ဗ)
ပြီးတော့ သိဒ္ဒတ္ထ ထွက်သွားပြီး ဘုရား ပြန်ရောက်လာသော အခါ ရာဟုလာ ဟာ ဘယ်သူသားလဲ စသဖြင့် နေ ကြက်တယ် လ ကြက်တယ် စုန္ဒဟာ ၀က်သား မချက်သေးခင် ဘုရား ၀မ်းပျက်နေတယ် ဆိုလိုတာဟာ ဆေးဆရာဘ၀က အစ နှမ်းတစ်စေ့လောက် ၀မ်းနှုတ်ဆေးက အစ ဘုရားကို သတ်နိုင်တယ် ဆိုလိုတာဟာ သီလရှင် ဟာ ဇိဉ္ဇမာန မဟုတ်ပေမဲ့ အရှက်ခွဲတယ် မီးခိုးတိုင်ထိပ်က ပြန်ဝင်ရင် မြသီရဲ့ လင် ဘ၀ကို ပြန်ရနိုင်မလား ဆိုတော့ ဘုရားရဲ့ ညာဘက်နှုတ်ခမ်းထောင့်က ဂဇ္ဈဂုဋ်တောင်ခြေမှာလို ရောင်ခြည်တော်ကွန့်မြူးတယ် လွတ်သွားတဲ့ ငါးတွေကို မြင်ဖူးတယ် ထပ်လွှတ်ရမဲ့ ငါးတွေကို မကြီးဖို့ ဆုတောင်းတယ် ကဗျာဆရာတွေလို ကြယ်တွေကို ကိုးကွယ်တယ် ဗြဟ္မာခေါင်းကြီးမှာ ခွေးသေကောင်ပုတ်ဆွဲပြီး ရောက်လာတယ် ဖုတ်သွင်းရထားဟာ သားသတ်ရုံမှာဆိုက်လာတယ် ငိုနေတဲ့ ကလေးဟာ သင်္ကန်းစကိုဆွဲပြီး ဇေတ၀န် ကျောင်းတော်ကြီးဆီ ပါသွားတယ် ငိုနေတဲ့ ကလေးဟာ ပေါင်မုန့်တစ်ဖဲလောက် လိုချင်နေတယ် ပြီးတော့ နေ၀င်ပြီးရင် နောက်ဘ၀ကို ပြန်စမယ်။

(လ)
ဒီကဗျာတော့ ဆုံးပါပြီ။

K-ဒါရ

Saturday, August 6, 2016

အတိဇာတ သား ကို ဖန်တီးခြင်း

ချစ်သော အဖေနဲ့ ခြေရာတိုင်းခြင်း
____________________________

အဖေ့ကို သူ့အမေ မွေးတုံးက ကျနော့ကို ကျနော့အမေ မမွေးသေးဘူး။ဆီလီနာ ဂိုမဇ် လည်း မမွေးသေးဘူး။ခရစ်တီယာနို ရော်နလ်ဒို လည်း မမွေးသေးဘူး။မာရာဒိုနာ ဘော်လုံးမကန်ခင် ကတည်းက အဖေ့ကို မွေးထားပြီးသား။ဇူကာဘဂ် ဖေ့စ်ဘုခ် ကို ရှာမတွေ့ခင် ကတည်းက အဖေ့ကို မွေးထားပြီးသား။
လူကူးမျှဉ်းကျားမှာ ကြောင်တောင်ရပ်နေတဲ့ ကျနော့အဖေကို ကားတစ်စီးရဲ့ အိတ်ဇောက မီးခိုးတွေနဲ့ ပစ်မှုတ်ခဲ့တဲ့ ညကမှ လူ့ဘ၀ကို ကျနော်ရလာတာ။

မှတ်မှတ်ရရပဲ ကျနော့အမေ ကျနော့ကို ဘယ်လိုမွေးခဲ့တယ် ဆိုတာကို ကျနော်မမှတ်မိတော့ဘူး။လူ့ဘ၀ရဲ့ ပထမဆုံး ရုန်းကန်ရတဲ့ အသက်လုပွဲကြီးတစ်ခုကို ကျနော်မေ့နေတာဟာ ကျနော့အတွက် မကောင်းဘူး။ဘ၀အတွက် အကောင်းဘူး။ မှတ်မှတ် ရရပဲ ကျနော်စပြီး မှတ်မိတဲ့ အရာဟာ ကျနော့ရှေ့တည့်တည့်က ကျောက်ဆောင်ကြီးဟာ သွေးစက်စက်ကျနေတယ်။ကျနော်ဟာ အမေ့ရင်ခွင်ထဲကနေပြီး အဖေ့ကို သနားနေခဲ့တာလား ဝေခွဲမရတော့ဘူး။အဲ့ဒီတုံးက ကျနော် စကားပြောတတ်ရင် "fightin ဖေဖေ"လို့ ပြောဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကျနော် မှတ်မိတယ်။

