Sunday, February 28, 2016

ကျော်​​ဇောခိုင်​ ကဗျာများ(၁)

ကျော်ဇောခိုင်ကဗျာပေါင်းချုပ်(၁)
=======================
March
----------ကျော်ဇောခိုင်
ငါးစာက ငါးထက်ပိုများတဲ့
တံလျပ်တွေထဲ
အခြားအာရုံများလည်း တောက်ဖို့ လောင်ဖို့
လွယ်နေ။
သစ်ရွက်ကြွေသော ရာသီဥတုနှင့်
ကံကော်ပွင့်၏ ပူပြင်းသော အနံ့အသက်များ
လက်ခံမယ့်သူ မရှိတဲ့
တယ်လီဖုန်းမြည်သံတစ်ခုလို
ဥသြငှက်ရဲ့အော်မြည်သံဟာ
လေမှာ တန်းလန်း ။ ။
(၂၀၀၀)

**************************************************
လေဆိပ်
----------ကျော်ဇောခိုင်
လူတစ်ယောက်ရဲ့အလိုဆန္ဒဟာ
အခြားလူတစ်ယောက်အတွက်လည်း
အကောက်ခွန်မဲ့ကုန်ပစ္စည်းသာ ဖြစ်သင့်တယ်။
အန္တရာယ်ကင်းချင်သပဆိုရင်
ခါးပတ်ကိုယ်စီပတ်ထား
စီးကရက်မီးတွေလည်း ငြိမ်းထား။
ဘ၀ဆိုတာ
အလိုရှိရာ အမြင့်ပေကို
မိမိကိုယ်ကို မတင်ခြင်းပဲ တဲ့။
......တိမ်တွေ ရှိရာ ငါ...ရောက်ရှိခဲ့ပြီ ဆိုပါစို့........။
သင့် နုပျိုခြင်း
သင့် မေ့လျော့ထားခဲ့ခြင်းတို့ဧ။်
ဝေးကွာမှုန်ဝါးသော အာက်ခြေမှာ......။ ။

**********************************************

အင်းလျား
-------------ကျော်ဇောခိုင်
ကလေးတွေက
ငါ့ခြေ ငါ့လက်ပေါ်မှာ
အိပ်မက်တွေကို စွန့်ပစ်
ဘ၀အစစ်ရှိရာကို
ပျံသန်းသွားကြသတဲ့......။
ငါနဲ့အတူ ကောင်းကင်ပက်လက်
ရွက်လှေနှင့် သက္ကရာဇ်တို့
ငါ့ခန္ဓာကိုယ်ပေါ်နဲ့
ရင်ထဲ စီးဆင်းသွာ။...........။

*****************************************************
လက်ကောက်ဝတ်နှင့် ပန်းပွင့်များ
--------------------------------- ကျော်ဇောခိုင်

အခု ငါ့လက်ကောက်ဝတ်ပေါ်
ဆောင့်တိုးနေတဲ့သွေးဟာ
အခု ငါမြင်နေရတဲ့ပန်းပွင့်ပဲ
အခု ငါရှုသွင်းခဲ့ရတဲ့လေပဲ
အခု ငါ့ကိုယ်ပေါ် ဖြာကျနေတဲ့နွေဥတုပဲ
ပြီးတော့
ငါ မစိုက်ပျိုးခဲ့တဲ့
ကောက်ပဲသီးနှံဆိုလည်း ပြောဖြစ်ရဲ့။
လောကဓံတရားရဲ့
ရှစ်ကြိုးတပ်ဂီတမှာ
ငါတို့ ဆိုကခွင့် ရခဲ့ပြီ။
တစ်ယောက်ခြေထောက်ကို
တစ်ယောက် မနင်းမိဖို့ပါ
ကိုယ့်လူတို့ရဲ့
အရှိန်ကလေး နည်းနည်းရလာပြီဆိုရင်
ဖိဖိပြီးနင်းချရ
စိတ်ကူးယဉ်လှချည်လား တဲ့
တာယာတွေလည်း ပါးပေါ့
ပြောသလို မလွယ်လို့
လွယ်သလိုပြောမိခဲ့ရင်
ကိုယ့်ကိုယ်ကိုယ် သစ္စာမဲ့ရတာ
ပျော်စရာကောင်းသလား
ကျွန်တော်တို့ရဲ့ကန္တာရမှာ
တံလျပ်ပန်းတွေ လှပခဲ့ပုံက
အမြဲလိုအသက်ရှုမှားရတယ်
မသေချာနိုင်တာမှာ မနက်ဖြစ်ဖြစ်
တိုးမြစ်ပေါ်က တောမြို့လေးနဲ့
မေမေရှိရာ အရိပ်ခိုနိုင်ခဲ့ပုံ။……..။
*****************************************

မိုး
----------------- ကျော်ဇောခိုင်

ဖွင့်ထုတ်ထားတဲ့ လှို့ဝှက်ချက်တွေ
မိုးခြိမ်းထစ်သံများ
ခေတ်နဲ့ ကျွန်တော်တို့ ဒီအတိုင်း ရင်ချင်းအပ်မိရာ
အသံမထွက်ဘဲ
သူမက ရွာချခဲ့တယ်။

ဝါကျတွေထဲ လည်ချောင်းတစ်ခုလုံး တစ်ခံ
ပခုံးသားများ သိမ့်သိမ့်
ဒါလည်း လေးပင်စေဖို့ပဲ မဟုတ်လား
အကြည့်တွေကို မိုးရေထဲ ပစ်ချထားရတယ်။
တိမ်းရှောင်ဖို့ လွတ်နိုင်ခဲ့လည်း
ကိုယ်တိုင်က မလုံခြုံသူမို့
သေချာတာနဲ့ပဲ ရွဲရွဲစိုစေခဲ့တာပါ။………….။

           
***********************************************************

ကကြိုး
-------------- ကျော်ဇောခိုင်
ငိုသံကို ဇောက်ထိုး ဆွဲထုတ်ခံရ
ဇာတ်လမ်းအစက ရိုးစင်းရက်စက်တယ်။
ပြင်းထန်၊ လှုပ်ရှား
သေခြင်းနဲ့ လမ်းမမှားအောင် ငြင်းဖို့
ခြေသံတွေ ကိုးကျင်းကိုးသောင်း
ဘယ်ပုံတပ်မက်ဖွယ်ရှိပါလိမ့်
ဘ၀က သူ့အားနည်းချက်ကို မက်လုံးပေးတယ်။
စာအုပ်ထူထူအေးစက်
အသက်အမြှင့်ရှုရင်း ငြိချင်ချင်
ရှေ့က လာတဲ့ အမျိုးသမီးရဲ့ဟွန်းသံ
ကျောမကျမီ
သီချင်းဆိုရန် ၊အစာစားရန်
ငါနည်းတူ ၀ါးလုံးထိုးပျံသန်းနေသော နှုတ်ခမ်းများ
ငါတို့ချင်း ကန့်လန့်ဖြတ် ပွတ်ဆွဲမိသော အရိပ်များ
လေတိုက်တဲ့အတိုင်း
ဒုက္ခထဲ စိတ်ကို ချည်ြပီး တိုးမိရာက
ယနေ့မျက်နာသစ်ပြီးလျှင်
ယနေ့ပြန်တင်းရန်ရှိသော သံပတ်များ။…….။
****************************************************
ပိရမစ်သို့ နှစ်ပေါင်း (၁၀၀)
-------------------ကျော်ဇောခိုင်
ရိက္ခာ၊၀န်စည်နှင့်
ငြိမ်သက်ကုလားအုပ်များ
မုန်တိုင်းကို ရင်ဆိုင်ရင်း
သူ့ခွန်အားကို ငါ ရခဲ့။

ကန္တာရ ၊တံလျပ်နှင့်
သဲပင်လယ်က ခေါ်တဲ့ ရုပ်ပြောင်းရုပ်လွှဲ
ငါ့ကိုယ်ငါ နှစ်ကိုယ်ခွဲခဲ့ရ။

ခရီးအဆုံးမှာ
သင်္ကေတဆန်သော အဆောက်အအုံများ
သေခြင်းတ၇ားရဲ့မာကျောခိုင်ခံမှု..။

နေ့တွေက တစ်ဆင့်
မိမိကိုယ်ကို ဆေးစီရင်ခဲ့ကြ။….။
                      ကျော်ဇောခိုင်
*************************************************
မွေးနေ့ကိတ်
---------------ကျော်ဇောခိုင်

သင်ဟာ ကိတ်မုန့်ရဲကဘယ်အစိတ်အပိုင်းဖြစ်ခဲ့သလဲ
ရထားထွက်ပြီး စက္ကန့်အနည်းအငယ်အကြာ
ရှုခင်း၊တောမြေနှင့်
ယနေ့ခေတ်မစားတော့သော ဆင်ခြေတုံတရားကို
ကွဲပြားရတယ်။
ပြတင်းပေါက်များ ချိတ်ဆက်ပြောင်းလဲရာ
ပန်းပွင့်ပေါ် ရေစက်တင်တာ
ဖန်ခွက်၊မှန်ချပ် ၊နှလုံးသား အစရှိသဖြင့်
ကွဲရှလွယ်သော အရာဝတ္ထုတစ်ခု ပြုတ်ကျသံ
ငှက်များ ရုတ်တရက် အတောင်လန့်ခတ် ထပျံ
လောက၊ ဆေးရောင်စုံမြင်ကွင်း ကျယ်ပုံ
မဆန်းကျယ်လှတော့
ရေပိုက်ဖွင့်သလို ဇစ်ပိတ်သလို
ယခုအဖြစ်နှင့် အပျက်အကြား
အလင်းရောင်နှင့် ပူလောင်မှုနှင့်
ရှေ့က ဖယောင်းတိုင်မီးကို ငါငြိမ်းပြီ..။. ။

                     ကျော်ဇောခိုင်
********************************************
ကန်ရေလွင်ပြင်
----------------------ကျော်ဇောခိုင်
လွင်ပြင်ထဲ
ကိုယ်မရည်ရွယ်ဘဲလွှတ်ခဲ့သည့်အသံ
မြက်အရိုင်း ပန်းဝတ်ဆံ
ခု ကန်ရေပြင်ပေါ်
ကိုယ့်အတွေးနဲ့ တင်ကြည့်နေတာ
ရွက်လှေလား ကြာပန်းလား
လှိုင်းလား ။ ။
ကျော်ဇောခိုင်
**********************************************************************
ဆက်သွယ်ခြင်း
-----------------ကျော်ဇောခိုင်
အိမ်အောက်မှာ
ရေဟာ ပိတ်မိသွားပြီး
ယောင်ကိုင်းလာတယ်။
အံ့သြဖွယ်နွယ်ပင်များ
အခြားကွက်လပ်များနဲ့
ကစားကွင်းဟာ အပြည့်။
ငါ့ကြက်ဥနဲ့
ဒီဂေါက်သီးကို ထုချင်
စိတ်လေလွင့်သောအခါ
မြက်နဲ့ ငါးကို အလှမွေးချင်။
ငါ့ကိုယ်ငါလည်း
ဆက်သွယ်လို့ မရသေး။
ဧည့်ခန်းထဲ
ငါ မတီးတတ်သော စန္ဒယား
ငါ နားမလည်သော ပန်းချီကား။
အခုမေးခွန်းကို
ခင်ဗျားဆီ ပို့လိုက်ပါတယ် ။
******************************************************
အဝေးက မြစ်များ
-----------------------------ကျော်ဇောခိုင်
လွန်ခဲ့သော နှစ်များက
ငါ့ကိုယ်ပေါ် ဖဲကြိုးအပြတ်စတွေ ပစ်ချ
ခုချိန် အိုကြီးအိုမ သံဝေဂနဲ့ တံတား
သူ့တရားလည်း ငါ မနာနိုင်တော့…..။

သင်္ဘောတွေ အပျော်ခရီးထွက်မှ
ဘီယာဗူးခွံလွတ်ခွက်ကပ်နဲ့
ငါနဲ့ ဗေဒါမတွေ လွတ်လပ်
ကခုန်ဖို့ ကြံတုန်း
“စိုးရိမ်ရေမှတ်..”တဲ့…..
ထမင်းဟင်းကျန်သတင်းစာစက္ကူတစ်ပိုင်းပြတ်မှာ…..။

မျက်လှည့်…
ဖိုင်အဟောင်းထဲက
ငါးအသစ်တွေ ထွက်ကျလာတဲ့မျက်လှည့်
ငါ ပြန်ရခဲ့တာဆိုလို့
အညစ်အကြေး ၊အကြေးခွံနဲ့ သွေးစက်…။

ငါ့အင်အားကို ပိတ်ဆို့ပြီး
မျက်မမြင်မြို့ရဲ့
ဝါယာကြိုးတွေထဲ မောင်းပို့တယ်
ငါ့ညတွေဟာ မဲနက်အေးစက်…။

သူ့နာကျည်းချက်နဲ့ သူ
မြစ်တွေ ပင်လယ်ဆီ ရောက်ပြီဆိုရင်
ပြန်မလာတော့……………။

Friday, February 26, 2016

မန္တ​လေးသိန်း​ဇော်​ ကဗျာ​ပေါင်းချုပ်

မောင်သိန်းဇော်ပေါင်းချုပ်( ကဗျာ၉၉ ပုဒ်)
------------------------
မိမိကိုယ် မိမိ ခိုးယူပေါင်းသင်းခြင်း
------------------------------------
(၁) သံစူးထားတဲ့
၂၅နှစ်သားလေး
ကောင်းကင်နှစ်ထပ်နဲ့ နေတယ် ။
(၂)
သမံတလင်းတွေ ကွဲအက်
တစ်ချက်ချင်း အသက်ရှုသံတွေ
သွန်ပစ်နေတာ
အမေရေ ...
ကျွန်တော်နဲ့ ကျွန်တော်
မိုင်ပေါင်းများစွာ ဝေးကွာရ
ကျွန်တော်နဲ့ ကျွန်တော်
နှစ်ပေါင်းများစွာ ခွဲခွာရ
အိပ်မက်တွေ
တချို့ မွေးကင်းစမှာ သေဆုံး
အားလုံးအတွက်
ကျွန်တော် ကိုယ်လွတ်ရုန်းသွားတာလား ။
(၃)
တစ်ခါမှ
မရောက်ဖူးတဲ့ မနက်ဖြန်
မျက်လုံးထဲက တောင်တွေဆီ
သွားဖို့
အခေါက်ခေါက် အခါခါ အမှောင်များ
ဘယ်လို ခုတ်ထွင်လင်းကျင်းပ
(ရိပ်ခနဲ) မြေကြီးပေါ်မှာ
ငှက်တစ်အုပ်
ကျပ် ကျပ် တည်း တည်း ပျံသန်းသွား။
မောင်သိန်းဇော်
နွေဦး ကဗျာမဂ္ဂဇင်း
အမှတ်(၁)၊ ၁၉၈၈ခုနှစ်၊ ဇွန်လ
##########################

ဒုက္ခနဲ့တည့်တည့်က နတ်သား
--------------------------
ဆုတောင်းခန်းအတွင်း
အမြစ်တွေတန်းလန်းကျ ။
ဒုက္ခက နောက်ပြန်ဆုတ်ဖို့ရာ
နတ်တို့မှာ
ဘဝတစ်ခုမရှိခဲ့ ။
ခြေရာတွေ ချောက်ကမ်းပါးဖြစ် ၊
သေခြင်းကိုရှုရှိုက်တဲ့
နံရံပေါ်
ငါ့ဘယ်သူရေးဆွဲသလဲ ။
သံသရာသည် အတွေ့ထူးစွ ။
မောင်သိန်းဇော်
(၁၉၉၂) (နှင်းရည်စက်လက် + ရှုမျှော်ခင်း ၂၁)
##################################
ဘ၀၌
---*
ဘဝ
မျဉ်းဖြောင့်တွေ
နောက်ကြောင်း မလုံကြဘူး။
ကျွန်တော်ဖြင့်
လူကြား လမ်းကြား
ပြောင်ပြောင်တင်းတင်း လည်ပတ်သူ
နာရီကို
တစ်နေကုန်အောင် ငုံ့ကြည့်နေရ
ဖြစ်ပျက်တွေ သစ်ပင်ထက်မြင့်လာ
လူတွေ သစ်ရိပ်အောက် တည်ရှိဆဲ ။ ။
######################
နာရီ
*****************
အချိန်တွေ
သေလိုက် ရှင်လိုက်…
ပန်းကလေးကိုလည်း မကယ်တင်နိုင်သေး
ကိုယ့်ကိုယ်ကိုယ်လည်း မကယ်တင်နိုင်သေး
လမင်းကြီးရေ
အခွင့်အရေးဆိုတာ ပုပ်သိုးသွားမှာလား
ရထားတွေကို
သံလမ်းတွေက ချိုးကွေ့သွားတယ်။ ။
မောင်သိန်းဇော်
မဟေသီ မဂ္ဂဇင်း သြဂတ်စ် ၂၀၀၄
#######################
မီးဖွင့်လိုက်
********************************
နေမွန်းတည့် ငါ့အိမ်မှာ
အမှောင်တွေ သိပ်သည်းလွန်းလှသမို့
မီးဖွင့်လိုက်
ခန်းလုံးပြည့်မှောင်တဲ့ အမှောင်ထဲ
တိမ်ရောင်စုံ မမြင်ရ၊
ပင်လယ်စင်ရော်နဲ့လှိုင်းလုံးများ မမြင်ရ၊
စိမ်းညို့တောင်တန်းတွေ မမြင်ရ၊
ငါ့ရဲ့ တစ်ခန်းလုံးမှောင်ရဲ့
မီးဖွင့်လိုက်
ချစ်ခြင်းစကားဖွင့်ဟတဲ့
မျက်လုံးလေးကို မမြင်ရအောင် မှောင်မည်း၊
အလှတရားနဲ့ ၀င်းမှည့်တဲ့
သီချင်းသံကို မကြားရအောင် မှောင်မည်း
ပုပ်အဲ့အဲ့အမှောင်တွေသာ ပြည့်နှက်၊
ပြီးတော့ မှောင်မည်း
မီးဖွင့်လိုက်
လူတစ်ယောက်ရဲ့ ဦးခေါင်း၊ အိပ်မက်တွေနဲ့
အက်ကြောင်းထနေတဲ့ ကဗျာပေါ့၊
ဟောဒီကမ္ဘာ လင်း ရမယ်၊ ဟေ့ ညီလေး
သန်မာတဲ့ အတွေးထဲက သွေးတစ်စက်ကျလာ
မီးတောက်ဟာ ကိုင်လို့မရဘူး...
မီးဖွင့်လိုက်
အာရုံတွေ ငါ့အတ္တနဲ့ ထွန်းညှိ
ပျော်မှုအတိပြီးတဲ့ အသံခြေလက်တို့နဲ့ပေါ့၊
လောကဓံတရားကို ညမွှေးကိုင်းတစ်ကိုင်းလို
ငါတို့ဘ၀ထဲ ညွတ်ကိုင်းလာအောင်
မီးဖွင့်လိုက်
နှလုံးသားတွေနဲ့ ထွန်းညှိ၊ မြို့ရွှာတွေနဲ့ ထွန်းညှိ
တိုင်းပြည်နိုင်ငံနဲ့ ထွန်းညှိ၊ ကမ္ဘာလောကနဲ့ ထွန်းညှိ
အဲဒီ အလျှံညီးညီးပျော်ရွှင်မှုတွေရဲ့
အရိပ်နဲ့အရောင်ဟာ
ဒြပ်ဝတ္ထု အကောင်အထည်မရှိတဲ့
မောင်သိန်းဇော် တစ်ယောက်ဖြစ်တယ်၊
တောက်ပတဲ့ ပွဲခင်းကြီးဟာ
မောင်သိန်းဇော် ရဲ့
အခြား မောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်၊
မီးဖွင့်လိုက်
မနက်ခင်းလေးရ
တို့နှစ်ယောက်ရဲ့ အလင်းရောင်ဟာ
ဘယ်တော ဘယ်တောင်မှာ ရေငတ်နေပြီလဲ
မီးဖွင့်လိုက်
စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့
လယ်ကွင်းတွေ ပျော်ရွှင်ဖို့၊
မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
မိုးသားတိမ်တိုက် (သို့မဟုတ်)
ပျံသန်းလာတဲ့ သမုဒ္ဒရာကြီး အတောင်မညောင်းဖို့
မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
ရပ်နားခြင်းမရှိတဲ့ မြစ်ရေအလျဉ်တွေ လန်းဆန်းဖို့
မီးဖွင့်လိုက်၊ မီးဖွင့်လိုက်
ဒီမှာ မိတ်ဆွေ
ငါတို့အားလုံး ရဲ့ အမေ့ရင်ခွင် ထိန်ညီးဖို့
ကမ္ဘာကြီးကို မီးဖွင့်လိုက် ။ ။
မောင်သိန်းဇော်
၁၉၉၅ ရန်ကုန်
တောင်ကုန်းအဟောင်းများ
########################
နှင်းရည်စက်လက်
------------
မေမေ့ဆီမှာ
စိတ်ရဲ့ အသုံးစရိတ်အနေနဲ့ 
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကို တောင်းယူခဲ့ ၊
တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြို့ ကလေးလို့ ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာ ဖူးပွင့်နေတဲ့
မြို့ ကလေးလို့ ပြောကြရအောင်ပါ ။
နေလုံးနီနီရေ
ကိုယ် အထူးကျေးဇူးတင်ပါတယ် ၊
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်တွေ့ ခွင့်ရတယ် ။
ဒီနေရာလေးဟာ တကယ်တော့
ကဗျာရေးဖို့  မကောင်းပါဘူး ၊
ဘာမှ မရေးဘဲ
မွှေးရနံ့ တွေကိုသာ ငေးကြည့်နေဖို့ ကောင်းပါတယ် ။
ကဲ ကိုယ့်ရာဇ၀င်အတွက်တော့
101 ဆိုတဲ့ အိပ်ခန်းလေး မပါလည်းဖြစ်တယ်
ဥရောပတိုက်ကြီး မပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့ နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ ကလေးရေ မင်းကတော့ မပါလို့ 
မဖြစ်ပါဘူးကွယ် ။
ဒါပေမယ့် မေမေရယ်
မြို့ ကလေးဟာ သူလှတာကို သူသိမနေရင်
သူဟာ ဒီထက်ပိုပြီး လှနေမှာပဲ ၊
သူ့ ထံမှာ သားပျော်ပါတယ် … ဒါပေမယ့် မေမေရယ်
လေကောင်းလေသန့် တွေ ၊ ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ ကလေးကို
နဂိုရည်အတိုင်းထားပြီး
သားပြန်ခဲ့ ။
အဲဒီနေ့ ကပေါ့ မေမေရယ်
မနက်စောစောကြီး ….. မြို့ ကလေးအပေါ်ကို
ချယ်ရီပန်းတွေ အားရပါးရ ကြွေကျလို့  ……
အပြင်ဘက်က နှစ်ယောက်ထိုင်ခုံလေးအပေါ်မှာ
မေမေ့သားရဲ့ နှလုံးသားငယ် မိုးရေတွေ ရွှဲ လို့  ။ ။
မောင်သိန်းဇော် (၁၉၈၇)
လတ်ဆတ် လမ်းသွယ် စိမ်း
ကားဘီးတွေ ဘာဖြစ်လို့ လဲ
ေ၇ဒီယို ခဏပိတ်၊ ဂျက်ကျနေတဲ့ 
နောက်ကျိမှန်၊ တံခါး ၊ စိတ်များ
အားလုံး အဆုံးထိ ဖွင့် 
လတ်ဆတ် လမ်းသွယ်စိမ်း ။
အနံ့ ဟောင်းမ၇ှိတဲ့  ကွင်းပြင်တွေ
မြင်မြင်ချင်း ချစ်လိုက်၇တာ
မြင်မြင်သမျှ အစိမ်း ၊ မမြင်၇တဲ့  လေညင်းတောင်
အစိမ်းေ၇ာင်ပဲ ဖြစ်လိမ့် မယ် ငါထင်မိ၊
မင့် ဆီမှာ တောင်လည်းညို
မင့် ဆီမှာ မိုးလည်းစွေ
မင့် ဆီမှာ ပန်းလည်းတင်
မိုးငွေ့ ဆွတ်ပျံ့  ညနေတခွင်လုံး စိမ်းလို့ ။
ကားဘီးတွေဘာမှ မဖြစ်ဘူး၊
အားပြည့် လန်းဆန်းစက်ဖွင့် လိုက်တယ်။
လူတစ်ယောက် ဘ၀မိုင် (၅၀၀၀) မောင်းနှင်ဖို့ ။ ။
မောင်သိန်းဇော် ( ၁၉၉၇ )
စိတ်
_____________
မီးခိုး မထွက်ဘူး
ညှော်နံ့ မရဘူး
အ ထဲ မှာ
လောင်မြိုက်တယ် ။ ။
မောင်သိန်းဇော်
(၂၃-၆-၂၀၁၄)
မြေကြီး
_____________________
မြေကြီးဆိုတာ
သူကအသေလိုနေပေမယ့်
သူတစ်ပါးအတွက်
အသက်ရှင်သန်စေတဲ့အရာ...
သူ့မှာ
အားနည်းချက်က
ပန်းရယ် ၊ အဆိပ်ရယ်
ဆေးဖက်ဝင်အပင်ရယ်-လို့
မခွဲခြားပဲ အားလုံးကို
လှပစွာပွင့်လန်းစေတာပါပဲ ။ ။
မောင်သိန်းဇော်
(၂၀၁၄)
ဆွတ်ဆွတ်ဖြူအနမ်း
ကောင်းကင်ဟာ
သူ့ရင်ခွင်ထဲကညကို တကယ်မှ ချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့
ကျွန်တော့်နှလုံးသားဟာ ကြွတက်လာတဲ့အချိန်
ရင်ထဲကလျှံကျလာတဲ့
စံပယ်ပန်းတွေ ဘယ်သူယူမလဲ
ပျော်ရွှင်စွာ ၊ ကြည်နူးစွာ ၊ ဆွတ်ဆွတ်ဖြူလို့
တဖိတ်ဖိတ်လက်နေပေမယ့် ၊ တေးသံစဉ်မထွက်နိုင်တဲ့
ကြယ် က လေး ရေ
မင်းပျော်ရဲ့လားကွယ်
ကြင်နာစွာ ၊ မြတ်နိုးစွာ ၊ ဆွတ်ဆွတ်ဖြူလို့
တမဟုတ်ချင်း သန်းကောင်ယံတွေ လင်းစေမတဲ့ ၊
ယုံကြည်စွာ ၊ မျှော်လင့်စွာ ၊ ဆွတ်ဆွတ်ဖြူလို့
စင်တော်ဖွင့်အမှီ
သမုဒ္ဒရာကို ဖြတ်သန်းလာတဲ့
အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့ ။
နှင်းထက်လေးတဲ့ အလွမ်း
ပန်းထက်မွှေးတဲ့ လိပ်ပြာ
ကဗျာထက်ဖွဲ့တဲ့ ညနေ
အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ဖူးလဲ
လရောင်စစ်စစ်ကို ချစ်တယ်
မွှေးရနံ့စစ်စစ်ကို ချစ်တယ်
မေတ္တာစစ်စစ်ကို ချစ်တယ်
သီချင်းတစ်ပုဒ်အဖြစ် ပရိသတ်နှလုံးသားထဲ
ကျွန်တော်ရောက်ရှိလာမယ် ၊
ပရိသတ်နှလုံးသားထဲ သီချင်းတစ်ပုဒ်အဖြစ်
ကျွန်တော်ရောက်ရှိလာမယ် ၊
ကျွန်တော်ရောက်ရှိလာမယ် ၊ ပရိသတ်နှလုံးသားထဲ
သီချင်းတစ်ပုဒ်အဖြစ် ။ ။
မောင်သိန်းဇော်
(၁၉၉၄)
###################
ကဗျာဆရာ
---------------------
မိုးထဲလေထဲ
ကိုယ့်အသက်ကို ပွေ့ပြီး
ကဗျာရေးသူ
ဆွေးမြေ့ဖွယ် နှင်းမြူတွေနဲ့လုံးထွေးလို့ ။
ဘဝ၌ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
ဘဝ၌ မရွတ်ဆိုခဲ့ပေမဲ့ ကြားနိုင် ။
သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ဘူး
ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ လိုပါတယ် ။
မောင်သိန်းဇော်
နေဝါရီ
မောင်သိန်းဇော်
အဲဒီသစ်ခြောက်ပင်လေးက
နေ့စဉ် မုန့်ဖုတ်သတဲ့
ပြီးတော့ ကဗျာလည်း ရေးသတဲ့
သူ့ကဗျာထဲမှာ
ကားတွေအတက်အဆင်းများလှတယ်
လှိုင်းအတွန့်တွေလည်း မေ့လျော့နေလွန်း
အိမ် မ ရှိ ဘူး ကွယ်
နှင်းတစိုစိုနဲ့
ကလေးနှစ်ယောက်တောင် ရနေပါပြီဆိုတဲ့ မနက်ခင်းလေး
သူဆွတ်ဖို့ ငါ့ အသံတွေ ပေးခဲ့ ။  ။
#########################
လွမ်းပ
******
သောကနဲ့
ကျပ်ထုတ်နေတဲ့ ညနေရီ
သက္ကာရ တစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့ သူ့မှာ
ဒီရုပ် ဒီရည်လေးနဲ့
အသည်းကွဲနေရလို့တဲ့ ။
ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရိစ္ဆေဒတွေ၊
လွမ်းပ
ကံတရားမျက်လုံးထဲ
အသူတရာနက်တဲ့အပြုံးရှိတာသိရက်နဲ့
သူ….
ခုန်ချ
လွမ်းပ
ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုန်းအရုန်းတွေကြား
ရွတ်ရွတ်ချွန်ချွန်
လွမ်းပ
အနမ်းရေ….
နှလုံးသားထဲ
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်း ၀မ်းနည်းစွာ ပြန်သွားခဲ့ ၊
သူ့မှာ
ကမ္ဘာမရှိတော့ ။ ။
မောင်သိန်းဇော် (၁၉၈၆)
တောင်ကုန်းအဟောင်းများ
နွေ မိုး ဆောင်းရယ်
နင် ဘယ်ပြောင်းပြောင်း
ငါတို့ ကမ္ဘာက
ရိုးရိုးသားသား ဟောင်းတဲ့ အဟောင်းပါ
ပစ်ထားခဲ့ရင်တောင်
ဘာရှက်ဖို့ကောင်းမှာလည်း။
လေညှင်းရေ
လွမ်းဖို့အဖော်မညှိလေနဲ့
သင် သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။
အချိန်နာရီဆိုတာ
သူရဲဘောကြောင်တဲ့ စက်ဘီးတစ်စီး
အသစ်နဲ့ အဟောင်း ခုပဲ ဇာတ်ပေါင်းကြစို့
အနာဂတ်ကိုယ်တိုင် ငါတို့စွဲလန်းမှု့ထဲက
အဟောင်းတစ်ခုဆိုတာ ၀န်ခံရဲ့မဟုတ်လား
၂၀၀၀ ရဲ့အဆုံး..
တောင်ကုန်းအဟောင်းများ…
ဘာကိုလွမ်းအားပိုနေသလဲ
မြေသား လှိုင်းလုံး အဲ့ဒီတောင်ကုန်များအောက်
ရုန်းကန် ပွင့်ရွ စကားလုံးတို့ အမြစ်တွယ် ခုံးထ
အရှုံးဆိုတာလည်း သဘာဝကျရင် လှပတယ်။
လေညှင်းရေ
လွမ်းဖို့ အဖော်မညှိလေနဲ့
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။
ရာစုနှစ်တစ်ခုရဲ့ အစွန်
သမိုင်းဦး မြို့အ၀င်က ဆည်းဆာ
သူ့ကဗျာ သွေးအားကောင်းတုန်းပါပဲ။
မောင်သိန်းဇော်
၁၀-၁၀-၂၀၀၀(ရေနံချောင်း)
(မဟေသီ)
ပွင့်ဦး
-----------------
အသဲလွှာမြေဝယ်
အစိမ်းရောင်ရင့်သော
နှင်းဆီပန်းလေးတပွင့်
အမှန်ပင် ဖူးပွင့်ခဲ့လေပြီ။
ဘဝချင်း လွှဲချော်သည့်အခါ
အချစ်သည် ကြင်နာမှုကို ဖြစ်စေ၍
နှလုံးသားချင်း လွှဲချော်သည့်အခါ
အချစ်သည်နာကျင်မှုကို ဖြစ်စေသည်။
မည်သို့ပင်ဖြစ်စေ
ကံမဆုံသော အချစ်များတွင်
အမှန်တရားသည်
ရထားဆိုက်ချိန် နောက်ကျခဲ့သည်။
မောင်သိန်းဇော်
ဒီ
-------------------------
လရိပ်တွေ မနီုးမချင်း
စပယ်ခင်းဟာ စောင့်နေရ။
အပျက်အတိုင်း ပင်လယ်၊ လမ်းထက်နိမ့်
ဘ၀ယဉ်ကျေးမှု အသံဗလံများလှုပ်ရမ်း၊
နေ့ရက်ဟောင်းစုတ်ဖြဲတဲ့ လေရိုင်းနှယ်
ဒီရေပြေးခဲ့။
အတားအဆီးမဲ့ အိမ်၊
အိပ်ကောင်းတုန်း။ ။
မောင်သိန်းဇော် (၁၉၉၅)
မုတ်သုံ
-------------------
အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံး ငေးကြည့်နေမှာလား။
သဲလွန်စဆိုလို့
သဲပွင့်တစ်မှုန်တောင်မထ တဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းပါတယ်။
လောကသုံးပါး၊
ဥတုသုံးပါး၊ အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေ များလွန်းတော့
ရေစီးသံက မနွဲ့နောင်းဘူး။
လေညင်းကို အပိုင်ရလိုမှုနဲ့
အငြင်းပွားကြတယ်
စွန်လွှတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတချို့။ ။
မောင်သိန်းဇော်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ မေ၊ ၂၀၁၀ မှ)
##############################
ရေ တံ ခွန် ကြီး ကို မီး ရှို့ မ ပစ် လိုက် ပါ နဲ့
__________________________________
ပန်းတွေကြွေရလွန်းလို့ ...
သေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ ။
အဲဒီရေတံခွန်ကြီးကို မီးရှို့မပစ်လိုက်ပါနဲ့
ဟေ့ကောင် ညီလေး
မင်းမရှိတော့ဘူးလို့ ၊ မင်း ငါ့ကို
ဘာလို့ တဖွဖွ ပြောနေရတာလဲ?
ပြောလေကွာ ၊ မင်းငါ့ကို အဲဒါဘဲ
ဘာလို့ တဖွဖွပြောနေရတာလဲ
ဟိုမှာ ကြည့်စမ်း ၊ ပန်းပွင့်လှလှ
ညနေခင်းလှလှ
အမေ့မျက်ဝန်းလှလှ ၊ ကြည့်
အစ်ကို့ဘေးမှာ
အားပါးတရကနေတဲ့ မင်းကလည်း
အားပါးတရလှလို့ ၊ ပြီးတော့
ကြည့်
မိုးကမြေဆီ ဆက်သွယ်နေတဲ့
တစ်ဝက်တစ်ပျက်လှေခါးတစ်ခု
နောက် ၊ အဲဒီမှာ ရေတံခွန်ကြီးနဲ့
တို့နှစ်ယောက် တဖွားဖွားမြုးတူးလို့
အလွန်လှလိုက်ပါဘိ -
ကြည့်
နဂ္ဂတစ်တွေအသံမထွက်ကြဘူး ၊
ဒီည ၊ မမြင်ရတဲ့မင့်လက်ကို
ဆွဲကိုင် နူတ်ဆက်မလို့ ...
မင့်အစ်ကို
အနူးညံ့ဆုံး ပြိုကျနေတာ
လင်းဝှက်အကောင်တစ်သောင်းနဲ့
မျက်ရည်ရဲ့
ဥမင်လှိုင်ခေါင်းထဲကတေးသံ
ကြည့်
ပန်းတွေကြွေရလွန်းလို့ ...
ရေတံခွန်ကြီးကို မီးရှို့မပစ်လိုက်ပါနဲ့
အဲဒီသေခြင်းကို
သတ်ပစ်လိုက်စမ်းပါ အဖေ ။ ။
မောင်သိန်းဇော်( ၁၉၉၄ )
နေ ရောင် ၏ ကျော ကုန်း ပေါ် က
ထိုး ကွင်း မင် ကြောင် များ
___________________________
ကျွန်တော် -
ငယ်ငယ်တည်းက စွဲလမ်းခဲ့တာ
ခု နေရောင်က
အတိတ်ကို ဘာမှ မထောက်ပံ့ဘူး
ဒါနဲ့ ခင်ဗျားကော မလွမ်းဖူးလား ?
တစ်ချက်ချက်မြည်နေတဲ့
ဝေး ကွာ ခြင်း များ ...
မရှိမှုကို သံပတ်ပေးပြီး
အချိန် တွက်နေရ ၊
ကမ္ဘာကုန်ကျယ်သရွေ့လေ
မျက်လုံးတွေ လှ ပ ဖို့
မျက်ရည်တွေ အိုမင်းခဲ့တယ် ။ ။
မောင်သိန်းဇော်
( ၂၀၁၅ )
ဥာဏ် ပန်း အိုးလေး
________ Notes
အမှန်တရားကို ________________
တစ်ချို့က မကြောက်မရွံ့ချစ်ကြတယ်
___________ အဲဒီ အမှန်တရားကိုပဲ
တစ်ချို့က မရှက်မကြောက် ______
___________ မုန်းကြတယ် ။ ။
မောင်သိန်းဇော်
လွင် တီး ခေါင်
__________________
အ ပူ သည် တွေ
အ ရိပ် ဝေရလွန်း လို့ ...
ကိုယ်ကျိုး မကြည့်တဲ့
ကုက္ကိုလ်ပင်ကြီးတောင်
လရောင်အောက်မှာ
ဖျား ရှာ ပေါ့ ။ ။
မောင်သိန်းဇော်
(၂၀၁၃)
အ ပေါင်း လ က္ခ ဏာ
____________________________
ကားက
လမ်းရဲ့အလျားတိုင်း
တံတားပေါ်ကဖြတ်မောင်းတယ်
ချောင်းကတော့
တံတားအောက်ကနေ
ကန်လန့်ဖြတ် စီးဆင်းတယ်
အမှန်တရားကလည်း
နယ်စီးမခြား ...
သူ့ အလျားအတိုင်းသူ
မိုးမြေအနှံ့ ခရီးဆက်တယ် ။ ။
မောင်သိန်းဇော်
အပူသည်
အသစ်မဟုတ်ဘဲ
နေရောင်နဲ့ ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ။
ကျွန်တော် အရူးအမူးဖြစ်နေတာတော့
အိမ်မက်ထဲက
မွှေးမြနေတဲ့ နားရွက်ကလေးတစ်ဖက်ပါပဲ။
လေကလည်း တဟူးဟူး တိုက်နေရဲ့။
နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျီးကန်းတစ်ကောင်ဟာ
တစာစာ အာနေလေရဲ့
အလွမ်းတွေ ဖွာလန်ကျဲလို့။
မြင်မကောင်းအောင် ငိုထားတဲ့
တေးသွားလေးလိုပဲ
သက်ဆင်းခဲ့။
သိပ်တော့လည်း မဆန်းပါဘူးကွယ် တဲ့။
တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်တော့်ကို ချွေးသိပ်တယ်။
ရေတံခွန်အောက် ၀င်လည်း အပိုပဲ။
နှလုံးသားတစ်ရပ်စာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်။
မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့။
မောင်သိန်းဇော်
ဒု က္ခ ရဲ့ ဝတ် ဆံ ကို စား သုံး ခြင်း
-------------------------
ပျော် နိုင် တုန်း ပဲ လား
အိုးရွဲ့နဲ့ စလောင်းရွဲ့ ...
လက်နက်နဲ့ သတ္တဝါ မျှ ခဲ့ပြီ
ကဗျာဆရာရဲ့
ဝဋ်ဒုက္ခအလုံးအဝန်းမှာ
ကဗျာတွေ
တစက်စက်ယိုစိမ့်
ကဗျာတွေ
တဆွေ့ဆွေ့ခုန်ပေါက်
မသေချာမှုက
ဆွဲဆောင်မှု ရှိတယ် ၊
ခွက်ကျန်လေးနဲ့
ဘောင်ဘင်ခတ်နေတာ
မိုးသည်းစဉ်
မိုးမသောက် မှီ -
ရေခံ မြေခံ အမှားမှာ
အမှန်တရားဟာ
အရိုးတစ်ြခား
အသားတစ်ခြား
ဘာကြောင့်များ
ခရီးအဆုံးရောက်ဖို့အတွက်
ကားထက်
လမ်းကပို အရင်လိုနေပါလိမ့် ။ ။
မောင်သိန်းဇော်
(၂၀၁၄)
စာ မျက် နှာ သစ်
________________________
ချစ်တဲ့သူငယ်လေ ...
မကျက်ပဲနဲ့
အလွက်ရနေလို့
ဒေါင့်ချိုးထဲက အမှောင်တွေ
ငါ မဖတ်ချင်ဘူး -
ကြယ်ကြွေညတွေ ပုံထားလိုက်
ချစ်တဲ့သူငယ်လေ ...
မကြည့်ပဲနဲ့
မြင်နေရလို့
ဆူးကြိုးပေါ်က နှင်းစက်တွေ
ငါ မဖတ်ချင်ဘူး -
အပြုံးအရယ်တွေ သွန်ပစ်လိုက်
ချစ်တဲ့သူငယ်လေ ...
တောင်တွေရဲ့ဟိုဖက်မှာ
နေထွက်လောက်ပြီ ၊
အိပ်နေတဲ့ငါ နိုးဖို့
ငါ့စိတ် နိုးပြီ -
ချစ်တဲ့သူငယ်လေ ...
အနာဂတ်ကို စွန့်ခွါရအောင် ။ ။
မောင်သိန်းဇော်
(၂၀၁၀)
ဒိထက် ပိုဝေးလည်း
ဒိထက် ပိုမဝေးတော့ပါဘူး ...
-------------------------------------
မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က လှိုင်းကို ငြှိမ်းလိုက်ပြီ
ဒိထက် ပိုဝေးလည်း
ဒိထက် ပိုမဝေးတော့ပါဘူး ...
ဆူးပြွမ်း အတွေးတွေ
ဆွေးမြှေ့မှုကိုသာ ဆန့်ထုတ်လို့
ငါ ကိုယ်တိုင်လည်း
ငါ့ အသံထဲ
လွမ်းလွင့်မျောပါ နေချိန်ပေါ့ -
ဒိထက် ပိုဝေးလည်း
ဒိထက် ပိုမဝေးတော့ပါဘူး ...
မိုင်ထောင်သောင်း ဝေးလံအရပ်က
ရေနံတွင်း ၊ ရွှေနဲ့စိန်ထွက်ရာ မြေကြီးတွေ
ငါ့သီချင်းကိုစုတ်ယူကြ ၊ အဲဒီ ရနံ့တွေ
လှိုင်းလို တလိပ်လိပ်တက်လာ
အဲဒီ ရနံ့တွေ ငါရိုက်ခွဲပစ်လိုက်တယ် ၊
ဒိထက် ပိုဝေးလည်း
ဒိထက် ပိုမဝေးတော့ပါဘူး ...
နှင်းဆီကို
ချစ်တတ်အောင်သင်ကြားဖို့
စောင်းတွေက ဆူးကို
ကြိုးညှိပေးခဲ့ရတာပေါ့ -
တစ်ညနေခင်းလုံး
ငါ့ဆီ မှိုင်ငေးနေတဲ့တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အားကောင်းကောင်း
ကံတရားလှပတာလိုချင်ရဲ့၊
ဒိထက် ပိုဝေးလည်း
ဒိထက် ပိုမဝေးတော့ပါဘူး ...
ကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့
နှင်း နဲ့ လောင်ကျွမ်းနေသူ ဆောင်းလေ
ငါ့ ကို ရှာ ဆဲ ...။ ။
မောင်သိန်းဇော်
( ၁၉၉၅ )
ပန်း က လေး
_______________________________
ပန်းကလေး ...
ပန်းကလေးက
ပန်းကလေးဖြစ်ရတာ
သိပ်စိတ်ပါပုံမပေါ်ဘူး
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ ။
ကွယ်တို့ရယ် ၊ မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ဝတ္တရားကုန်မတဲ့လား?
ပန်းကလေးရယ်
မင့်စိတ်ကူးလေးနဲ့ ငါ့ကိုပစ်ပါ
တစ်ချက်ပစ်ရင်
တစ်ကောင်ကျရမယ်လို့ ၊
ဆယ့်နှစ်လရာသီလုံးလုံး
ကိုယ့်မှာ
မေတ္တာတရားကိုပြောပြဖို့
ရေ မီး အပြည့်အစုံနဲ့
ခန့်ခန့်ကြီးအကြပ်ရိုက်နေသူ
ပန်းကလေးရေ ...
နှလုံးသားထဲကလေယာဉ်ပျံတွေ
အသံပဲကြားနေရ ၊ အိုဇုံးလွှာပါးတာကနေ
နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ
အချစ်မရှိရင် ဘယ်အရာမှ
ပြန်ကောင်းလာနိုင်မှာမဟုတ်ပါဘူး ။
ပန်းကလေးရေ ...
စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း
ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ
ကြယ်စုံညရဲ့ဘူးစင်လေးတစ်စင်အောက်မှာ
အချစ်နဲ့ကမ္ဘာ
အိုအောင်မင်းအောင်မွှေးလို့
ပန်းကလေးရေ ...
ခြေချော် လက်ချော်
အလွမ်းလေးတောင်
မင်း မရသင့်ဘူးလား ?
ရှေးရေစက်တွေချော့ကလက်ထဲထည့်ပြီး
မင်းအတွက် လက်ဆောင်ပေးချင်တယ် ၊
ကွယ်တို့ရယ် ၊ မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ဝတ္တရားကုန်မတဲ့လား?
ပန်းကလေးရေ ...
လမ်းထိပ် မုန့်ဟင်းခါးဆိုင်ကလေး ကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူသွားချင်တယ် ..။
နေ့တွေ ညတွေ
တစ်ခု ပြီး တစ်ခု
အရစ် ပြုန်း သွားလိုက်တာ
ဒီတစ်ဆောင်းကုန်လည်း ၊ ကိုယ့်မှာ
ပေါင်မုန့်တစ်လုံးဟောင်းသလို
ဟောင်းရုံသာ - ဒါပေမယ့်
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ ။
ပန်းကလေးရေ ...
ပန်းကလေးရဲ့ကောင်းကင်
မြန်မြန်အရွယ်ရောက်စေချင်လှပေါ့ ၊
နှင်းကျတာ...နေထွက်တာ...ပန်းပွင့်တာ...
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ ဘာကိုယုံမလဲ ။ ။
__________________________________
( ၂၀၀၁ )
သို့ / ၂ ၀ ၁ ၅
___________________
ဆယ်စုနှစ်ပေါင်းများစွာ...
ခေတ်ဟောင်းမှာ
အကောင်းဟာ ဆိုးခဲ့ပြီ ။
ခေတ် အပြောင်းမှာ
အဆိုးဟာ ကောင်းဖို့အတွက်
အမိ နိုင်ငံအပေါ်
ကံတရား လက်မခက်ပါစေနှင့် -
မောင်သိန်းဇော်
( ၂၀၁၅ )
ကျောင်း
( For San Hein )
________________________
ဘဝ သည် လမ်းဟု ဆိုပါ စို့
လူ နဲ့ ကမ္ဘာလောက
အပြန်အလှန် သင်ကြားခြင်းများ ...
အတွေးဝတ်မှုန် လင်းထိန်ခဲ့
ပန်းတွေမှာ အိပ်မက်ရှိတယ် ။
ဖူးတံမှ သည်
ပွင့်သစ်စ အနာဂတ်- သို့
ဘယ်လောက် ဝေးဝေး
ပန်းတွေ ရဲ့အတွေး မှာ
လမ်းတွေကို ရွေးခဲ့ ပြီ ၊
အိပ်မက် ရဲ့ကောင်းကင်
ကြယ်စင်တွေ တဖျတ်ဖျတ်လက်
ဥယျာဉ်မှူးက ဘယ်သူလဲ ?
မောင်သိန်းဇော်
( ၂၀၁၅ )
ဆည်း လည်း
________________________________
ညောင်ရွက်တွေကို ...
ဦးခေါင်းနဲ့ ပွတ်တိုက်ပြီး လမ်းလျှောက်ကြ
ညောင်ရွက်ညောင်ရွက်ချင်း ပွတ်တိုက်ကြ
ညောင်ရွက်နဲ့ လေ ပွတ်တိုက်ကြ
အရိပ်တစ်ခုနဲ့တစ်ခု ပွတ်တိုက်ကြ
အသံအားလုံး ညောင် ရိပ် ခိုလို့ ။ ။
မောင်သိန်းဇော်( ၁၉၉၆ )