"သား သမီး ရတနာ"လို့ တချို့က သူတို့သားသမီးကို အမွှန်းတင်နေချိန်မှာ အဖေဟာ ကျနော့ကို ဝါးခြပ်ပြားနဲ့ နာနာရိုက်နေတယ်။ ပြီးတော့ ဖေဖေ ပြောပြတယ်။ "အိုဗျာ.....အဖေဟာ စောက်ဖောင်းပါ"ပြောပေါက်ကိုကြည့်_______"ဘယ်ပင်လယ်မှ ရေတံခွံလောက် မမြင့်ဘူး။ဘယ်ရေတံခွံမှ ပင်လယ်လောက်မကြီးဘူး"တဲ့။ကျနော့ကို ကျနော်တောင် ဘာအကောင်မှန်း မသိတဲ့ အချိန်မှာပဲ အဖေဟာ ကျနော့ကို ခွာ လာတိုင်းနဲ့။ သူ့ခြေရာထက် မကြီးမချင်း အဖေ ဟာ ကျနော့ခြေဖုဝါးတွေကို တမင်နာကျင်အောင် တက်နင်းနေမဲ့ပုံ။

ရေတံခွံတွေကို "အဖေ"လို့ ခေါ်မိတော့ ကျနော်ဟာ ပင်လယ်လို့ခံယူဖို့ကို ရှက်ရွံ့ခဲ့တဲ့ အခိုက်တွေပေါ့။အဖေ့ကို ဘယ်တုံးကမှ မော့မကြည့်ရဲခဲ့တဲ့ ကောင်ကိုပဲ အဖေက သူ့ကိုငုံ့ကြည့်ဖို့ ကျနော့ကို အခါခါ တွန်းအားပေးတယ်။
ကျနော်လည်း အဖေ့သွေးကြောင့်ရဲတာလား အဖေ့အဆဲကြောင့် ရဲခဲ့တာလား ပထမဆုံး အဖေ့ကို ငုံ့ကြည့်ခွင့်အဖြစ် အဖေမဖြေဖူးခဲ့တဲ့ ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့ အောင်ခဲ့တယ်။ ကျနော့ကို မနာလို လို့လား အဖေဟာ ကျနော့ကိုကြည့်ရင်း မျက်ရည်တွေ ထွက်လာတယ်။ဟာ ဟ့။ဟာသပဲ အဖေ ကျနော့ကို ပထမဆုံး ဖက်ခဲ့တယ်။"ငါ့သား ကွ!!" တဲ့။

ဖိုမ သဘာဝ အာသာတပြေစာ လိင်ဆက်ဆံရာက မတော်တဆ တည်လာတဲ့ သန္ဓေကို အသက်တမျှ ဂရုစိုက်နေကြတဲ့ အရူး လူလင်မယားဟာ ကျနော့ အဖေနဲ့ အမေပေါ့။မနေ့ညကတော့ ထူးထူးခြားခြားပဲ ကျနော့အဖေနဲ့ ဖုန်းပြောဖြစ်ခဲ့တယ်။"ငါ့ကို စောက်ဂရုမစိုက်ရင်တောင် မင်းအမေနဲ့ မင်း ညီမတွေ အလွမ်းပြေဖို့ တစ်လ တန်သည်၊နှစ်လတန်သည် ပြန်လာပါ။ဒါမှ မဟုတ် အပြီးပြန်လာပါ "တဲ့။ကျနော်ပြုံးနေလိုက်တယ်။ အဖေတော့ ဘယ်လိုနေမလဲ ကျနော်မသိဘူး။ အဖေ ပိုင်ဆိုင်တဲ့ လယ် နှစ်ဆယ့်တစ် ဧက ကို ဝယ်ပြီးရင်တောင် ကျနော်ဟာ အဖေ့ထက်ချမ်းသာတဲ့ ကောင်ဖြစ်နေပြီပဲ။
အဖေ့သား မဟုတ်တဲ့ စီရော်နလ်ဒိုတောင် အဖေ့ထက်တော်အောင် ဘော်လုံးကန်နိုင်တာပဲ။အဖေ့သားဖြစ်တဲ့ ကျနော်က ဘာလို့ အဖေ့ထက်တော်အောင်မလုပ်နိုင်ရမှာလဲ။
သမရိုးကျ နားထောင်ဖြစ်နေတဲ့ သီချင်းခွေတွေကို ဘေးဖယ်ပြီး "ဘိုဖြူ" ရဲ့ "ဆန်ရေ"သီချင်းနဲ့ ငြိမ့်နေလိုက်တယ်။

မကြာခင် ကျနော် အိမ်ပြန်ပါတော့မယ်။ ။

K-ဒါရ