ညနေသည် ဖတ်ရှုရန်မျှသာ
----------------------------
ကမ်းခြေမှာ
တိမ်တွေတရွေ့ရွေ့
ပင်လယ်လေ
တစ်ချက်အဝှေ့မှာ
ရယ်မောသံများ
ခုန်ပေါက်ပြေးလွှားလို့
လောကမျက်နှာဟာ
ကဗျာဆန်ခဲ့တယ် ...
သူတို့-စွန်လွှတ်ကြ ၏
ငါတို့ -
စိတ်ကို လွှတ်ကြသည်
စိမ်း မြ လှ ပ
ရိုးစင်းတဲ့ မြက်ခင်းပြင်က
ဘယ်သူ့ရဲ့ပျော်ရွှင်မှုကိုမှ
ထိန်ချန် မထားခဲ့ ၊
ည ရောက်တဲ့အခါ
အမှောင်နံရံမှာ
စကားလုံးမပါတဲ့ကဗျာတွေ
ငါတို့ ဆက်ရေးတယ် ၊
အဲဒိနောက်
မြင်နေရတဲ့ကြယ်တွေဟာ
အဝေးကြီးမှာမဟုတ်ဖူးလို့-
သံပြိုင်သီဆိုရင်း...
ပြီးတော့၊
ညကြီး မသိအောင်
ငါတို့အားလုံး ခွဲခွါခဲ့ကြ ၊
အဝေးကြီးမှာမဟုတ်ဘူးလို့
ထပ်မံ သီဆိုရင်း ။ ။
မောင်သိန်းဇော်
ဘူတာရုံ
-----------------
ပြန်မယ်ဆိုမှ နှင်းတွေ
ငါ့နောက်က တကောက်ကောက်။
ပန်းသီးတစ်လုံးလို လှတဲ့
ကမ္ဘာကြီးကို ရဖို့
ခဏတော့ မင်းစောင့်ရပေမပေါ့။
အစကတည်းက
နီးတယ်ဆိုတာ မရှိခဲ့သလို
ဝေးတယ်ဆိုတာလည်း မရှိခဲ့ ။
ဗံဒါရွက်တွေ ကြွေလိုက်တာ
သံလမ်းတွေ ရထားမမီလိုက်ဘူး။
မင်းတို့ ငါတို့ခေတ်မှာ
သမိုင်းစစ်စစ်တွေ
ဒဏာရီထက် ဆန်းပြားခဲ့တယ်။
နွေဦးလား
မောကြီးပမ်းကြီးနဲ့
ခုနက ထွက်ခွာသွားတဲ့ရထား
မကြာခင် ဒီဘူတာ
ပြန်ဆိုက်ရောက်လာလိမ့်မယ်။ ။
မောင်သိန်းဇော်

မောင်သိန်းဇော်
ရိုးရိုးလေးနဲလှနေတာ
ခေါင်းဖြီးမထားဘူး ၊
ပြောင်ပြောင်လက်လက်တွေဝတ်မထားဘူး ၊
လသာပုံကအစ
ယဉ်ယဉ်ကလေးရယ်
အခါတိုင်းလို
ဗုံသံတွေထဲကျွံကျနေတဲ့
ညလည်းမဟုတ်ဘူး။
လေတဖြူးဖြူးနဲ့ ည
လကိုတစ်ကိုယ်လုံးမြင်ရတဲ့ ည
ကြယ်တွေဆိုလည်း
မျက်စိနောက်စရာကောင်းလောက်အောင်
များများစာစားကြီးရှိမနေဘူး၊
ယောက်ယက်ခတ်မနေဘူး၊
တစ်ပွင့်ချင်းနဲ့ တစ်ပွင့်ချင်း
ကင်းကင်းရှင်းရှင်းလေးထွန်းနေတာ
သိပ်ကိုအချိုးအစားကျတဲ့ ည
သဘာဝဖြစ်ပါလျက်နဲ့
တစ်ခါတစ်ရံ
သဘာဝကျစွာလှပခွင့်မရတဲ့
သဘာဝတရားဟာ
ဒီညထဲ
သဘာဝကျစွာလှပလို့
ဟိုယခင်
ရှောင်ပုန်းနေတဲ့ညတွေကို
အလင်းတစ်ဝက်၊အလွမ်းတစ်ဝက်နဲ့
ကလဲ့စားချေနေသလိုမျိုး၊
နဂိုလ်ကလှပြီသား ည
စိတ်လွတ်ကိုယ်လွတ်နဲ့
လှချင်တိုင်း လှထွက်သွား
ည ငတ်နေတဲ့သူ
ဒီ ညကို မေတ္တာသက်ဝင်မဆုံးပေါ့၊
ည နှလုံးသားကို
ဖမ်းဆီးချုပ်နှောင်မထားတဲ့...
ည လရောင်မှန်သမျှ
အလဟဿမဖြစ်စေရတဲ့...
ည သန်းခေါင်ယံပင်ဖြစ်လင့်ကစား
ပန်းရနံ့တွေကိုဝှက်မထားတဲ့...
ကြယ်ပေါင်း ရံ ခ
ကွန်ထဲကလွတ်ထွက်လာတဲ့ညရယ်
ငါချက်မစားရက်ပါဘူး ။ ။
လမ်း၏အတ္ထုပ္ပတ္တိ
_________________________
လမ်းသည် တရကြမ်းမောင်းလာ၏။
လမ်းပေါ်တွင် မြို့ရွာများစွာပါလာသည်။
ရေကန်၊ မြစ်ချောင်းနှင့်
ဆည်မြောင်းတာတမံတို့သည်
ထိုအမြန်မောင်းလာသောလမ်းပေါ်တွင်
မဖိတ်မစင် လိုက်ပါလာနိုင်၏ ။
ထို့ပြင် လမ်းသည်
နေမင်းကြီးကိုသော်လည်းကောင်း ၊
လမင်းကြီးကိုသော်လည်းကောင်း ၊
ကြယ်တရာများကိုသော်လည်းကောင်း
ဂြိုလ်နက္ခတ်များကိုသော်လည်းကောင်း
မည်သည့်အရာကိုမဆို
အယုတ်အလတ်အမြတ်မရွေး
လမ်းပေါ်တွင်လိုက်ပါခွင့်ပြု၏ ။
တစ်ခါတစ်ရံ လမ်းပေါ်၌
လေပြင်းမုန်တိုင်းတို့
စီးနင်းလိုက်ပါလာသည်ကို တွေ့ရတတ်၍
တစ်ခါတစ်ရံလည်း
လေပြည်လေညှင်းကလေးများ
လမ်းပေါ်၌ စီးနင်းလိုက်ပါလာသည်ကိုတွေ့ရ၏ ။
အစဉ်သဖြင့်
လမ်း၏ခေါင်မိုးပေါ်တွင် နေ့ရက်များသည်
မိုးသားတိမ်တိုက်များကို ထည်လဲဝတ်ဆင်ကာ ၊
ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်း၍
မပျင်းမရိ စီးနင်းလိုက်ပါလာမြဲဖြစ်သည် ။
လမ်းသည်လည်း မောင်းနှင်မြဲ မောင်းနှင်၏ ။
လမ်းတစ်လျှောက်တွင် ကယောင်ချောက်ချားနှင့်
ကြွေမိကြွေရာ ကြွေနေသော နွေ
တကိုယ်လုံးရွှဲရွှဲစိုနေတတ်သည့် မိုး
တရားလွန်နှင်းတို့ကြောင့် မမြင်မစမ်းနှင့် ဆောင်း
စသည်တို့သည် ရှေ့ဆင့်နောက်ဆင့် စီတန်းလျက်
ခမ်းနားသိုက်မြိုက်စွာ လိုက်ပါလာ၏ ။
သို့ရာတွင် အဆက်မပြတ်မောင်းနှင်ခြင်းကို
အလိုမတူသော
ရေ၊ မြေ၊ တော၊ တောင် တို့ကိုကား
လမ်းသည် နောက်၌ချန်၍ ထားရစ်ခဲ့ရ၏ ။
ထိုမျှ အမြန်မောင်းနှင်နေသောလမ်းသည်
မည်မျှရှည်လျားပါသနည်း ။
မည်သို့ပင်ဖြစ်စေ
လမ်းသည် နိမ့်မြင့်ကွေ့ကောက်ခြင်းဟူသော
ပင်ကိုယ်စရိုက်နှင့်အညီ ပင်ပန်းကြီးစွာ မောင်းရ၏ ။
သို့ရာတွင် လမ်းသည် ညည်းတွားတတ်သူမဟုတ် ။
နိမ့်မြင့်ကွေ့ကောက်ခြင်းသည်ပင်လျှင်
လမ်း၏ ဂီတသံဖြစ်၏ ။
လမ်းဆိုသည် ကမ္ဘာလောကကြီးအတွက်
မရှိမဖြစ်သောအရာဖြစ်သည်။
ထို့ကြောင့်ပင် ...
လမ်းသည် ဆက်၍ တရကြမ်းမောင်းနှင်၏ ။
မောင်သိန်းဇော်
(၁၉၈၇)
လျှမ်း လျှမ်း တောက်
__________________________
မေမေ့ မျက်ဝန်းဟာ
သား ဘဝ ရဲ့ပထမဆုံးပွဲခင်း
မေမေ့ အပြုံးပန်းက
သား အတွက်
လက်ခုပ်သံသိန်းသန်းကုဋေကဋာ
မေမေ့ နှလုံးသားမှာ
ဘယ်လိုဆိုဆို ၊ ဘယ်ပုံကက
သား နာမည် အကျမရှိ ။
မေမေ့ အဆုံးအဖြတ်မှာ
သား အနုပညာ
အောင်မြင်မှု မရမှာများ
ဘယ်တုန်းခါကမှ
ကြောင့်ကျစရာ မလို ။
ဘယ် အရပ်မှာ ၊ ဘယ်သံသရာ
ပတ်စာခွာ ဖျာသိမ်းစေအုံးတော့
မေမေ့ ရင်ထဲ တစ်သက်တာ
ဇာတ်မင်းသားလေးတစ်ယောက်
လျှမ်းလျှမ်း တောက် ။ ။
မောင်သိန်းဇော်
(၂၀၁၄ )
အ လွမ်း တေး
(မနှစ်မြှို့သောအမှန်တရား)
____________________________
နွေလည်း နွေ မို့ နွေည
မိုးလည်း မိုး မို့ မိုးည
ဆောင်းလည်း ဆောင်းည
ဖြစ်တည်နေတာတွေ
ပြောင်းလဲမှုတွေ
သစ်ရွက် ၊ မိုးစက် နှင်းမှုန်
လူတို့အပါအဝင် အရာအားလုံး
နေ့နေ့ ညည ၊ လှလှ ပပ
သူ့အချိန် သူ့သဘာဝ နဲ့
ချစ်တဲ့ ကမ္ဘာကြီးကိုယ်တိုင်
မတည်မြဲခြင်းမှာ
အဓိပ္ပါယ်ပြည့်စုံလွန်းလှတော့
ဒီတစ်ညလည်း
ကျောက်တုံးအောက်က
ကန်စွန်းနွယ်လို
ငါ့စိတ် ၊ ငါ့အလွမ်း
အထွန့်တက်ဖို့မရဲပါ ။ ။
မောင်သိန်းဇော်
( 2 0 1 3 )
နေ့ စွဲ
________________
ငါ့ကို ယူသွားဖို့
မိုးချုန်းသံတွေကြားရ ။
နေ့စွဲများ
အဆန်းတကြယ်ဖိစီး
တစ်ကိုယ်ရည်
အစိတ်စိတ် အမွှာမွှာ
ဖူးပွင့်စဉ်
နေ့နဲ့ည မြှုပ်နှံရာ
စိတ် မြေသားထုထဲ
တရိပ်ရိပ်ပျံသန်း
လမ်းအားလုံး
ငါ့ကို ယူသွားဖို့
မိုးချုန်းသံတွေကြားရ ။
တမုဟုတ်ချင်း
ငါ့ကို ယူသွားဖို့
မိုးချုန်းသံတွေကြားရ ။ ။
မောင်သိန်းဇော်
(၁၉၉၁)
အ သစ် တစ် ဖန်
_____________________
အဲဒီ မြူနှင်းတွေပေါ့
နှလုံးသားကို ...
ဆက်ပိုင်းကျိုးကြစေတာ
လောကကို ရွှေဖြစ်အောင်
မပြုံးနိုင်တဲ့အဆုံး -
နေလုံးလည်းကွယ်ပြီ ။
ပြီး -
တစ်စက်ချင်းရွာတဲ့ မိုးထဲ
ပထဝီ မြေသားဟာ
ခြောက်သွေ့လွန်းရ ။
ကမ္ဘာတည်မယ့် ဇ နဲ့
ဘယ်သူလဲ?
လ ကိုယူဆောင်ခဲ့တာ
သူ အနုံညာတ မဟုတ်ပေဘူး ။ ။
မောင်သိန်းဇော်
(၁၉၈၉)
ရိုးရာဆိုတာ
ခေတ်ကို နုးညံ့သိမ်မွေ့စွာ
အာခံရခြင်းသဘောရှိပါတယ် ။
အသစ်ဆိုပေမယ့်
ရှိရင်းစွဲတန်ဖိုးတွေနဲ့
မလျော်ကန်ဘူး- လို့သဘောရရင်
ပြောင်းလဲမှုဆိုတာတိုင်းကို
လွယ်လင့်တကူ
အဆွေခင်ပွန်းဖွဲ့လေ့မရှိဘူး ။
ပြောင်းလဲတဲ့ခေတ်သစ်နဲ့ -
မိမိတို့ရေခံမြေခံစရိုက်သဘာဝနဲ့
စီးဝါးနရီကိုက်အလှတရားစင်စစ်
ဖြစ်ပေါ်ခဲ့မယ်ဆိုရင်တော့
လူမျိုးတစ်မျိုး ၊နိုင်ငံတစ်နိုင်ငံရဲ့
သက်တမ်းနဲ့အမျှ ...
ယဉ်ကျေးမှုအမှတ်အသားပြုပြီး
မပျောက်ရှအောင်အမြတ်တစ်နိုး
သိမ်းဆည်းထားခဲ့ကြစမြဲပါ ။
မ န္တ လေး သိန်း ဇော်
ရေ ချိုး ဆိပ်
__________________
သစ်ပင်တွေ
အမှောင်ထဲရပ်ပြီ ။
လရောင်က ညှီတာလား ?
ပင်လယ်က ညှီတာလား ?
နှလုံးသားတစ်ခုဆီကညှီတာလား ?
အုန်းသီးခွံ ၊ ခရုတစ်ခြမ်းပဲ့နဲ့
ခြေရာများ ...အားလုံးအိပ်ချိန်
တဝုန်းဝုန်းနဲ့
ကျွန်တော် ခင်ဗျား ၊ အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လို့ ။ ။
မောင်သိန်းဇော်
(၁၉၈၉)
ကောင်း ကင် ရဲ့အ ကြွေ စေ့ များ
_________________________
ထစ်ခြူန်းမှုများ
မရေနိုင်မတွက်နိုင်
မိုးသားကိုယ်တိုင်
သူ့မိုးချိမ်းသံ
သူ ပြန်ထိတ်လန့်နေရဲ့
အချိန်အခါမရွေးတဲ့
အလွမ်း တဖွဖွရဲ့အသံက
လျှပ်စီးတဖျတ်ဖျတ်လက်လို့ ၊
မိုးရွာမယ်ဆိုပါတော့ -
နှလုံးသားဟာ
နှလုံးအိမ်ထဲမှာလား ?
နှလုံးအိမ့်အပြင်မှာလား?
မေတ္တာရပ်ခွင်တစ်နယ်လုံး
မှိုင်း ညှို့အုံ့ဆိုင်းနေဆဲ ။ ။
မောင်သိန်းဇော်
(2014)
ရင် သပ် ရှု မော
_____________________
ဟွန်း - ကို
အသံကုန်တီး
အရှိန်တင်တာ လိုလို
ရပ် မရတာ လိုလို ။
ကားကတော့ စုတ်နေပြီ
မာနက အသစ်အတိုင်း
တစ်ရှိန်တိုး
ဗရမ်း ဗတာ သူ့အရိပ်
မျက်လုံးတွေ ၊ နားရွက်တွေ
တွေ့သမျှအရာဝင်တိုက်
လမ်းကို လှုပ်ခါ သွားစေခဲ့ ။
ပြီး ၊ ဝူးကနဲ ဆက်မောင်းသွား
တည့်တည့် ...
၂၁ ရာစုရဲ့တားမြစ်ဧရိယာ
မှောင်ကြီးမဲကြီး
ခေတ်ဟောင်းကြီးဆီ ။ ။
မောင်သိန်းဇော်
(၂၀၁၄)
စကားအလှ ဆိုတာ
လှလေ ၊ လူကြိုက်များလေ
ရိုး သွားဖို့လွယ်လေပဲ ...အထဲက
အတွေး လှပတာလို မခိုင်ခန့်ဘူး ။
စကားလုံးနဲ့ အတွေးတစ်ထပ်တည်း
လှတဲ့ ကဗျာမျိုးတွေကတော့
(ခေတ်) ဆိုတဲ့
အချိန်ကာလများ ရဲ့အခုန်အလှုပ်ကို
ခံနိုင်ရည်အရှိဆုံး- လို့ ထင်ပါတယ် ။
_____________________________
မောင်သိန်းဇော်
ဘယ်တုန်းကမှ ...
တစ်ခုခုကို အလွန်အကျွံ
အားကျတဲ့စိတ်နဲ့ ကဗျာ မရေးဖူးပါ ။
ကဗျာတစ်ပုဒ် ရေးပြီးတိုင်းလည်း
နောက်ထပ်ရေးနိုင်အုံးမှာ လို့ -
ဘယ်တုန်းကမှ ...
ကိုယ့်ကိုကိုယ် မယုံကြည်ခဲ့ပါ ။
နှလုံးသားလေးမထောက်ပံ့ရင်
ဘယ်တုန်းကမှ ...ကဗျာဆရာရယ်လို့
စွပ်စွပ်စွဲစွဲ ချီးမြှောက်ခံရဖွယ်
အကြောင်းမရှိပါ ။
_____________________________
မောင်သိန်းဇော်
ဘာသာစကားမှန်ရင်
ကဗျာမဆန်တဲ့စကားလုံးရယ်လို့
ခွဲခွဲခြားခြားရှိတယ် မထင်ပါ -
သုံးစွဲသူရဲ့အတွေး နဲ့ ဖွဲ့နွဲ့မှုအပေါ်သာ
မူတည်ပါလိမ့်မယ် ။
__________________________
မောင်သိန်းဇော်
ဥာဏ် ပန်း အိုးလေး
________ Notes
စကားအထစ်အထစ်နဲ့ _____________
___________ စမ်းချောင်းလေးတောင်
ပင်လယ်ဆီ _____________________
ရောက်အောင်သွားနိုင်သေးတာ ။ ။
Kဇော်
အ မှိုက် များ
________________________
ကိုယ့် သမိုင်း ကိုယ်ဖွ
အမှိုက်တွေက ပွစတက် ။
ရွဲ့စောင်း အတိတ်
ဘယ်သူ့စိတ်မှာ
ဘယ်သူ့အရိပ်လည်း
ဖျတ် ကနဲပေါ် ...
အမိုက်အမှား ၊ အမှောင်အမုန်း
အားလုံး အမှိုက် သရိုက်တွေ
ဘဝလမ်း ၌ တစ်ပုံတစ်ပင် -
ထ ၊ မနေ့က
အမှိုက်တွေထဲက ထ
ရှာ ၊ ဒီကနေ့
အမှိုက်ထဲကရွှေရအောင်ရှာ
မနက်ဖြန် - အမှိုက်ထဲက
ရွှေမရတောင် ၊ အမှိုက်ကစ
ပြဿဒ်မီးလောင်ဆိုတာလို
အနာဂတ်ကိုပြာမကျအောင်
သတိပြု ။ ။
မောင်သိန်းဇော်
(၂၁-၉-၂၀၁၃)
ဥာဏ် ပန်း အိုးလေး
________ Notes
ပေါင်မုန့်ကို လေးစားပါတယ် _________
ထမင်းလောက်တော့ မချစ်နိုင်ဘူး ။ ။
Kဇော်
မီး နဲ့ လုပ် တဲ့ မုန့်
____________________
သူ့လက်ထဲမှာ
လေပွေတွေ
တစ်ခုပြီးတစ်ခု ၊ အပူတစ်ပြင်း
အပူနဲ့ ကြီး ပြင်း
လောင်မြိုက်ခြင်းနဲ့
ချုပ်သီထားတဲ့
ပွဲဈေးတန်းတစ်လျှောက်
မီးဖိုထက် မီးတောက်ကပိုကြီး
မိန်းမသားတစ်ယောက်
မီးတောက်တစ်ခု
လမ်းနဲ့ အစီအရီ
အမြစ်က မြေကိုတွယ်သလို
လူ့ကမ္ဘာပေါ် သူနေထိုင်ပုံရဲရင့်
မုန့်ကို ရောင်းမှာလား ?
မီးကို ရောင်းမှာလား ?
တစ်ဆောင်းလုံး နှစ်ထားတဲ့
ခက်ဆစ်ကိုတော့ သူမရောင်းဘူး ။
လ မှောင်လေ လှလေ
နေ့တစ်နေ့ကို ပြန်အမ်းဖို့
ကြယ်အကြွေတွေ ရေတွက်ရင်း ။ ။
မောင်သိန်းဇော် ၊၂၀၀၀
တောင်ကုန်းအဟောင်းများ-မှ
က နေ တဲ့ က မ္ဘာ
_____________________________
မြင် မြင် သ မျှ လှနေတဲ့ကမ္ဘာ ...
ကျေးငှက်တွေ စ - ပန်းပွင့်တွေ လှ
မိုးသားတွေ က - စမ်းချောင်းတွေ မြ
ပျော်မြူးကခုန် အ လှ တွေ စုံလင်တာ
ကလေးငယ် ရဲ့ ပြုံး ရွှင် မျက်နှာ
တို့ ကမ္ဘာကြီး ကျန်းမာခြင်း မင်္ဂလာ
ဤ ကမ္ဘာ ...
ကိုယ့် ရင်ထဲက မွှေးမြခြင်း ကဗျာ
ဘေးရန်ကင်းလို့ ကျန်းမာချမ်းသာ
စစ်မက်ကင်းဝေး သဘာဝဘေးဒဏ်
အတန်တန်လွန်မြောက် ကပ်ရောဂါဆိုးတွေ
ကင်း စင် ပျောက် ကွာ
( ကျွန်တော်တို့ကမ္ဘာကြီး နေ့စဉ်ချမ်းသာ
ကျွန်တော်တို့ကမ္ဘာကြီး နေ့စဉ်ကျန်းမာ )
ပ ရ မံ မြတ်သော -
ကျန်းမာခြင်း တောင်းဆုသံသာ
ဟစ်ခါကြွေးမှာ မေတ္တာတေးကဗျာ
( လူ့ကမ္ဘာကြီး ကျန်းမာရေး
လောကဓါတ်ကြီး လှပရေး )
မေတ္တာတေးနဲ့ ဆေးကုပေးမယ်ဗျာ
ကမ္ဘာကြီး မကျန်းမာတဲ့အခါ
ငှက်ကလေးတွေလဲ တေးမဆိုပါ ...
ကမ္ဘာကြီး ဖျားနာတဲ့အခါ
ပန်းကလေးတွေလဲ မကခုန်ပါ ...
ကမ္ဘာကြီး မကျန်းမာတဲ့အခါ
မိုးသားတွေလဲ မကခုန်ပါ ...
ကမ္ဘာကြီး ဖျားနာတဲ့အခါ
စမ်းချောင်းတွေလဲ တေးမသီပါ ...
ပျော်ပျော်ရွှင်ရွှင် ကြင်ကြင်နာနာ
နေ့စဉ် ကျန်းမာ နေ့စဉ် ချမ်းသာ
တစ်ဦးကိုတစ်ဦး မေတ္တာနှင်း
လှပခြင်း နဲ့ ကနေတဲ့ ကမ္ဘာ ... ။ ။
( ၂ )
ကနေတဲ့ကမ္ဘာ - ကို
ကျွန်တော် ကဗျာအနေနဲ့ ရေးခဲ့တာ
မဟုတ်ပါဘူး ။ မြန်မာ့သဘင် ရွှေခေတ်က
ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်းတို့
ဆိုခဲ့ကခဲ့တဲ့ ဇာတ်နှစ်ပါးသွား (နရီ) အသွားမျိုးနဲ့
ကိုယ်တိုင် ရေးစပ်ထားတဲ့သီချင်းတစ်ပုဒ်ပါ ။
ဇာတ်သဘင်ရဲ့ဂီတသံစဉ်အဟောင်းနဲ့
ခေတ်အမြင်အတွေး စာသားအသစ်ကို
ပေါင်းစပ်ကြည့်တာပါ ။ (၂၀၀၂) ခုနှစ်လောက်မှာ
ခေတ်သစ်ပြဇာတ်တစ်ပုဒ်အဖြစ်( ကနေတဲ့ကမ္ဘာ )ကို
တင်ဆက်ဖို့ဆိုတဲ့ အကောင်အထည်မပေါ်တဲ့
အစီအစဉ်တစ်ခု ရှိခဲ့ဖူးပါတယ် ။
စင်တင်မကဖြစ်ခဲ့သလို ရေးမှတ်ထားတဲ့
ဖိုင်တွေ ၊ ဘာတွေလည်းမကျံခဲ့ဘူး ။
အစထဲက ဇာတ်ကွက်တွေကိုစိတ်ထဲ
အတွေးထဲမှာပဲ တေးမှတ်ထားတာမို့ပါပဲ ။
ဒါပေမယ့်( ကနေတဲ့ကမ္ဘာ )ဟာ ထူးထူးခြားခြား
လူ့ကမ္ဘာအကျိုးဆောင် စိတ်ကူးလေးမို့
အားလုံးလိုလို မမေ့မပျောက် အတွေးမှာ
မှတ်မိနေပါသေးတယ် ။
တကယ်လို့များ တကယ်လို့များပေါ့လေ -
ခုနေ တစ်ယောက်ယောက်က
အဲဒီကပြရေး အကောင်အထည် ပေါ်အုံးမှာလား?လို့
မေးလာခဲ့မယ်ဆိုရင်တော့ -
" အဲဒါကို ကျွန်တော်လည်းသိချင်ပါတယ် "လို့သာ
ဖြေရပေလိမ့်မယ် ထင်ရဲ့ ။
မန္တလေးသိန်းဇော်
(၂၀၁၄)
ဟ သာင်္ တ ချင်း
______________________
မမြန်ချင်နေပါစေ
မမြုပ်ရင် တာဝန်ကြေပြီဆိုတဲ့
ဧရာဝတီကြီးရယ် ၊ ငါရယ်
၂၀၀၁ထဲ စီးဆင်းဆဲ ...
မြစ်က မြို့ကို ထမ်းလိုက်
မြို့က မြစ်ကို ထမ်းလိုက်နဲ့
ဟင်္သာတွေ
ဘယ်လောက်လွမ်းလွမ်း
သင့်မေတ္တာ မပင်ပမ်းခဲ့ဘူး ။
ရေက မြေကို လွှမ်းလိုက်
မြေက ရေကို လွှမ်းလိုက်နဲ့
သူတို့ ဘဝတွေ
အချိန်က ဖုံးအုပ်သွား -
"ဗျိုး" ကိုလင်းခက်
ခု ကျွန်တော်ရောက်နေတဲ့
ကမ်းတစ်ဖက်မှာ
ဟင်္သာငှက်တွေမမြင်ရပေမယ့်
အတောင်ခတ်သံတွေကြားရတယ် ။ ။
မောင်သိန်းဇော်
၂၀၀၁(ဟင်္သာတ)
မွေး မြူ ရေး ခြံ ထဲ က က မ္ဘာ
___________________________
ဖြစ်နေကြ
ပဋိပက္ခတွေမှာ
ကမ္ဘာကြီးဟာ
ကွမ်းစားဆေးသောက်မပျက်-
ပြောရင်းဆိုရင်း
မိုးသားထဲ - ဘယ်သူ့
ဥာဏ်အမိုက်တိုက်ပါလိမ့်
တဗြုန်းဗြုန်း ရွာချတယ် ။
ငါ့နှယ်-
မ ရိုသေ့ စကား
ခြံထဲကစကားလုံးတွေ
အထီးအမ ခွဲပြီး
မိတ်လိုက်ခိုင်းတာနဲ့
ယုဇနပန်းရုံလို၊ ကဗျာ
တစ်အုံလုံးပွင့်စေမှာတဲ့လား
သြော်- ခေတ်ကြီးကလည်း
စနစ်တွေ၊နည်းတွေ
ပြောင်မြောက်လိုက်ပုံက
ယုန်တောင်ပြေးခွေးမြောက်လိုက်
ကျွန်တော်တို့ရဲ့လူသားကမ္ဘာ
အနုပညာ မပေါ်ခင်ကတည်းက
အနုပညာ ရှိခဲ့တယ် ။ ။
မောင်သိန်းဇော်
ကဗျာလောက(အမှတ်၆၊၂၀၁၄)
လှို့ ဝှက် ချက်
_____________________
ကောင်းကင်က အပြာ
တိမ်သားက အဖြူ
တောင်ကုန်းညိုညိုပေါ်က
မြက်ခင်းနဲ့တောအုပ်က အစိမ်း
မြင်ကွင်းဟာ တလွင့်လွင့်
ပြီး ၊ ယိမ်းနွဲ့ လှုပ်ခါစေတဲ့
လေညှင်းမှာ အရောင်မရှိဘူး ။ ။
မောင်သိန်းဇော်
(၂၀၁၄)
၅၅ စ ကား ဝိုင်း
_______________________
ဟိုက လိုလို ...
ဒီက တစ်မျိုးတစ်မျိုး
တိုးတိုး တိုးတိုး နဲ့
အနားမှာ ခဏ ခဏ
မကြားတစ်ချက် ကြားတစ်ချက်
လာ လာ စကားပြောနေတာ
ဟိတ် ဘယ်သူလဲ?
သြော် ဟုတ်ကဲ့ -
လက်စသတ်တော့အရွယ်ကိုး ။ ။
မောင်သိန်းဇော်
နုတ် ခမ်း လေး ရဲ့ အ ဝေး
_______________________________
အ လွမ်း နဲ့ ငေါငေါ
အမည်မသိ ၊ ကိုယ့်ပါရမီနဲ့ကိုယ်ထိရှလို့
နာတာကို နာတယ်လို့
မပြောတဲ့မြေကြီး သီးစရာရှိတာသီးခဲ့ ။
အတင့်ရဲတဲ့နုတ်ခမ်းလေးက
ပွင့်စရာရှိတာပွင့်သွားမှာတဲ့ -
ထနှောင်းဆူးတွေ
အထွန့်မတက်နိုင်အောင်
မျက်နှာပေးလေးတစ်ခုနဲ့ ဟန့်ထားတဲ့
တိမ်သားဖြူဖြူရေ
သူအချစ်ကို တယုတယစွန့်ပစ်ခဲ့တာပါ ၊
တွေ့ဖူးပါတယ်ဆိုပြီး
ကိုယ့်မျက်နှာထားကိုယ်
မမြင်ဘူးသလို ပြန်ပြန်ကြည့်နေတဲ့
တိမ်သားဖြူဖြူရေ
ငါ့ ရေပြင်မှာ ဆူးတွေမရှိပါဘူးကွယ် ၊
နုတ်ခမ်းလေးရယ် ...
ဝေးနေပေမယ့်
နုတ်ခမ်းလေးရယ် ...
တိမ်တွေတို့ကိုထားရစ်ခဲ့ပေမယ့်
နုတ်ခမ်းလေးရယ် ...
ဓာတ်အားတွေ လွတ်ကျမသွားအောင်
မင်းနဲ့ငါ ဆက်ထားမှဖြစ်မှာတဲ့ -
အ စော ကြီး ပါး လွှာ နေ့ တွေ
ဘယ်လိုအနမ်းနဲ့ဖာထေးမလဲ ။ ။
မောင်သိန်းဇော် ၊ ၁၉၉၆
(နှင်းရည်စက်လက်+ရှုမျှော်ခင်း၂၁-မှ)
မျက် ရည် သစ် ပင်
( ထင်ရှုးပဒေသာလမ်း )
ကျွန်တော့်ဘဝ လေသာပြတင်းပေါက်မှကြည့်လျှင်
______________________________________
ကျွန်တော် အ မြဲ မြင် နေရသည်မှာ
မျက်ရည်သစ်ပင်တစ်ပင် ဖြစ်ပါသည် ။
ထင်းရှူးပဒေသာလမ်းပါတဲ့ ...၊
လမ်းကလေးရဲ့တစ်ဘက်တစ်ချက်မှာတော့
ထင်းရှူးပင်တွေ အစီအရီပေါက်နေတယ် ။
တချို့အပင်တွေက ငိုနေသလိုပဲ ။
သူတို့အသီးကြီးတွေက မျက်ရည်စကြီးတွေနဲ့ တူနေတယ် ။
တစ်ချို့အပင်တွေကျတော့လည်း ခြေတွေလက်တွေ
ချိုးပြီးကနေသလိုပဲ။ အခက်အလက်တွေ ကော့ပျံနေတယ် ။
တစ်ချို့ကျတော့လည်း -
လူရွှင်တော်တွေလို အမြဲ ရယ်ကြဲကြဲ လုပ်နေပါတယ် ။
တစ်ချို့ကျတော့ လေမကြောက်၊ မိုးမကြောက်၊ နေမကြောက်
အမြင့်မားဆုံး ပေါက်ရောက်ပြီး ခါးကြီးတွေ ထောက်နေလေရဲ့။
နောက်ပြီး ထင်းရှူးပဒေသာလမ်းနဲ့ ပတ်သက်တဲ့
ဇာတ်လမ်းလေးတစ်ခုလည်းရှိတယ် ။ နွေတုန်းကထင်ပါရဲ့-
လေဟာ မျက်ရည်သစ်ပင်ကြီးတွေကို အငိုရှာနေတယ် ။
အဲဒီ အချိန်တုန်းက ထင်းရှူးပဒေသာလမ်းကလေးပေါ်မှာ
ကောင်လေးတစ်ယောက်လမ်းလျှောက်နေတာ တွေ့ရတယ် ။
ကောင်လေးကိုကြည့်ရတာ တစ်စုံတစ်ခုကို နောက်ဆံတင်းနေသလိုပဲ -
( လမ်းဘေးက အုတ်ခုံလေးမှာ အင်္ဂတေတွေကွာနေလေရဲ့ )
ဒီလိုနဲ့ ...
နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ် ။
တစ်နေ့ထင်းရှူးပဒေသာလမ်းလေးပေါ်ကို
ကောင်မလေးတစ်ယောက် ထပ်ရောက်လာတယ် ။
သူက လမ်းကလေးကို အားနာတယ် ။
ကောင်လေးက တောင်းပန်စရာမလိုပါဘူးကွယ် ။ လူ့ဘဝဆိုတာ
အားနာစရာမှမဟုတ်တာလို့ ရှင်းပြနေချိန်မှာ အခက်အလက်တွေ
ကော့ပျံနေအောင် ခြေတွေလက်တွေ ချိုးပြီးကနေတဲ့
ထင်းရှူးပင်အုပ်လေးပေါ်ကို မိုးရွာချတော့တာပါပဲ ။
နေထွက်လိုက် မွန်းတည့်လိုက် နေဝင်လိုက်နဲ့မကြာခင်မှာပဲ
ကောင်လေးတစ်ယောက် ထပ်ရောက်လာပြန်တယ် ။
"သစ်ရွက်တွေမကြွေရဘူးတဲ့ "
အသံလာရာဆီ မော့ကြည့်လိုက်တဲ့အခါ
အမြင့်မားဆုံး ပေါက်ရောက်ပြီး ခါးထောက်နေတဲ့ သစ်ပင်ကြီးကို
တွေ့ရတယ်။ အဲဒီ အချိန်ကစပြီး ထင်းရှူးပဒေသာလမ်းပေါ်မှာ
သူတို့သုံးယောက် လမ်းလျှောက်နေတာကို အားလုံးလိုလိုမြင်ဘူးကြတယ်။
ကောင်လေးရယ်၊ ကောင်မလေးရယ်၊ ကောင်လေးရယ် ...
ထင်းရှူးပင်ကြီးတစ်ပင်က
ရယ်စရာဆိုတာ တို့သစ်ပင်ကြီးတွေက စပြီးတီထွင်ခဲ့တာပါကွာလို့-
ပြောရင်း ရယ်ကြဲကြဲ လုပ်နေတယ် ။
ထင်းရှူးပဒေသာလမ်းကလေးဟာ ဘယ်လောက်ပျော်စရာကောင်းပါသလဲ
ကောင်လေးရယ် ၊ ကောင်မလေးရယ် ၊ ကောင်လေးရယ် ...ကမ္ဘာကြီးရယ်
ပျော်ဖို့ ဘယ်လောက် ကောင်းသလဲ ?. . . တကယ်ဆို
ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်သင့်ပါဘူး ။
ခုတော့ ...လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ မုန်တိုင်းကြောင့်
ထင်းရှူးပင်ကြီးဟာ မျက်ရည် တောက်တောက်ကျနေရပေါ့ ။
ထင်းရှူးတောအုပ်ကလေးတစ်ခုလုံးဟာလည်း
မျက်ရည်သစ်ပင်ကြီးရဲ့ ငိုသံမှာ အံ့အားသင့်နေကြတယ် ။
ဒါပေမယ့် ၊ ထင်းရှူးပဒေသာလမ်းပေါ်မှာ
ကောင်လေးတစ်ယောက်ဟာ လမ်းလျှောက်နေတုန်းပါပဲ ။
( သူ့ကို ကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံ မပေါ်ဘူး )
လမ်းဘေးက အုတ်ခုံလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့ ။ ။
Kဇော် ၊ ၁၉၈၇
(ပြုံးနေတဲ့သံဆူးကြိုးကလေး-မှ)
စာ ဖတ် ခန်း
_______________________
ဒါလား လူ့ဘုံခန်းဝါ ...
ဆူညံလွန်းနေတာကလွဲလို့
အနံ့ကစ အရသာရှိနေတယ် ။
ဖတ်ပြီးသားနဲ့
မဖတ်ရသေးတာ
နောက်ပြီး
ငါ ဖတ်လို့မတတ်တာ
ပြီးတော့ -
ငါ ဖတ်လို့မဝတာ
မီး ရောင်စုံတွေက
မှိန်လိုက် ၊ ထိန်ထိန်လင်းလိုက်
ခန့်ခန့်ညားညား အခန်းထဲ
အားလုံး တိုး ဝှေ့ ...၊
သူ့အလိုလိုပါပဲ -
ငါ ကိုယ်တိုင်လည်း
မှင်နဲ့ မောင်းနဲ့
အဖုံးက ထူထူ ထဲထဲ
သပ်သပ် ရပ်ရပ် ။ ။
မောင်သိန်းဇော်
(၂၀၁၄)
စ န္ဒ ယား တစ် လုံး နဲ့ အ သံ ညှိ ခြင်း
T U N I N G
______________________________
နေ အဖ ၊ လ အမေ
ကုသိုလ် အကုသိုလ် ရောပြွန်းပေါက်ရောက်ရာ
ကျွန်ုပ်တို့ရဲ့ကမ္ဘာမြေတစ်ဝှမ်းကို
ခဏမျှ ကြည့်လိုက်စမ်းပါလေ -
ကြာဖက်ပေါ်က နှင်းရည်စက်လက်တစ်စက်ကိုမှ
အငွေ့တလူလူစွဲမက်တဲ့
ဆွတ်ပျံ့ဘွယ်ကောင်လေးတစ်ယောက်
ဒီမှာ တွေ့ပါ စ ...။
ဇာတ်မင်းသားလေးသူဟာ
ရူးသွပ်ခြင်းကို လက်ရာမြောက်အောင်
အကြိမ်ကြိမ်ကြိုးစားခဲ့ဘူးလို
ဘယ်မေတ္တာတရားကမှ သူ့ကို
သူရူးလေးလို့ ပြောမထွက်ကြဘူး -
ဇာတ်မင်းသားလေးသူဟာ
သီချင်းဆိုတဲ့အခါ အလွမ်းမစင်တာလေးကလွဲလို့
သူ့နှလုံးသားထဲမှာ ရှိရှိသမျှအနုပညာအားလုံး
အချစ်နဲ့ ပြုလုပ်ထားတာချည်းပါဘဲ -
ဇာတ်မင်းသားလေးသူဟာ
အချစ်တွေ အမှန်ရမယ်ဆိုရင်
လကွယ်ညကိုတောင် အမှောင်ရယ်လို့
သူငြင်းမှာ မဟုတ်ဘူး ၊ ပွဲခင်းကို ခြုံထွေးထားတဲ့
စောင်အမည်းလေးတစ်ထည်လို ညဟာလည်း
သူ့အချစ်နဲ့ကျ လှနေနိုင်မှာမို့ပါ -
ဇာတ်မင်းသားလေးသူဟာ
သောင်းတိုက်စင်္ကြာဝဠာရဲ့
မြတ်နိုးဖြောင့်မတ်အပြုံးတွေကို ဖိတ်ခေါ်တယ် ။
စန္ဒယားတစ်လုံးနဲ့ အသံညှိယူထားသလို
အတိအကျလှပတဲ့ အဲဒီအပြုံးတွေ
သူ့ရင်ထဲမှာ ဘယ်တော့မှ
စစ်မရှုံးရဘူးလို့ အာမခံသတဲ့ -
ဇာတ်မင်းသားလေးသူဟာ
နေ့သစ်တစ်နေ့ကို ဝင်းပလာအောင်
တစ်ညတာလုံး တံခါးခေါက်သူ ၊ အလင်းနိုးသူ
အဝိဇ္ဇာကြယ်လေးတစ်ပွင့်အဖြစ်နဲ့ပေါ့ -
ဇာတ်မင်းသားလေးသူဟာ
သူ့အကြည့်တွေကို အမှိုက်ရှုပ်တယ်ဆိုပြီး
ရင်ထဲကဆွဲနှုတ်ပစ်ကြမှာ စိုးရိမ်သတဲ့ ၊
သူ မြက်ရိုင်းလေး မဟုတ်ဘူး ။
လူရိုင်းလေးလည်း မဟုတ်ပါဘူး ။
သုခုမနဲ့ ညတွေကို ယဉ်ကျေးစေသူ
ဇာတ်မင်းသားလေးသူပါလို့ တဖွဖွပြောတယ် -
ဇာတ်မင်းသားလေးသူဟာ ဘယ်သူလဲ ?
အဲဒီ ဇာတ်မင်းသားလေးသူဟာ
မြတ်လေးပန်းရနံ့တွေ
အထူး စိမ့်ဝင်နေတဲ့ လေနဲ့ အတူ
သူ့စိတ်သူလိုက်ရှာဖို့
သီချင်းတစ်ပုဒ် စတော့မယ် ။ ။
မောင်သိန်းဇော်
( ၁၉၉၆ )
အ ကျွတ် အလွတ်
_________________________
လေက
ယာမြေကို ပွေ့ချီသွားဖို့
ကြိုးစားခိုက် -
တို့ကမ္ဘာ
အငွေ့ပြန်ခွင့်မရတာ
ဘယ်လောက်ကြာပြီလဲ
ရိုးပြတ်ကွင်းထဲ
အစုလိုက်အပြုံလိုက်
တံလျှပ်တွေ
တစ်နေကုန်တက်ကြွလို့၊
အကောင်းပကတိကြီးကနေ
ရုတ်တရက် -
ငါဟာအမှန်တရား-လို့
ငယ်သံပါအောင်အော်ရင်း
ဒီမှာအမှန်တရား-လို့
မီခိုးတအူအူ အချက်ပြရင်း
ကြံမိကြံရာကြံပင်တွေရဲ့နောက်-
ညနေခင်းဟာ
သူ့ကိုယ်သူ မီးသင်းလို့
ထွက်မြောက်ပေါ့ ။ ။
မောင်သိန်းဇော်
(၂၀၀၀)
မွေး နေ့ လက် ဆောင်
____________________________
အကုသိုလ်ရယ်
သစ်ရွက်အစုတ်ပြတ်ကလေးက
ကမ္ဘာကြီးကို
ပိုင်ပိုင်နိုင်နိုင် ခုန်အုပ်လိုက်သလိုပ -
ကြယ်ကလေးတွေ
ငါ့ရင်ကိုထိအောင်လင်းကြစမ်း၊
ပန်းကလေးတွေ
ငါ့ရင်ကိုထိအောင်မွှေးကြစမ်း၊
သံသရာကြွေးဆပ်နေတဲ့
ရော်ဘာပင်ကဖြင့်
သူ့သွေးတွေကို
တစ်သွင်သွင်ခါထုတ်ပေးနေမှာပါပဲ။
မှုန်ပြာရီတစ်ခေတ်လုံး
ပြုံးနေတဲ့သံဆူးကြိုးကလေးမှာ
နှင်းများဟာလေခိုခဲ့ -
အို.....
လရောင်ကိုနားစွင့်နေတဲ့
ကျောက်တုံးငဲ့ ၊
နေသားမကျတဲ့ရာဇဝင်ကို
မောင်းနှင်ဖို့နှလုံးသားဟာ
ရေဆူနေတဲ့အိုးတစ်လုံးဖြစ်ခဲ့တယ်။
လမ်းကလေးကွပ်မျက်ခံရ -
မွှေးရနံ့ကလမ်းမလျှောက်တော့ဘူးတဲ့။
သင်နှင့် ထပ်တူထပ်မျှ
စင်္ကြာဝဠာမှာ အံချော်နေတဲ့
တိမ်သားလေးတစ်စက
ကမ္ဘာကြီးအတွက် အမှတ်တရ
ကောင်းကင်ကလည်း
စကားတစ်ခွန်းလောက်ကိုမှ
တဲ့တိုးမပြောနိုင်ဘူးတဲ့လား ။ ။
မောင်သိန်းဇော်၊ ၁၉၈၆
(ပြုံးနေတဲ့သံဆူးကြိုးကလေး-မှ)
ဝင် လာ မ စဲ
_________________________
မွေးနေ့ ရောက်လာခဲ့တယ် ၊
ငါ့မှာ ထိတ်ထိတ်ပြာပြာ
ဈေးဝယ်ရင်း က
ဖျတ် ကနဲ စိုးရိမ်စိတ်နဲ့
အိတ်ပြန် စမ်းသလို -
ဘဝထဲက အချိန်
ဖျတ် ကနဲ ၊ ဖျတ် ကနဲ
ပြန် စမ်းကြည့်တဲ့အခါ
ထိတ်ထိတ်ပြာပြာ...
မည်သို့ ရှိစေ -
စာရင်းထဲမှာအပေါင်းပြ ပြပြီး
လက်ကျန်ထဲက
နုတ် နုတ်သွားတဲ့ မွေးနေ့ကို
အစဉ်အလာမပျက်
မင်္ဂလာပါ လို့ ချိုသာစွာ
ငါ နုတ်ခွန်းဆက်သရဲ့ ။
သြော်...
ရက် မြတ် ဆိုတဲ့အတိုင်း
ငါ တို့ ရဲ့ လူ့အဖြစ်ဟာ
မြတ် စွန်း ခဲ့ပြီလား ။ ။
မောင်သိန်းဇော်
(10-7-2014)
ရှု မျှော် ခင်း
__________
အဆုံးမရှိအောင်ကျယ်ဝန်းတဲ့
- အမှားထဲ
တိမ်တွေကလှလိုက်တာ
ကိုယ့်မှာတရားနဲ့ဖြေရတယ် ။ ။
မောင်သိန်းဇော်
(၁၉၉၁)
မန္တာန်
လူသူမနီးတဲ့စိတ်အာရုံ
ပန်းကလေးနဲ့ ရောယောင်ပြီး
စင်္ကြာဝလ္လာ ပွင့် ပုံ ဆန်း
ငိုသံ ၊ ရယ်မောသံ
အထိတ်တလန့်ပျံသန်းရာ
ငါ့ကိုယ်ခန္ဓာထဲ
မှောင်အတိ
နှစ်သန်းပေါင်းများစွာ
ကမ်းပါးတွေ မြစ်အတိုင်း
ကောက်ကွေ့သမို့
မှားယွင်းမှု အပေါင်းရဲ့
ကောင်းကင်ကို
နှလုံးသားအောက် ဆွဲသွင်းရင်း
အတိုက်စားခံမိခင် လှေတွေ
သင့်ဆီပြန်လာတဲ့အခါ
သင့်ဆီကိုဘယ်တော့မှ
ပြန်လာမှာမဟုတ်တဲ့
ရေပေါ်ကပေါ့ ။ ။
မောင်သိန်းဇော်
(၁၉၉၂)
ဂျွန်ကပြောတယ်၊ အားလုံးမြစ်ဆီသို့
____________________________
စိတ်ကလေး
မလွမ်းအောင်နေလို့ မရဘူး
လွမ်း လွမ်းနေ ၊ သူ့ခမျာ
မပျော်အောင်လည်းနေလို့ မရဘူး ၊ပျော် ပျော်နေ
ဟေး ဂျွန်
အချစ်ကို မနိုင်မနင်း
သယ်ဆောင်လာတဲ့
တစ်မျှော်တစ်ခေါ် အနမ်းရဲ့
ဟိုး အတွင်းဘက်မှာ
အိမ်ဆီပြန် ခေါ်မယ့်လမ်း ပါသကွဲ့ ၊
အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့
လေယာဉ်ပျံကြီးနဲ့မှ မဟုတ်ပါဘူး ၊
ပျံလွှားငှက်ကလေးနဲ့လည်း လိုက်မယ် ။
ဒီလောကီမှာ
ဒီပါးပြင်လေးကို
ဒီနှစ်လုံးသား အရူးအမူးကလေးက
ဘယ့်နှယ့်လုပ်လို့မှ
သူစိမ်းပြင်ပြင်
သဘောမထားနိုင်ရှာတဲ့အတွက်
ဂျွန်ရေ
စိတ်ကိုဖမ်းကြပေရော့ ၊
အနမ်းဆိုတာ ခိုးယူလို့မရနိုင်ဘူးလား
သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေ မသိအောင်တစ်မျိုး သိအောင်တစ်မျိုးလှသူပေါ့ ။
အနှယ်အမှုံထနေတဲ့ ညအပြာက
ကြယ်သားနုနုထွတ်ထွတ်တွေကိုမစွဲမက်သတဲ့ ၊
သက်တန့်တွေ ၊ ကြယ်တွေ
ပန်းပွင့်တွေ... သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ ဘယ်လိုဘဲလှလှနေပေမယ့်
သူကလေးကမှ အိနြေ္ဒရတာပါ သူ့မှာ
စကားလုံးတွေလည်း လှပတယ် ၊ ပြီးတော့
တသွင်သွင် စီးဆင်းလို့ -
ဂျွန့်ကိုပြောလိုက်ပါ ၊
ငါတို့မြစ်ဆီ သွားဖို့ မလိုတော့ဘူး ။ ။
(၁၉၉၅)
ဉာဏ် ပန်း အိုး လေး
__________ Notes
_______အသစ်_____အဆန်း________
စကားလုံးတွေက ဆွဲဆောင်မှု ရှိတယ် ။
အဲဒီ ဆွဲဆောင်မှုကြောင့်ပဲ ဟောင်း နွမ်း
လွယ်တယ် ။ အတွေးကတော့______
အထဲကအရာမို့ နှစ်ကြာလည်း ဖုန်ခါဖို့…
နေထုတ်လှမ်းဖို့ …လိုမယ်မဟုတ်ဘူး ။
________________________________
Kဇော်
အ လျင် စ လို
_________________
ငြိမ်း ချမ်း ရေး နံနက်စာ
ကမ္ဘာကိုဘယ်သူခွံ့ကျွေးမလဲ ?
၂၀၁၀ ပါးစပ်အဟောင်းသား ။
မောင်သိန်းဇော်
မီး
ဘ၀ကို
ကျောက်တုံးတစ်တုံးနဲ့ ပွတ်တိုက်ပြီး
မီးခတ်သူ
သဲလွန်စတွေ ရှာရင်း
အမှတ်မထင် အခွံဖြစ်သွား
လောင်မြိုက်မှုကို ဆုံးရှုံးပေါ့။ ။
မောင်သိန်းဇော်
ရင်ထဲက
ပြာလဲ့လဲ့တိမ်တိုက်တွေ
မိုးရွာမချခင်
_____________________________
မပြောရက်ပါဘူး|ပြောလို့လည်း
ပြောမထွက်ပါဘူး အိပ်မက်ရယ်
ရင်ထဲက
ပြာလဲ့လဲ့တိမ်တိုက်တွေ
မိုးရွာမချခင်
နှင်းတစ်ဝက်|မြုတစ်ဝက်နဲ့
သံသရာအဆက်ဆက်မှုန်ဝါးအောင်
မင်းသိပ်လှတာပဲအိပ်မက်ရယ်
ရင်ထဲက
ပြာလဲ့လဲ့တိမ်တိုက်တွေ
မိုးရွာမချခင်
သီချင်းတွေမှာ ပွင့်ဖတ်မရှိဘူး
ဒါပေမယ့် နှလုံသားနဲ့နမ်းစမ်းပါ
အိပ်မက်ထဲ မွှေးပျံ့နေတဲ့အရာ
အနတ္တလို့ ဘယ်သူပြောလဲ
ရင်ထဲက
ပြာလဲ့လဲ့တိမ်တိုက်တွေ
မိုးရွာမချခင်
ရုန်းမထွက်နိုင်ဘူးတဲ့
ကိုယ့်ဘဝကိုယ်
ကြယ်စုံလစုံနဲ့ ရင်ခုန်နေတာ
ရူးသွပ်နေတာမဟုတ်ဘူးတဲ့
အိပ်မက်ထဲ-
အိပ်မက်နေတာလည်းမဟုတ်ဘူးတဲ့
ပြာလဲ့လဲ့တိမ်တိုက်တွေ
ရင်ထဲကို မိုးရွာချတဲ့အခါ……
ဘဝဆိုတာ
အပေါက်အပြဲများတဲ့ ကောင်းကင်က
ယိုစီးလာတဲ့နေ့ရက်တွေပေါ့
နွေတစ်ညသည်အိပ်မက်
အပျိုစင်၏
အချစ်နှင့်ဂီတသည်အိပ်မက်
အနာဂတ်မိုးချုန်းသံသည်အိပ်မက်
နှလုံးသားနှင့်
ဆောင်းဦးနှင်းဆီတို့သည်အိပ်မက်
အောင်မြင်ကျော်ကြားခြင်းအရောင်သည်
အိပ်မက်
သက်တန့်၏အဆန်းတကြယ်
လှပမှုသည်အိပ်မက်
ရွှေမန္တလေးသည်အိပ်မက်
တော်ဝင်ပိတောက်ပန်းသည်အိပ်မက်
ဇာတ်မင်းသားလေး
သိန်းဇော်သည်အိပ်မက်
အိပ်မက်၏ရနံ့သည်အိပ်မက်
အဲဒီအိပ်မက်ကို ချည်နှောင်ဖို့
ကြိုးတစ်ချောင်းအဖြစ်
လက်ခုပ်သံတွေ ပေး ပါ ။ ။
ဝဇီရာရုံ|ရန်ကုန်
(၁၉၉၄)
မြို့အောက်က ကြယ်
အဖုံးဖုံးထားတယ်
ရွှဲရွှဲ စိုအောင်
- မီးပျက်လို့
ကိုယ်ထင်မပြပဲ
အလေးချိန်မဲ့စွာ အိပ်စက်
အသစ်နဲ့ စွေသူ တချို့သာ ။ ။
မောင်သိန်းဇော်
(၁၉၉၃)
တစ်ညသ၌
___________
တရှိန်ထိုး မှောင်စဉ်
ထပ်၍ မြန်လို့မရနိုင်တဲ့
- အမြန်ဆုံး
အ ကာလရဲ့စန္ဒယားတစ်လုံးနှယ်
ဖြတ်သန်းရမယ့် နေရာတစ်ချို့
အဝေးဆုံးထားရစ်|
လျှပ်စီးလက်သလို ဝင်းကနဲ
ဘယ်အရပ်ကို သွားနေတာလဲ? လို့
လွမ်းဆွတ်စွာ သူမမေးခင်
ဘယ်တော့ရောက်မှာလဲ ?
လွမ်းဆွတ်စွာ သူ့အရင်မေးမိ|
ကားမီးတစ်ထိုးစာ အလင်းထဲ ။ ။
မောင်သိန်းဇော်
(၁၉၉၅)
ဥာဏ် ပန်း အိုးလေး
_________ Notes
မသိမသာဆိုပေမယ့်
သိသိသာသာပါဘဲ
အသက်ရှင်လျက်နဲ့ ဘဝပြောင်းခြင်း
ခဏငယ်များ…များစွာ | များစွာ…
မည်သို့ရှိစေ ။
မစ္စတာ 2014- ငါတို့ထံ
ကျန်းမာသန်စွမ်းစွာရောက်ရှိလာပေါ့|
ငါ့ချစ်သူ ငါ့နိုင်ငံ ငါ့ကမ္ဘာ
မင်္ဂလာအပေါင်းနဲ့ မွန်မြတ်လှပစွာ
ဘဝကူး ကောင်းကြရစေသား ။ ။
Kဇော်
(2-1-2014)
ပန်းတိုင်
မရောက်သေးရင်
ရောက်အောင်သွား
ရောက်ရင် တစ်ထောက်နား
ပြီးရင် ရှေ့ဆက်သွား
အဲဒီမှာ ဘာမှ မရှိဘူး ။ ။
မောင်သိန်းဇော်
ကောင်းကင်
ရေက ပက်ထုတ်လိုက်တဲ့နေရောင်
မြောင်းမြဟာ
ငါ့မျက်နာပေါ် ဘောင်ဘင်ခတ်လို့ ။
ညနေ ငန်းအုပ် ၊တဖိတ်ဖိတ်လက် ဗေဒါပွင့်များ ။
အတောင်ပံနဲ့လူတစ်ချို့ ကျောကုန်းပေါ်က မြစ်
ငါ တရွတ်တိုက်ရာ မျောပါသွားရာ
၁၉၉၅
ဇန်န၀ါရီတံခါးကို ဖွင့်လိုက်တယ်
ရိတ်သိမ်းကြ ၊အရှင်လတ်လတ် နွံထဲက ကောင်းကင်။ ။
မောင်သိန်းဇော်
ဝမ်းနည်းမှတ်တမ်း
ပန်းကလေးအဖြစ်က ရင်နင့်စရာ
ကောင်းကင်ကြီး အနမ်းကြောင့်
သူ့ခမျာ
ပန်းပွင့်ရရှာ။
သက်တန့်အဖြစ်က သနားစရာ
နတ်သမီးလေးတစ်ပါးအပြုံးကြောင့်
သူ့ခမျာ
ခါးကုန်းရရှာ။
မိန်းကလေးအဖြစ်က ၀မ်းနည်းစရာ
သူ့အချစ်တွေကျစ်ဆံမြီးလေး ကျစ်ပြီး
သူ့ဘ၀ရဲ့ကျောဘက်မှာ
ချထားရရှာ။ ။
မောင်သိန်းဇော်
သဲလွန်စ
အစက်အပြာက်တို့ရဲ့ အကြား
လူနံ့တွေ
တထောင်းထောင်းထနေတဲ့ စံပယ်ရုံ
ရူးရူးမူးမူး၊ ငါ့ကို တူးဆွနေတာ
သစ်ရွက်လို လွယ်လွယ်ကြွေဖို့
ကြယ်တွေမှာ ပင်စည်မရှိဘူးကွဲ့။
အမှောင်ကို ဟ လျက်၊ဆာလောင်လွန်းသမို့
မင်းနှုတ်ခမ်းဖားဖားကြီးအပေါ်
တွားသွားသတ္တ၀ါ ၊မဟုတ်ဘူး အဲဒါ လမင်း
တရစပ် ဖြတ်နင်းသွားခဲ့ရာ
ဟော်ဒီချော်ရည်ပူပူတွေ
ငါနှလုံးသားစစ်စစ်ပေါ့။
မောင်သိန်းဇော်

ဥစ္စာရူး
မောင်သိန်းဇော်
.
(အလွမ်းတွေနဲ့ ယားယံနေတဲ့ ငါးမူးစေ့လေးတစ်စေ့အကြောင်း)
.
ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူတွေဖြစ်ခဲ့ကြတယ်..။
ကံဆိုးချင်တော့
ကျွန်တော့မှာ တယ်လီဖုန်းလေးတစ်လုံးမရှိခဲ့ဘူး..။
ဟုတ်ပါရဲ့..
ကျွန်တော်တို့မိသားစုဆင်းရဲလိုက်ပုံများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ
အိမ်မှာမထားနိုင်ဘူး
အဖေအမေတို့ကလည်း
တစ်နေ့မှာ သူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျိုလေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့..
တကယ်လို့ အစောကသာ သိခဲ့ရင်တော့
သားလေးရဲ့နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပိုရှာခဲ့ကြမှာပေါ့...
.
ခုတော့
ကျွန်တော်ကံဆိုးလိုက်ပုံများ
ကျွန်တော့မှာ တယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး..။
ဒါပေမယ့်
ကျွန်တော်ကံကောင်းချင်တော့
ကျွန်တော်တို့နိုင်ငံမှာ
ငါးမူးစေ့တစ်စေ့ထည့်ပြီး အသုံးပြုလို့ရတဲ့
တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တော်ပါသေးရဲ့..။
ငါးမူးစေ့လေးကို ကျွန်တော်တယ်လီဖုန်းထဲ ထည့်လိုက်တဲ့အခါ
တယ်လီဖုန်းထဲကို ဂျောက်ကနဲ ကျသွားတဲ့ ငါးမူးစေ့လေးဟာ
ကျွန်တော်ဖြစ်ပြီး
ကျွန်တော့ရင်ထဲကို ဂျောက်ခနဲကျလာတဲ့ ငါးမူးစေ့လေးဟာ
သူမဖြစ်ပါတယ်..
.
တခြားအချိန်တွေမှာ
ကျွန်တော်ဟာ
သာမန်လူသားလေးတစ်ယောက်ပါပဲ..
ကျွန်တော့ဘ၀မှာ စိတ်ကြီးဝင်စရာဆိုလို့
ဘာမှ မရှိပါဘူး..။
ဒါပေမယ့်
သူမရဲ့အသံလေးကို
နှလုံးသားနဲ့ လတ်လတ်ဆတ်ဆတ်ကြားနေရတဲ့အခါမျိုးမှာတော့
ကျွန်တော်ဟာ ဘ၀မေ့တတ်ပါတယ်..
ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့
တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးမဟုတ်တော့ဘဲ
နတ်သားလေးတစ်ပါးလို့ ထင်မိတယ်
သူမအသံကြားရတဲ့အတွက်
နှလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ
တောက်ပလွန်းနေလို့ပေါ့..
လူအဖြစ်ကိုရဖို့ မလွယ်ဘူး
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်
အထူးသဖြင့် ကျွန်တော့လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပိုပြီး အရသာထူးကဲမယ်..။
.
ဂျုံး ဂျုံး ဂျက် ဂျက်၊ ဂျုံး ဂျုံး ဂျက် ဂျက်
.
အဲဒီမီးရထားကြီးတွေဟာ တခြားဘူတာရုံတစ်ခုကိုရောက်ဖို့အတွက်
အချိန်တော်တော်ကြာကြာ စီးရပေဦးမယ်..
.
ဂျုံး ဂျုံး ဂျက် ဂျက်၊ ဂျုံး ဂျုံး ဂျက် ဂျက်
.
အဲဒီခရီးသွားတွေက သူတို့ဘ၀ ရည်မှန်းချက် အသီးသီးကို ရောက်ဖို့
မီးရထားကြီးကို အချိန်တော်တော်ကြာကြာ စီးရပေဦးမယ်..
အဲဒီအချိန်မှာ ကျွန်တော်က သူမနားရွက်ကလေးထဲကို
ရောက်ရှိနေပြီမို့ ဘ၀ရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာပဲ ပြီးဆုံးလိုက်နိုင်တယ်..
.
တူ ၀ူ
.
ဒါကိုမသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တော့လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ နေ့စဉ်မောင်းနှင်ရရှာတယ်..
.
ဂျုံး ဂျုံး ဂျက် ဂျက်၊ ဂျုံး ဂျုံး ဂျက် ဂျက်
.
.
သူမဟာ ၀တ်ဆံကူးနည်းဖြစ်တယ်
သူမနဲ့ စကားပြောရတာ စတုတ္တတန်း သချာင်္ထက် ပျော်စရာကောင်းတယ်
သူမကို အာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပေါ်ပုံကို မြင်ရတယ်
သူမရဲ့နာမည်က အရှက်တရားထူထပ်သော ဓာတ်သတ္တုအရိုင်းများလို့ခေါ်တယ်
ဒါဟာလည်း ကျွန်တော့အတွက်တော့ ကမ္ဘာ့သမိုင်းပါပဲ..
အဖေအမေတို့လည်း အသိမဟုတ်လား..
ကျွန်တော့မှာ မျက်ရစ်ကလေး မပါဘူးဆိုတာ
အဲဒီနေ့က
အဝေးကိုသွားမယ့် မီးရထားဥသြသံတွေဟာ
ကျွန်တော်နဲ့ တစ်စုံတစ်ရာ ပတ်သတ်နေတယ်ဆိုတာ မသိခဲ့ဘူး
နောက်တစ်နေ့မှာ
ကျွန်တော့အတွက် အဓိပ္ပါယ်ရှိမှာမဟုတ်တဲ့
ငါးမူးစေ့ကလေးတွေ လက်ထဲအပြည့်ထည့်လို့
ဘဏ်တိုက်ကြီးတစ်ခုကို အေးအေးဆေးဆေး
(လုံးဝနောက်ဆံမတင်းဘဲ) ကျောပေးပြီး
အိမ်ကိုပြန်ခဲ့တယ်...
.
နောက်တစ်နေ့
ငါးမူးစေ့လေးတွေ အများကြီးထဲ
ပထမဆုံး ငါးမူးစေ့လေးနဲ့ သူမဆီဖုန်းဆက်တော့
.
ဂျုံး ဂျုံး ဂျက် ဂျက်၊ ဂျုံး ဂျုံး ဂျက် ဂျက်
.
သူမကျွန်တော့ကိုမုန်းသွားပြီတဲ့
ဖြစ်ပုံက ဒီလိုပါ
ကျွန်တော့အတိတ်ဘ၀မှာ မေ့ကျန်ခဲ့တဲ့
မျက်ရစ်လေး သူမက တယ်လီဖုန်းကနေတဆင့်
လှမ်းပေးလိုက်လို့ပါပဲ
အချစ်ရေ
သိပ်စိတ်တိုတယ်
ရှိသမျှ ငါးမူးစေ့တွေကို
လက်ထဲထည့်ပြီး အကုန်ပစ်ကြဲလိုက်တယ်
ကံဆိုးလိုက်ပုံများ
ရည်းစားနဲ့ ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူဌေးကြီးကို
ဘယ်ကလေးကမှ သာဓုမခေါ်ကြဘူးကွယ့်..
ဘာပဲဖြစ်ဖြစ်
အခါတစ်ပါး၌ နားရွက်လေးတစ်ဖက်၏ အမုန်းကြောင့်
ကျွန်တော့တွင် ငါးမူးစေ့များစွာ မျိုးတုန်းခဲ့ရသည်ဆိုတာကတော့
ထိုးဇာတ်မဟုတ်ပါဘူး ကမ္ဘာကြီးရယ်
ဒါပေမယ့် ကြံကြံဖန်ဖန် ကံကောင်းချင်တော့
ငါးမူးစေ့လေးတစ်စေ့ဟာ တယ်လီဖုန်းစာအုပ်ထဲမှာ
ကုတ်ကတ်ပြီး ကျန်နေခဲ့တယ်
ရုတ်တရက် စာအုပ်ကို လှန်လိုက်တုန်းကများ
ငါးမူးစေ့လေးခမျာ ရင်တုန်ပန်းတုန်နဲ့
အပြစ်တင်ရင်လည်း ခံရုံပဲ
ဒီတစ်ခါတော့ ကျွန်တော်လွှတ်မပစ်မိပါဘူးဗျာ
ဒါဟာ ကိုယ်ချင်းစာတရားပါလို့
အတိအကျမပြောရဲပေမယ့်
တစ်ယောက်တည်း ကျန်ခဲ့တဲ့လူသားဟာ
တစ်စေ့တည်းကျန်ခဲ့တဲ့ ငါးမူးစေ့လေးအပေါ်မှာ
ရန်မီးမပွားနိုင်တော့ဘူးဗျာ
နောက်ဆုံး ငါးမူးစေ့လေးလို့
အမည်ပေးပြီး သိမ်းထားလိုက်တယ်..။
တဆက်တည်းမှာပဲ
နှလုံးသားကို မျှော်လင့်ချက်လေးတွေ တဖွဲဖွဲကျလာပြီး
သူမကို နောင်တစ်ချိန်ချစ်တယ်ပြောခွင့်ရမှ ဒီဘ၀မှာ
ငါးမူးစေ့လေးကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်
(အကြံကောင်းတော့တစ်ချက်) တကယ်လို့များ
ဖွ.....ဖွ
တကယ်လို့များပေါ့လေ...
ကံမကောင်းလို့ ဒီတစ်သက် သူမနဲ့ ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း
ဒီငါးမူးစေ့လေး (နောက်ဆုံးငါးမူးစေ့) ကို တခြားမှာမသုံးတော့ဘူးလို့
သန္နိဌာန်ချလိုက်တယ်
.
ဒါပေမယ့် ကျွန်တော်ဟာ အကြံကောင်းပေးမယ့်
ကံမကောင်းတဲ့သူပါဗျာ
ရက် လ နှစ်တွေ ရင့်ညောင်း
လက္ခဏာရေးအကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
သူမနဲ့ဆုံဆည်းဖို့ အခါကောင်းကတော့ဖြင့်
ရောက်မလာခဲ့ပါဘူး
ကျွန်တော်ကသာ မျှော်လင့်နေရတယ်
ကံတရားကတော့ဖြင့်
သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့..
တစ်ခါတစ်ခါတော့ တစ်နေ့တစ်ခြား ပိုလှလာတဲ့
ကျွန်တော့်မျက်ရစ်ကလေးကိုကြည့်ပြီး
ကျွန်တော့မျက်လုံးလေးက ပိုပိုငိုမိတယ်
ကြည့်ပါဦးဗျာ နောက်ဆုံးငါးမူးစေ့လေးဟာ ချေးတွေတက်လို့
သူ့မှာ အိပ်မက်တွေလည်း မကောင်းဘူးတဲ့
ကျွန်တော့မှာ ဆက်သွယ်စရာ တယ်လီဖုန်း ၁၀၀ ရှိရင်
စာအုပ်ထဲမှာ ၉၉ လုံးပဲ မှတ်ထားလေ့ရှိတယ်
ဘာဖြစ်လို့လည်းဆိုတော့ အစွဲအလမ်းမကြီးလို့ပါပဲ
(ရေးမှတ်မထားတဲ့ တယ်လီဖုန်းနံပါတ်လေးကို လွမ်းတဲ့အခါ)
စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း ၉၉ လုံးရဲ့ နံပါတ်တွေကို
ကယောင်ချောက်ချား လျှောက်ကြည့်နေမိတယ်
နောက်ပြီး ဘယ်သူ့ဆီမှာ မဆက်ဘဲနေမိတယ်
.
အခုကျွန်တော့်အိမ်မှာ
တယ်လီဖုန်းအသစ်ကလေးတစ်လုံးရောက်နေတယ်
ကျွန်တော်နဲ့ မပတ်သတ်ဘူး
မိသားစုရဲ့ တယ်လီဖုန်းဖြစ်ပါတယ်
လူ့ဘ၀မှာ
ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
ကျွန်တော်အရိုးထုတ်သွားရတော့မှာလား
ကျွန်တော့အဖြစ်က ဆိုးပါတယ်
ညဉ့်နက်သန်းခေါင် အိပ်ကောင်းတုန်းပေမယ့်
“ချွင် လွင် လွင်” ဆိုတဲ့ အသံမျိုး ကြားရင် လန့်နိုးတယ်
ကျွန်တော့်ရဲ့နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွက်ကျလာသလားလို့ပါ
တစ်ခါတလေ
သူတစ်ပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို မြင်ရင်လည်း
ကျွန်တော့်ငါးမူးစေ့လေးကို ထိတ်ထိတ်ပျာပျာ ထုတ်ကြည့်မိတယ်
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့အခါမျိုးမှာတောင်မှ
ငါးမူးစေ့လေးကို ခေါင်းအုံးဘေးထားပြီး အိပ်ရမှ
ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ..
.
နောက်ဆုံးငါးမူးစေ့လေးအပေါ်မှာ
ကျွန်တော်အစွဲအလမ်းကြီးခဲ့တယ်
ဥပါဒါန်ကြောင့် ဥပါဒ်ဖြစ်တယ်လို့
ကျွန်တော်တို့ မြတ်စွာဘုရားက ဟောကြားထားပါတယ်
သူမကို ကျွန်တော်က ဥပါဒါန်ဖြစ်ခဲ့ပြီး
ငါးမူးစေ့လေးဟာ ကျွန်တော့်အတွက် ဥပါဒ်ပေးနေပြီလား
ဘာပဲဖြစ်ဖြစ် ငါးမူးစေ့လေးကို လွှင့်မပစ်နိုင်ပါ
မှန်တာပြောသစ္စာ
တစ်ယောက်သောသူက
ရွှေဒဂါင်္းနဲ့လဲမယ်ဆိုရင်လည်း မလဲနိုင်ပါ
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လဲမယ်ဆိုလည်း မလဲပါ
ဘာ့ကြောင့်လဲဆိုတော့
သူမကို ကျွန်တော် နောက်တစ်ချိန် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့ ဆုံးဖြတ်ထားတဲ့
နောက်ဆုံး ငါးမူးစေ့လေးမို့ပါ..။
.
တကယ်လို့များ -
ကျွန်တော်အသက်ကြီးသွားရင်လည်း
ငါးမူးစေ့လေးကို သိမ်းထားနေဦးမှာ သေချာပါတယ်
ချေးတက်နေတဲ့ ငါးမူးစေ့လေးနဲ့
အဖိုးကြီးအို ခါးကုန်းကုန်းပေါ့ဗျာ..။
.
ကုန်ကုန်ပြောမယ်ဗျာ
ကျွန်တော် သေသွားရင်တောင်
အဲဒီငါးမူးစေ့လေးကို
ကျွန်တော့်အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ
သူမက ကျွန်တော့်ကို တမလွန်ကျမှ
တယ်လီဖုန်းဆက်ချင် ဆက်နေမှာမို့ပါဗျာ...။
.
မောင်သိန်းဇော်
(၁၉၈၆)
ရှ တ တ အ လုံး အ ဖန် များ
_______________________
ကိုယ့်အဆင်အသွေးကို
ရှက်ရွံ့စက်ဆုတ်စွာ ခါရမ်းနေတဲ့
အဝတ်စတစ်ခုအောက်မှာ ငါရပ်မိ
အဲဒီအဝတ်စရဲ့ရှတတအရိပ်က
အရေပြားတွေပေါ်
ကြောင်တစ်ကောင်ပွတ်သပ်သလို
ငါ့ စိတ်ကိုပွတ်သပ်
အသင်
မျက်စိစုံမှိတ်ပြီး ဘာကိုကြည့်နေသလဲ?
အသက်မရှိ တူရိယာတွေက
အဖန်တလဲလဲသေတဲ့ သံစဉ်တွေကို
မှုတ်ထုတ်တယ်
မနက်ခင်းတစ်ခုလုံး
စုန်းစုန်းမြုပ်သွားအောင်
မှုတ်ထုတ်တယ်
စိတ်ကူးစိတ်သန်းတွေ
အရိုးပြိုင်းပြိုင်းထသွားအောင်
မှုတ်ထုတ်တယ်
ထိတွေ့သမျှရေမြေအားလုံး
သွေးစို့သွားအောင်
မှုတ်ထုတ်တယ်
ဒီလိုနဲ့
အရိပ်ရဲ့အလုံးအဖန်များ
သွေးပျက်ရူးနမ်းစွာ
ငါ့ ဦးခေါင်းပေါ်တလူလူလွှင့်ဆဲ
ငါ ဆက်ရပ်နေမိ
မွန်းကြပ်လွန်းတဲ့ သစ်ပင်တွေ
မုန်တိုင်း မျှော်သလိုမျိုး ။ ။
မောင်သိန်းဇော်
( ၁၉၉၅ )
နိ ဗ္ဗိ န္ဒ
မနက်ခင်းမှ ဟုတ်ရဲ့လား ?
ကြယ်တွေ
ဘီယာဆိုင်ထဲကမထကြသေး
လေစိမ်းများ
အပျော်အပါးမက်လွန်းတယ်
ဘယ်သယံဇာတကမှ
အသက်ထက်ဆုံးပြုံးရွှင်နေမယ်
ငါ မမျှော်လင့်ခဲ့ပါ
ဘဝရဲ့နွေရက်တွေ အသံထွက်မလှပ
သံငုပ်ကြွနေတဲ့ ညတွေထဲ
နှင်းတွေ ဟိုတစ်စ ၊ သည်တစ်စ
ဘာကိုမှ လွမ်းမရနိုင်တာစိတ်အညစ်ဆုံးတဲ့
ဆိုလက်စ သီချင်းလေး
အမြင့်တင်ရင်း လုံးပါးပါးလို့
အချိန်မတော်ကြီး
ထ ထလှော်ရတဲ့ လောကဓံမှာ
မြစ်တွေဟာ မအိပ်ခဲ့ရဘူး ။
မနက်ခင်း မှ မနက်ခင်း
မင်းနဲ့ မှ
အဝိဇ္ဇာတရားတောင်
အားကုန်လုပြီ ။ ။
မောင်သိန်းဇော်
( ၂၀၀၀ )
သဘာဝတရားက မေ့လျော့နေသော
ကျွန်ုပ်တို့၏ နာမည်များ
ဥသြ ဘယ်ပျောက်
ပိတောက် ဘယ်ရောက်?
ရေတစ်ပေါက်တောင် ငှဲ့ချလို့မရ
ဘ၀မျိုးနဲ့ ။
ပြောလိုက်ကွယ်..။
နွေကလည်း နောက်ဆို နွေမဖြစ်ချင်တော့ဘူး တဲ့။
မောင်သိန်းဇော်
Beauty၊၂၀၀၈၊စက်တင်ဘာ
ဟိုပင် ၌ သတင်းစာဖတ်ခြင်း
------------------------------------
ဘာစားမလဲ
တိုက်ဂါးဘီယာ
ခရက်ရှာလား
အေး အဲဒါ မဟုတ်ဘူး
အေဘိစီ မဟုတ်ဘူး
ပီအမ်ဂျီ် မဟုတ်ဘူး
ကြည်ရွှင်ရွှင်မျက်လုံးနဲ့
နေ့စဉ် ချိုပြုံး ၊နှလုံးသားလေး
အိမ်က ရေ ဆာတယ်ကွယ် ။ ။
မောင်သိန်းဇော်
တရွေ့ရွေ့ ညနေ
ဖွေးဖွေးလှုပ်၍ ၊ စပယ်မဟုတ်
ကြယ်မဟုတ်သည် ၊ တစ်နယ်စီဝေး
တစ်သွေးပိုလှ ၊ချစ်ဒုက္ခများ။
နေနဲ့ဝေး၊ လနဲ့ ဝေး
ပင်လယ်နဲ့ဝေး ၊ကောင်းကင်နဲ့ဝေး
တောတောင်နဲ့ဝေး ၊ရွှေပြည်တော်ဝေး
အမေနဲ့ ဝေး ၊နှလုံးသားနဲ့ဝေး ၊
ဝေးနေသမျှ။
အချစ်ရေ
တရွေ့ရွေ့ ညနေတွေ
စိတ် မရှည်တော့ဘူး ။
မောင်သိန်းဇော်
အဆင်မပြေမှုနေ့တစ်ဝက်
နမော်နမဲ့တစ်ယောက်မဟုတ်ဘူးလို့
ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရဲတယ်။
ဒါပေမယ့်
အဆင်မပြေမှုနေ့တစ်ဝက်မှာ..။
ကျွန်တော်မီးသီးတစ်လုံးဝယ်ဖို့
ဆိုင်ထဲ ၀င်လိုက်တယ်
သွားနဲ့ ခံတွင်းပြုပြင်ဆိုင်ဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော်မျက်မှန်ပါဝါမြှင့်ဖို့
ဆိုင်ထဲ ၀င်လိုက်တယ်
လယ်ယာသုံးပစ္စည်းအရောင်းခန်းမဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ်။
ကျွန်တော် အိမ်ရိုက်သံ အနည်းအကျဉ်းဝယ်ဖို့
ဆိုင်ထဲ ၀င်လိုက်တယ်
တယ်လီဖုန်း အိတ်ချိန်းဖြစ်နေလို့
ပြန်ထွက်ခဲ့ရတယ် ။
ကျွန်တော် ပြက္ခဒိန်အသစ်နဲက မဂ္ဂဇင်းတစ်ချို့ဝယ်ဖို့
ဆိုင်ထဲဝင်လိုက်တယ်
နှစ်ဆယ့်လေးနာရီ သွေးစစ်ဠာနဖြစ်လို့
ပြန်ထွက်ခဲ့ရတယ် ။
ဆိုင်းဘုတ်တွေကို
ကျွန်တော်အသေချာ ဖတ်ခဲ့တယ်
ဒါပေမယ့်
ကျွန်တော့်ကိုတော့
ဆိုင်းဘုတ်တွေက ဖတ်မကြည့်ကြဘူး ။
နေ့တစ်နေ့အလျားအတိုင်း
ချွေး ..ခြေသံ နဲ့ မှားယွင်းမှု
တစက်စက်စိမ့်ဝင်
အပေါ်မော့ကြည့်တော့ နေမွန်းတည့် ။ ။
မောင်သိန်းဇော်
တောင်ကုန်းအဟောင်းများ
နွေ မိုးဆောင်းရယ်
နင် ဘယ်ပြောင်းပြောင်း
ငါတို့ကမ္ဘာက
ရိုးရိုးသားသား ဟောင်းတဲ့ အဟောင်းပါ
ပစ်ထားခဲ့ရင်တောင်
ဘာရှက်ဖို့ ကောင်းမှာလဲ။
လေညင်းရေ
လွမ်းဖို့အဖော်မညှီလေနဲ့
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။
အချိန်နာရီဆိုတာ
သူရဲဘောကြောင်တဲ့ စက်ဘီးတစ်စီး
အသစ်နဲ့ အဟောင်း ခုပဲ ဇာတ်ပေါင်းကြစို့
အနာဂတ်ကိုယ်တိုင် ငါတို့စွဲလမ်းမှုထဲက
အဟောင်းတစ်ခုဆိုတာ ၀န်ခံရဲ့ မဟုတ်လား ။
၂၀၀၀ရဲ့အဆုံး
တောင်ကုန်းအဟောင်းများ….
ဘာကို လွမ်းအား ပိုနေပါသလဲ
မြေသား လှိုင်းလုံး ၊အဲဒီတောင်ကုန်းများအောက်
ရုန်းကန် ပွင့်ရွ စကားလုံးတို့ အမြစ်တွယ် ခုံးထ
အရှုံးဆိုတာလည်း သဘာဝကျရင်လှပတယ်။
လေညင်းရေ
လွမ်းဖို့ အဖော်မညှီလေနဲ့
သင်သွေးအားကောင်းရင်
ငါတို့ နှလုံးသားထဲက ဖြတ်မောင်းပါ။
ရာစုတစ်ခုရဲ့အစွန်
သမိုင်းဦးမြို့အ၀င်က ဆည်းဆာ
သူ့ကဗျာ သွေးအားကောင်းတုန်းပါပဲ။ ။
မောင်သိန်းဇော်
တိတ်ဆိတ်နေသော ဇာတ်သဘင်
ဓာတ်ဆီကုန်လို့လား
မိုးလင်းလို့လား
စက်ချွတ်ယွင်းလို့လား
ညဟာ
ကြည့်နေတဲ့ မှန်ထဲ ပက်လက်လန်လဲကျ။
လူ့ဘ၀ရဲ့ဝါကျတစ်ကြောင်းက
ခေါင်းထဲမှာ ပါးပျဉ်ထောင်လို့
ပက်စာခွာလိုက်တာနဲ့
အိပ်ပျော်သွားတဲ့ ဗုံတွေလို
ကံမကောင်းခဲ့။
ဒီလိုနဲ့
သက္ကရာဇ်ဖြိုသူပ။
ကြိမ်ဖန်များစွာ သစ်ခဲ့တဲ့မျက်နာ
(ကြိမ်ဖန်များစွာ) ပြန်ဟောင်းသွား
တိုင်ဖုန်းကြားမှာ
ကားဆွဲလေးတစ်ယောက် ဖျားနေရဲ့။
သူ့အပြင်
ချုပ်ရိုးတွေပြေ
ဘော်ကြယ်တွေ တစ်ပွင့်ချင်း ပြုတ်ကျနေတဲ့
လူစွမ်းလူစရှိ
သူ့အပြင်
အိပ်ချင်ယောင်ဆောင်နေတဲ့ အောင်မြင်ခြင်းရှိ
သူ့အပြင်
ဝါယာကြိုးတစ်ချောင်းလွတ်နေတဲ့ သစ္စာဓိဌာန်ရှိ
သူ့အပြင်
ငယ်သွားလဲနေတဲ့လောကဓံတရားရှိ
သူ့အပြင်
ပက်ကြားအက်နေတဲ့ အိပ်မက်ရှိ
သူ့အပြင်
မျှော်လင့်ချက်ဟာ မျက်စိနာနေသတဲ့
အဲဒီအခါ
ပြန်မပြောနားမထောင်ကောင်လေးဟာ
နှလုံးသားကို ဘီးကျိုးတစ်ချောင်းနဲ့ ဖြီးသင်ရင်း
(စိတ်ဆိုတာ လေးလံတဲ့အလင်းရောင်)
စိုထိုင်းထိုင်းဘ၀ ကြိုးတန်းပေါ် လှမ်းတက်ရင်း …
ဇာတ်သေတ္တာထဲက
ကြေးအလိမ်းလိမ်းတက် ညများ ။ ။
မောင်သိန်းဇော်
ကလေး၇ုပ်၇ှင်
(၁)
အိပ်မက်တိတ္ထုံကျမ်း၏အဆိုအရ
အိပ်မက်ဆိုသည်မှာ
အိပ်ယာမသန့်ပြန့်လျှင်လည်း မက်တတ်သည်ဟူ၏
(ကျွန်တော်သည် ကမ္ဘာကြီးပေါ်က ခုတင်တစ်လုံးပေါ်၌
အိပ်စက်ခဲ့ခြင်း ဖြစ်ပါသည်)
(၂)
နေနာရီလက်တံဟာ သစ်သားဇယားကွက်ပေါ် ဇိမ်ခံဆဲ။
အဲဒီလို လူခြေတိတ်တုန်း စကားလုံးတွေဟာ ကမ္ဘာကြီးကို ရန်ပြုဖို့
နောက်လိုက်တွေ စုနေရဲ့။
ပထမဆုံး ဘယ်သူ အစည်းအရုံးခံလိုက်ရသလဲဆိုတော့
(ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်တယ်) ၊
ယူကလစ်ပင်ကြီးလေ
သူ့မှာ နားရွက်မရှိပါဘူး ။ရှိတဲ့သစ်ရွက်ကလေးတွေလည်း တဖြည်းဖြည်း
ကြေကျသွားပြီး စကားလုံးတွေ အစားထိုး ပေါက်ရောက်လာတယ်
ယူကလစ်ပင်ကြီးတစ်ကိုယ်လုံးမှာ စကားလုံးတွေ ခြတွယ်သလို
တွယ်နေပါပေါ့လား။
ဗေဒါပွင့်တွေကို တရွတ်ဆွဲခေါ်လာတဲ့ ရေအလျဉ်မှာလည်း စကားလုံးတွေ
တစ်လုံး နှစ်လုံးစ မျောပါလာသဗျ ၊ထူးဆန်းတဲ့ စကားလုံးတွေကို
လူတွေ အတင်းအဓမ္မလိုက်ဆယ်ကြတယ်။ဝမ်းသာအားရ တစ်ယောက်နဲ့ တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက် ကစားကြတယ်။ရေနဲ့ ထိလေ စကားလုံးတွေ ပိုများလာလေလေပဲ။
ဒါပေမယ့် လူတွေဟာ ကြောက်ရကောင်းမှန်း မသိဘူး။
ရေချိုးဆိပ်မှာ ခေါင်းရွက်ဗျက်ထိုးကအစ ဆိုင်ကြီး ကန္နားကြီးတွေ အဆုံး စကားလုံးတွေကိုပဲ တင်ရောင်းကြတယ်။ ဟင်းသီးဟင်ရွက်ဆိုင် ၊အထည်အလိပ်ဆိုင်၊ ရွှေဆိုင်၊ငွေဆိုင်၊ အားလုံးပေါ်မှာ အခိုင်လိုက် ၊အထပ်လိုက်၊ အထပ်လိုက် အပုံလိုက် ၊အပုံလိုက်၊
ပြောရင် ယုံမှာတောင် မဟုတ်ဘူး ။
အရက်သမားကြီးတစ်ယောက် ပုလင်းထဲကို စကားလုံးတွေ
ထည့်သေက်ပြီး လမ်းမပေါ် ဗိုလ်ကျနေလေရဲ့။စိတ်မချတာနဲ့
မူကြိုကျောင်းသားလေးရဲ့ လက်ထဲက ချိုချဉ်ကို ဖြေကြည့်လိုက်တဲ့အခါ ၊
အတွင်းကြေကြေပြီး သေနေတဲ့စကားလုံးတွေကို တွေ့ရတယ်။
(ကြောက်အားလန့်အားနဲ့ မျက်နာကို လက်ဝါးနှစ်ဘက်နဲ့ အုပ်ပစ်မိတယ် ။
ပြီးတော့ လက်ချောင်းလေးတွေကို အသာအယာဟပြီး တစ်ခါ ပြန်ခိုးကြည့်မိတယ်။)
နောက်ဆုံး ခေါင်းပေါ်က တိမ်ပြာပြာတွေဆီ အားကိုးတကြီး မော့ကြည့်လိုက်တယ်။
ကောင်းကင်ပြင်တစ်ခုလုံး စကားလုံးတွေ ပိတ်ဆို့ ထားကြပြီကွယ့်။
ကြယ်တာရာတွေကိုလည်း သူတို့ ဖမ်းဆီးထားပြီ တဲ့။
ဒိတစ်ခါတော့ “အားခနဲ” အော် ကျွန်တော်ပြေးပါတယ်။ထိတ်လန့်ခြင်း၊
ကြောက်ရွံခြင်း ၊တုန်လှုပ်ခြင်းတွေ အပြည့်အစုံနဲ့ ကျွန်တော်ပြေးပါတယ်။
မောလိုက်တာ ဘယ်လိုပြောရမှန်းမသိအောင်ပါပဲ။
၇င်ထဲမှာ တစစ်စစ်နဲ့ ကိုက်ခဲနေတယ်။
ပြေးရင်း ပြေးရင်းနဲ့ အလင်းရောင်တွေ နည်းပါးလာတယ်။
အမှေင်ထု တစ်ခုဆီရောက်ဖို့ ပြေးနေရသလိုပဲ။
ကျွန်တော့်နောက်ကို စကားလုံးတွေ လိုက်လာမှာ သေချာပါတယ်။
ပြေးရတာ အားမရဘူးဗျာ။
မြေကြီးကလည်း နင်းရတာ ဟာတာတာနဲ့ ခြေထောက်အောက်မှာ စကားလုံးတွေ များလား
စိတ်ကို အဆုံးထိတင်ပြီး ခြေကုန်သုတ်ပါတယ်။ရုတ်တရက် စူးရှနာကျလာပါတယ် ။မြှားအစင်းပေါင်းများစွာကို ရင်ဆိုင်ပြီး ပြေးနေရသလို ခံစားရတယ်။
လေထဲမှာ စကားလုံးတွေ ပါပြန်ပြီ ထင်တယ်.မွန်းကျပ်လိုက်တာ။
လေထုထဲမှာ စကားလုံးတွေ ပို၍ သိပ်သည်းလာပြီ။
ကျွန်တော်တော့ ရေနစ်သလို စကားလုံးတွေ ကြားမှာ နစ်ပြီနဲ့ တူပါရဲ့။
အမေရေ ကယ်ပါဦး။
ကမ္ဘာကြီးနဲ့ အမေ့သားကို စကားလုံးတွေက ၀ါးစားကြတော့မယ်။
ကယ်ပါဦး အမေရယ်
ဒီတစ်ခါတော့ မြေကြီးဟာ လုံးဝ နင်းလို့ မရတော့ဘူး။
အားမလိုအားမရနဲ့ ခေါင်းငုံ့ပြီး မြေကြီးကို ကြည့်လိုက်တယ်။
အမယ်လေး
ဒူးဆစ်ရဲ့အောက်မှာ ခြေထောက်မရှိတော့ဘူး။
“ အား ဆိုးလှချည့်လား”
လက်ချောင်း၊ ခေါင်း ၊ဆံပင်၊ နားရွက် ၊ဟာ ပွစာတက်နေတာပဲ။
ဒါပေမယ့် အသက်ကတော့ ရှင်နေတုန်းပဲ။ မခံရပ်နိုင်တော့တဲ့အဆုံး မိုးထစ်ချုန်းသလို
အော်ငိုလိုက်တယ်။
(၃)
ကျွန်တော့်အသံသည် အ်ပ်မက်ကလေးကို ထုတ်ချင်းပေါက် ထွက်ကာ တစ်အိမ်လုံး မီးများ
လင်းလာပါသည်။
“သား ဘာဖြစ်တာလဲ၊ သားဘာစ်ြတာလဲ” ဟု တွင်တွင်ကြဓီးမေးကာ အမေသည် မည်သည့်
အချိန်က ခပ်ထားသည်မသိ ၊ကျွန်တော့်ကိုေ၇တစ်ခွက်လည်း တိုက်ပါသည်။ဤတွင် ထိတ်လန့်ဖွယ်၊
ကြောက်မက်ဖွယ် ၊တုန်လှုပ်ဖွယ်တို့သည် ပြီးပါပြီ ဟု စာတမ်းထိုးလိုက်ဘိသကဲ့သို့-
သို့သော် နောက်တစ်နေ့တွင် ကျွန်တော် ဖျားပါသည်။
ထိုနေ့မှစ၍
အမေသည် လမ်းဘေး၌ တွေ့ရတတ်သော
အရည်ပျှော်လူသား ၊တီကောင်အန္တရာယ် ၊လူကိုဆေးထိုးထို၍ မြွေဖြစ်သွားခြင်း ၊သွေးစုပ်ဖုတ်ကောင်ကဲ့သို ကြောက်မက်ဖွယ်ဆေးပညာ ၊သိပ္ပံပညာ ဇာတ်ကားအပိုင်းအစ ဖလင်အပြတ်အတောက် ကလေးများကို ပြတတ်သော အထူးသဖြင့် ကလေးများသာ ကြည့်တတ်သော ကလေးရုပ်ရှင်ကို နောက်ဘယ်တော့မှ မကြည့်ရဟူ၍ အမိန့်ချလိုက်တော့၏။
မောင်သိန်းဇော်
၁၉၈၅
-----------------
မေ မြို့ ရုပ် ရှင်
________________________
မင်သားကြီး(ဝင်းဦး)ရေ
ကျွန်တော်ဖြင့်
မေမြို့ကို သွားတာ
မေမြို့ကို ရောက်ပေမယ့်
မေမြို့ကို မတွေ့ခဲ့ရဘူး ။
မေမြို့မှာ
ဖေါ်ရွေတဲ့ ချယ်ရီပန်းတွေ
သူတို့ မေမြို့သူတို့လွမ်းလို့
တစ်ပွင့် ပြီး တစ်ပွင့် ခုန်ချ
မြို့မိ မြို့ဖ ဆိုတဲ့
ခါတော်မှီ ၊ ထင်းရှုးတွေလည်း
ကော်ဖီပင်ငယ်တွေလက်ဆွဲလို့
နေ့ရောညပါ မေမြို့မှာ
မေမြို့ကို လိုက်ရှာနေကြပုံပဲ
ဇွဲ လို့နံမယ်ပေးရမယ့်
မြင်း ရထားလုံးလေးတွေရဲ့
မကြားတစ်ချက်ကြားတစ်ချက်
ခွါသံက မေမြို့ကို
မေမြို့ရေ လို့အော်ခေါ်နေရဲ့
အသည်းငယ်တဲ့
ပန်းရောင်စုံတွေကဖြင့်
မေမြို့ဟာ မေမြို့ထဲမှာလားလို့
တုန် ရီ လှိုက်မောစွာ
သင်းတပျံ့ပျံ့ စုံစမ်းဆဲ
ဘယ်လောက်နှစ်ကြာကြာ -
မေမြို့လယ်မှာ မတ်မတ် ရပ်
တောင်တွေရှိရာ ၊ တိမ်တွေရှိရာ
ချစ်တဲ့မေမြို့ရှိ ရာ ...
နာရီစင်ကြီးခမျာ မျှော် ငေး
ညနေဆို
(လေညှင်းရဲ့သဲလွန်စနဲ့)
စတော်ဘယ်ရီသီးတွေ အုပ်စုဖွဲ့
မေမြို့ကနေ မေမြို့ကိုရှာဖို့
မြေနီလမ်းလေးအတိုင်းသွားကြတယ်
မှတ်မှတ်ရရ
လွန်ခဲ့တဲ့အနှစ်ငါးဆယ်က
မေမြို့ကန်တော်ကြီးစောင်းမှာ
ဝင်းဦး မေ့ကျန်ခဲ့တဲ့
ဆွယ်တာအဟောင်းလေးကတော့
ခု ၂၀၁၄ မှာ ချွေးပြန်လို့
လွမ်းပါတယ်ဗျာ -
ဘယ်မှာမှန်းမသိတဲ့ မေမြို့ကို
ပြီးတော့ ၊ ခင်ဗျားကိုရောပေါ့ ။ ။
မောင်သိန်းဇော်
(၃-၆-၂၀၁၄)
လှို့ ဝှက် ချက်
______________________
ကောင်းကင်က အပြာ
တိမ်သားက အဖြူ
တောင်ကုန်းညိုညိုပေါ်က
တောအုပ်က အစိမ်း
မြင်ကွင်းဟာ တလွင့်လွင့် ...
ပြီး ၊ ယိမ်းနွဲ လှုပ်ခါစေတဲ့
လေညင်းမှာ အရောင်မရှိဘူး ။ ။
မောင်သိန်းဇော်
( ၂၀၁၄ )
ပျား ပန်း ခတ်
___________________
ကားတွေက အများသား
သူ့အရွယ်အစားနဲ့သူမာန်ဖီလို့
ရှေးစကားများ
သွေးမတိတ်အောင် မှန်ခဲ့
မိုးလည်း မတိတ်သေးပါ ၊
နိုးနိုးကြားကြားအိပ်ကြလေ
အတွေးထဲက ...
ဆင်းနေရစ်သူတွေ
မရေတွက်လိုတော့ဘူး ။ ။
မောင်သိန်းဇော်
(၁၄-၇-၁၅ )

ခင်
**********
A
ကျွန်တော်သည်
ခင့်ကိုအလွန်ချစ်ပါသည်။
B
ခင်သည်
ကျွန်တော့်၏
အဖျားငွေ့ငွေ့လေးဖြစ်ပါသည်။
C
ခင်ကလွဲလျှင်
မည်သည့်အရာကိုမဆို
ကျွန်တော်ခြိုးခြံ၍ရပါသည်။
D
ကျွန်တော့်၏စိတ်ပေါ်တွင်
အမာရွတ်ကလေးပေါင်းမြောက်များစွာကို
ခင်သည်လှပစွာစီချယ်ပေး၏။
E
တစ်နေ့သ၌
ကျွန်တော်တစ်ယောက်သည်
သစ်ပင်လေးတစ်ပင်အောက်၌ထိုင်နေခဲ့ပါသည်။
ထိုစဉ် ကျွန်တော့်နံဘေးသို့ကပ်လျက်
သစ်ရွက်လေးတစ်ရွက်(ဖြုတ်ခနဲ)ကြွေကျလာသည်။
ထိုအခါ ကျွန်တော်သည် ပြာပြာသလဲ
ဤနေရာတွင်လူရှိသည်ဟု ပြောလိုက်မိပါသည်ခင်။
F
ကျွန်တော်သည် ခင့်ကိုလွမ်းနေပါ၏။
ခင်ဟူ၍
ရင်တုန်လာသဖြင့်
လက်ကလေးနဲ့ဖိထားရပါသည်။
ခင်ဟူ၍
ခေါင်းမူးလာသဖြင့်
ငြိမ်ငြိမ်လေး ထိုင်နေရပါသည်။
G
လွမ်း၏ပုံတူကိုခင်ကြည့်မည်ဆိုလျှင်
ကျွန်တော်အ၀တ်စတစ်ခုပေါ်၌
တိမ်လှလှလေးများကို ရေးပြမည်ဖြစ်ပါသည်။
H
ကျွန်တော်သည်
ခင်ရှိရာအရပ်သို့ မျက်နှာမူကာ
အသက်ရှူနေ၏။
I
ကောင်းကင်၌
ငှက်တစ်အုပ် ပျံသန်းသွားသည်။
ဘယ်ကလာသည်မသိ
ဘယ်ကိုသွားမည်မသိ
ဘာငှက်တွေဟူ၍လည်းမသိ။
J
ကျွန်တော်သည် လူမှန်းသိလာ။
ထိုငှက်များကိုလည်း ဗျိုင်းဟူ၍သိလာခဲ့သည်။
သို့သော် ဗျိုင်းတို့ မည်သည့်အရပ်မှလာ၍
မည်သည့်အရပ်သို့ ပျံသန်းနေကြသည်ကိုမူ
ယခုထက်တိုင်မသိ၊
ထိုမသိမှု၌ပင်လျှင်
ကျွန်တော်သည် စိတ်၏အတောင်ပံများကို ဖြန့်လျက်
ခင့်ဆီသို့ ပျံသန်းနေ၏။
K (Khin)
သို့မဟုတ် ခင့်အတွက်
ကျွန်တော်၏မွေးနေ့လက်ဆောင်ဖြစ်ပါသည်။
ကျေးဇူးပြု၍အသံထွက်မဖတ်ပါနှင့်။
မောင်သိန်းဇော်
######################
.
မောင့်ချစ်နှင်းမှုန်
--------------------------
အောင်မြင်သော သီချင်းတပုဒ်သည်
မအောင်မြင်သော အချစ်နှင့်
မည်သို့ ပတ်သက်ခဲ့ပါသနည်း။
.
မောင့်ချစ်နှင်းမှုန်သည်
နှင်းမှုန်မြူခိုးတွေ ဝေ့ဝဲကျရောက်နေသည့်
ဟေမန္တ၏ဆောင်းတညဝယ်
ဂီတနက်သန်သံစဉ်နှင့်အတူ
ချစ်သူကို ရှာဖွေခဲ့သော
အဆိုကျော် မောင်မောင်ညွန့်၏
ဓာတ်ပြားသီချင်းဟောင်းတပုဒ် ဖြစ်ပါသည်။
.
လောက၌ ပျောက်ဆုံးနေသည့်
ချစ်သူကို ရှာဖွေရသည်ထက်
နှလုံးသားထဲ၌ ပျောက်ဆုံးသွားသော
ချစ်သူကို ရှာဖွေရသည်က
ပို၍ ခက်ခဲလှပါသည်။
.
ယခုထက်တိုင်အောင်လည်း
ကျွန်တော်၏ ကမ္ဘာမြေပေါ်၌
မှုန်.. ပြာ.. ရီ.. ဝေ
နှင်းတွေတဖွဲဖွဲ ကျနေဆဲပင်။
.
မောင်သိန်းဇော်.
.######################
ရွှေပွင့်လွှာ
.--------------
အိပ်မက်ထဲ၌
ဘယ်အခါကမျှ အနေမနီးခဲ့သော
ကောင်းကင်နှင့် မြေကြီးသည်
သက်တန့်ရောင်စုံကြီး၏
ဆက်သွယ်မှုကြောင့်
ချစ်သူ ဖြစ်ခဲ့ကြကုန်သည်။
.
အိပ်မက်မှနိုးသောအခါ
သူမ၏လမ်းထဲ၌
ဂုဏ်ရည်တူငှက်များ
ယှဉ်တွဲပျံသန်းနေကြသည်။
.
ညည်းညူတတ်သော
တယောသံကလေးသည်
သူမ၏အလှ၌
ဝဋ်ဒုက္ခအပေါင်းအား မေ့လျော့၍
စိမ်းရွက်အကြိုအကြား
တိုးဝှေ့ကာ ပျော်ရွှင်နေသည်။
.
သူ့ရိုးတံ၌ သူ့အလှခိုင်ခံ့နေတာ
ရွှေပွင့်လွှာ၏ သင်္ကေတပင်ဖြစ်မည်။
.
မိုးရွာမည်ဟု ထင်မှတ်ရသော
နှလုံးအိမ်ထဲ၌
ရင်ခုန်သံတိမ်လှိုင်းများ
အတိုင်းမသိ အုံ့ဆိုင်း နေချေပြီ။
.
အကယ်တံထု
အမှန်ပင်မိုးရွာခဲ့မည်ဆိုလျင်
ပန်းအလှ ရွှေပွင့်လွှာသည်
မိုးစက်မိုးပေါက်လေးများအကြား၌
ကောင်းကင်နှင့် မြေကြီး၏
အချစ်အိပ်မက်ကို
သူမဆက်၍ မက်နေပါလိမ့်မည်။
.
မောင်သိန်းဇော်
.
သပြေရွက်ရေ
.------------------
မင်းကြီးဦးစသည်
မြန်မာသူရဲကောင်း စာဆိုတဦး ဖြစ်ပါသည်။
.
နေရောင်အောက်တွင်
စစ်ထွက်သူ၏ ဓားသည်
တိုက်ပွဲများဆီသို့ သွားနေသော်လည်း
လရောင်အောက်တွင်
စစ်ထွက်သူ၏ နှလုံးသားသည်
ချစ်သူ အိမ်တံခါးသို့ ပြန်နေသည်။
.
ပြန်ရန်အိမ်မရှိသော
ကျွန်တော့် နှလုံးသား၏ အလွမ်းများသာလျှင်
အနုပညာကြီးထဲ၌ ပိတ်လှောင်၍
နေ့ရောညပါ ဟောင်းနွမ်းသွားရပေမည်။
.
မောင်သိန်းဇော်
.
###################
ဆောင်းနတ်မယ်
.------------------
တယ်လီဖုန်းလေးသည်
အနွေးထည်လေး တထည်ပမာ
မြူနှင်းတွေ ဘယ်လောက်ကြမ်းကြမ်း
လူတွေ သတ္တဝါတွေ အချစ်စိတ်တွေ
ဘယ်လောက်ချမ်းချမ်း
ဒီ တဆောင်းကို
သူမ၏ အသံဖြင့် ကျွန်တော်ခုခံမည်။
.
ကောင်းကင်က ကြယ်တွေ
နာလိုခံခက် ဖြစ်အောင်
ချစ်သူ့ စကားသံဖြင့်
နှလုံးသားတို့ အစွမ်းကုန်လင်းလက်ကြသည်။
.
မမျှော်လင့်သော တညသ၌ဝယ်
ကျွန်တော့် ရင်ထဲ၌
ပင်လယ်ကြီးတခုကို တွေ့ရ၏။
.
တယ်လီဖုန်းခေါ်သံနှင့် သူမ အကြား
မြင့်မိုရ်တောင်ကြီးခြားနေသည်။
.
ညကြီးမင်းကြီး
လမ်းမီးတိုင် ဝါဝါတွေအောက်၌
နှင်းတွေ နှိပ်စက်သမျှ
တယ်လီဖုန်းကလေး
ခိုက်ခိုက်တုန် ချမ်းရ၏။
.
ထို့အတူ ခုနှစ်ဆောင် ဘုံမြင့်၌
နှင်းဆီပွင့်လေးရော အိပ်ပျော်ပါရဲ့လား။
.
မောင်သိန်းဇော်
####################
.
ရတုဘုရင်
.--------------
ကံတရား၏ စုတ်ချက်တွင်
ရှေးရေစက်သည်
ဆေးရောင်ဆေးစက်တို့ ဖြစ်ခဲ့သည်။
.
အတိတ်ဘဝက ဆူးခဲ့ဖူးသော
ဆူးကလေး တချောင်းကြောင့်
ဤသို့ တောရိပ်တောင်ရိပ်ကြီးထဲဝယ်
နတ်ရှင်နောင်နှင့် သူမ
ဆုံတွေ့ခွင့်ရခြင်း အမှန်ပင်ဖြစ်သည်။
.
လူနေဟန်ပန်နှင့် ဝတ်ပုံစားပုံ ရုပ်သဏ္ဍာန်က
နတ်ရှင်နောင်ဟု၍ ပုံဖော်ပြဌာန်းထားနိုင်သော်လည်း
ကျွန်တော်၏ နှလုံးသားနှင့် မျက်လုံးအကြည့်တို့ကား
အားငယ်သည့် နှင်းဆီပန်းလေးတပွင့်နှယ်
သူမ၏ရှေ့၌ တထပ်ချင်း တဖတ်ချင်း
ကြွေ၍ ကြွေ၍ ကျနေသည်။
.
မည်သို့ပင်ဖြစ်စေ
ရင်ကို စူးဝင်ခဲ့သော နေ့တနေ့အား
ကျွန်တော်ကပင် ကျေးဇူးတင်မဆုံးတော့။
.
မောင်သိန်းဇော်

######################

. သည်ဆောင်းဟေမာန်
.-------------------
မှုန်ပြာရီသော
ကျွန်တော်၏ကမ္ဘာသည်
နှင်းများအောက်တွင်
မှုန်ဝါး ပျောက်ကွယ်လုမတတ်။
.
နှလုံးသားထဲသို့
တဟုန်ထိုး ရွာသွန်းခဲ့သော
အချစ်မိုး၌
အလွမ်းမျက်ရည်များ ပါဝင်နေသည်ကို
ကျွန်တော် မသိနိုင်ခဲ့။
.
ပကာသနပင်စည်မှ
တော်ဝင်ပန်းကလေး သဇင်သည်
မြောက်ပြန်လေအား
သူမ၏နှလုံးသွေးများဖြင့် လိမ်းခြယ်၍
အလှကြီး လှစေသည်။
.
ဆောင်းကို ကျွန်တော်ချစ်ပါသည်
ဆောင်းသည်
အဘယ်ကြောင့် ကျွန်တော့်အား
နာကျင်စေခဲ့သနည်း။
.
မောင်သိန်းဇော်
####################.
မိုးသက်လေနှင်
--------------------
.
အနောက်တောင်က လေပြည်သည်
ဘုရားကုန်းပေါ်မှ တောအုပ်ကလေးအား
တသုန်သုန်သုန်သုတ်ဖြူး၍ တီးခတ်နေ၏။
.
အသံသာသော ရှုမျှော်ခင်းလေးထဲ၌
သူမနှင့် ကျွန်တော် ပျော်ဝင်နေမိ၏။
.
နှလုံးသားမှလွဲ၍ အရာအားလုံး
တိတ်ဆိတ်ငြိမ်သက်နေသည့် အချိန်။
.
အချစ်စိတ်တို့သည်
သံသာလေ စောင်းတန်းလေးအတိုင်း
ရှေ့သို့ တက်လှမ်းခဲ့ကြသည်။
.
တောင်ပေါ်တွင် ပြိုလုလုတိမ်တွေ
ရှိနေပါလိမ့်မည်။
.
လူသားနှစ်ဦး၏ စိုးရိမ်စိတ်သည်
ညနေခင်း၏ တိမ်တောင်တိမ်လိပ်များအား
နိမ့်ကျလာစေခဲ့ပြီ။
.
ကံစီမံရာ လရောင်များအောက်ဝယ်
သူမနှင့် ဂီတသည် ကျွန်တော်၏ဘဝ၌
အသက်တမျှ ညလေးတညဟု ဆိုရပေမည်။
.
မောင်သိန်းဇော်
.

.######################
ပွင့်ဦး
.------------
အသဲလွှာမြေဝယ်
အစိမ်းရောင်ရင့်သော
နှင်းဆီပန်းလေးတပွင့်
အမှန်ပင် ဖူးပွင့်ခဲ့လေပြီ။
.
ဘဝချင်း လွှဲချော်သည့်အခါ
အချစ်သည် ကြင်နာမှုကို ဖြစ်စေ၍
နှလုံးသားချင်း လွှဲချော်သည့်အခါ
အချစ်သည်နာကျင်မှုကို ဖြစ်စေသည်။
.
မည်သို့ပင်ဖြစ်စေ
ကံမဆုံသော အချစ်များတွင်
အမှန်တရားသည်
ရထားဆိုက်ချိန် နောက်ကျခဲ့သည်။
.
မောင်သိန်းဇော်
.
.#################
.
ချစ်ပြုံးနှင်းဆီ
. ------------------
လေညင်းသည်
မနက်ခင်း၏ မှန်တံခါးချပ်များအား
အ သာ အ ယာ ဖွင့်ကြည့်လိုက်စဉ်
နှင်းဆီပွင့်လေးတွေကို ပုံတူဆွဲရန် ကြိုးပမ်းနေသည့်
ပန်းချီသင်တန်းသူ နှင်းဆီပန်းလေး တပွင့်အား
အမှတ်မထင် မြင်တွေ့ခဲ့ရပြီး နောက်
.
နေ့ညအစဉ်
ကျွန်တော်၏ စိတ်အတွေးများသည်
ကမ္ဘာမြေ၏
နူးညံ့မှု၌လည်းကောင်း
သဘာဝပတ်ဝန်းကျင်ကြီး၏
အလွမ်းတေး၌လည်းကောင်း
လူတယောက်နှင့် နှင်းဆီပန်းလေးတပွင့်၏
တယောသံ၌လည်းကောင်း
အစဉ်သဖြင့် ဆွတ်ပျံ့လှပစွာ ခိုတွဲ၍ နေပါသည်
.
ထိုသို့သောအခိုက်
အချစ်သည်
ပန်းနှင်းဆီအငုံလေးထဲမှနေ၍
ကျွန်တော့်အား ပြုံးနေပေလိမ့်မည်။
.
မောင်သိန်းဇော်
.##############
.
ဆည်းဆာ
. ---------------
စီးဆင်းနေသော မြစ်၏နံဘေးတွင်
လွမ်းဆွေးနေသည့် ကမ်းပါးတွေရှိသည်။
.
တစ်ဦးနှင့်တစ်ဦး အမှန်ချစ်လျှင်
ငှက်ကလေးတွေပင်
အတူပျံသန်းခွင့် ရပါသည်။
.
တခါရံ၌ တိမ်တွေလှပခဲ့သည်ကို
တဘဝလုံး မျှော်တွေး၍
ကောင်းကင် ငေးသူ။
.
အဝေးမှညနေသည်
အတောင်ပါသော အလွမ်းများပင်ဖြစ်သည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ အဖြစ်ကို ကျွန်တော်ရလိုသည်။
.
ချစ်သူချင်းပေါင်းရသော ကမ္ဘာ၌သာ
လူ့ အဖြစ် ကိုကျွန်တော်ရလိုသည်။
.
မောင်သိန်းဇော်

ဥာဏ် ပန်း အိုးလေး
________ Notes
ရေတွေနဲ့ ___________________
__________ တောက်လောင်နေတဲ့
ပျော်ရွှင်မှုကို _________________
ငါ ဘယ်လို ဝတ်ဆင်ရပါလိမ့် ။ ။

မောင်သိန်းဇော်

(လင့်ပြန်ချပေးစမ်းပါ)

Tuesday, February 23, 2016

ဖြူမွန်​ရဲ့ကဗျာများစုစဉ်းမှု(၁)

ဖြူမွန်ကဗျာများစုစည်းမှုပေါင်းချုပ်(၁)
============================
နစ်မြုပ်ခြင်း
--------------------- ဖြူ မွန်

အရာရာ
လှိုဝှက်စွာ ကင်းဆိတ် သွေ့ခြောက်...။

မမျှော်လင့်လိုခြင်း တဲ့
အဲဒီတွင်းထဲက လှေကလေး
ကျွန်မရဲ့မနက်ဖြန်မှာ
ငြိတွယ် ဆိုက်ကပ်နေတော့တဲ့အခါ....

ချိုမြိန်မှုမဲ့သောကများ
လောဘမဲ့အလိုဆန္ဒများ
သိပ်သည်းဆများသော ကျောက်တုံးကျောက်ခဲများ
နေ့စဉ်သုံးအတွေးတိမ်တိုက်များ....
အောက်ခြေ ကြမ်းခင်းပြင်တလျှောက်
ပြန့်ကြဲပြည့်နှက်နေတဲ့အခါ.....

ကျွန်မ မိုးကောင်းကင်ပေါ်
တိတ်ဆိတ်စွာ မော်ကြည့်နေမိ
တိမ်ဆိုင်တိမ်တိုက်များအကြား
ရွှေရောင်ငါးကလေးများ လှပစွာ
ဝှေ့ပတ်ကူးခတ်နေပုံ။.......။

***************************************************************

ဆောင်းလမ်း
------------------ဖြူ မွန်

မနက်ဖြန်ဟာ မိုးတိမ်ကို လှော်ခတ်
ကျွန်မဆီ လာနေပြီ။
ဟုတ်ရဲ့ 
စောင့်ပါ ။
ပန်းပွင့်ကလေးများ နွဲ့စောင်းထိတ်လန့်နေတာ
သဲသောင်ပေါ်က ခြေရာနှစ်စုံမှာ လေ၀ဲတိုက်နေတာ
သစ်စိမ်းပင်က လေညှင်း ကန့်လန့်ကာ ချလိုက်တာ
သံစဉ်ကြမ်းကို ပွက်ဆူထစေတယ်။
ရှည်မျှောမျှော ဒေါင့်မတ်လမ်းတိုင်းနဲ့ 
သောကနွယ်ရုံများသာ 
အထီးကျန်မှုကို ပြေလည်တက်စေရဲ့.။

စောင့်ပါ 
စောင့်လိုက်စမ်းပါ
သက်တန့်တစ်ခု အက်ကွဲသွားတာလောက်မှာ
ခြေလှမ်း စည်းချက်ကို မဆွံ့ထစ်သင့်ဘူး။
(မျှော်လင့်ချက်မှာ အဆိပ်သင့်သူဆိုတာ )
ဖောင်းပွလာဆဲ အတိတ်ဆဲလ်တွေထဲမှာ
ခေါင်းစိုက်ဝဲလည်လို့......(ဟုတ်လား )
ဒါဟာ ..လင်းတတစ်ကောင်ရဲ့ကျိန်စာသင့် ပြသနာသာဖြစ်တယ်။
တွေ့လား ...( ဓတ်ခွဲခန်း ဖန်ဘူးထဲမှာ
ကျွန်မလက်တွေ ခုန်လှုပ်နေတာ )
အနက်ရောင် အသံများရဲ့စည်းကြောထဲမှာ
တိတ်ဆိတ်စွာသာ လူးလား တုန့်ခေါက် လျှောက်ခဲ့ပေါ့။
ဆောင်းလမ်းကို ခွဲဖြတ်ပြီး
နွားရိုင်းတစ်အုပ် မောင်းသွင်းဖို့ရာ
(ကျွန်မအတွက်တော့ ) သိုးထိန်းသလိုသာ နေမှာပါပဲ။
လူသူမသိတဲ့အသိတရားများအတွက်
ကိုယ့်ခေါင်း ကိုယ်တိုင်ဖြတ် ယဇ်ပူဇော်လိုက်ရဲ့။
အာရုံများအားလုံး ကျွမ်းလောင်ရာမှာ
စောင်းညှင်းခတ်သံတစ်ခုသာ သိမ်မွေ့စွာပေါ်ထွက်လာခဲ့။
မိမိကိုယ် မိမိ ရာဇ၀တ်မှု သင့်ချိန်
မိုးတိမ်များ နိမ့်ပြိုကျ ခဲ့ပေါ့။........။

*******************************************
ရပ်ငေးသူ
--------------------ဖြူ မွန်
သူ သို့မဟုတ် သူမ ရပ်နေတယ်။
ခပ်နိမ့်နိမ့်ကလေးလွှဲလို့ ရပ်ရှာပေလိမ့်မယ်၊
လှိုင်းမဲ့လိပ်ပြာလို
နိစ္စမဲ့ စံပယ်ကလေး တစ်ပွင့်လို ရပ်ပေမယ်။
ရင်မောစွာနဲ့ မိုးတိမ်ကလေးတစ်ခု ရပ်ငုံ့ကြည့်နေသလို
အလင်းမျှင်မျှင်ကလေးတစ်ခု စူးဖောက်သလိုလည်း ဖြစ်ခဲ့မယ်။
သေချာတာက
ရပ်နေ ငေးနေပုံဟာ
ရေတံခွန်ကလေးတစ်ခု ဆံနွယ်စကလေးမှာ
ဖျတ်ခနဲ
ရပ်နေသလိုမျိုး။ ။
**************************************
ကျွန်မနှင့် ကိုယ်ဝန်သည်များ
---------------------------------------ဖြူ မွန် 

မှုန်ညံ့စွာ သွန်းကျလာသည့် ၀ိစိကိစ္ဆာများအတွက်
ကြမ်းခင်းတစ်ခုလုံး လင်းတောက်ရုံဖြင့်
ကိုယ်ဝန်ဆောင်နိုင်သည့်
ကကြီးများ ခကွေးများ ဂငယ်များ....
စုပ်ယူနိုင်သမျှ အတွက် အလိုက်သင့်စွာရွတ်ဆို
ပြီး...အလျားလိုက် ရေတွက်။
ပရောဟိတ်ဆရာတို့၏
အဖန်ဖန်ကမ်းသည့် ယပ်တောင်
နံရံများပေါ် အရိပ်များအဖြစ် တဖျပ်ဖျပ် ယိမ်းထိုးလို့။
တစိမ့်စိမ့် အေးခဲဖွဲ့တည်
ရှိနိုင်သမျှရဲ့ မဲ့ခြင်းအားလုံး
ကုန်ဆုံးတော့မည့်ပန်းချီကားအတွင်း
ချက်ချင်းခုန်ဝင်
သစ်ပင်တွေနဲ့ တောလမ်းကလေးအဖြစ်
မတ်တပ်ရပ်လိုက်ရဲ့။
မရှုနိုင် မကယ်နိုင် အောင့်သက်ပြင်းပြင်းဖြင့်
မြစ်ကျဉ်းတစ်ခုပေါ်
တောင်ပံတစ်ခု အရေခွံတစ်ခု
ကန့်လန့်ဖြတ်ကျခဲ့။
နောက်ဆုံးတွင်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည့်
လည်ချောင်းဝအတွင်းမှ 
မြစ်ကျဉ်းများ ၊ နံရံများ ၊ တောလမ်းကလေးများ
စကားလုံးများပေါ် ခပ်ပျစ်ပျစ်နှစ်ချလိုက်ရဲ့
ဖွဲ့နွဲ့မှုတစ်ခု ထပ်မံမွေးဖွားဖို့ ကျွန်မနှင့် သရများ

ပြီး......
ကျွန်မနှင့် ကိုယ်ဝန်သည်
ကကြီးများ ခကွေးများ ဂငယ်များ ဃကြီးများ..........

******************************************************

"လ"ကလေးရဲ့မြို့ 
------------------------ ဖြူ မွန်

ဒါဟာ အိပ်မက်ထဲက...။

ပျားရည်မြစ်တွေ စီးဆင်းနေတဲ့
လရောင်တွေနဲ့ မြို့ကလေးးတစ်မြို့ပါ။

လရောင်ရဲ့သင်းပျံ့ရနံ့များ
လည်ချောင်းဝတွင်းမှ လျှောကျသွားတဲ့အခါ...
အ၀ိုင်းများ..... လေးထောင့်များ....တြိဂံများ....
...မျဉ်းများနဲ့ အစက်အပြောက်များ..

လေညှင်းကလေးများက
လမ်းလျှောက်ထွက်ပါဦး တဲ့
ရေမသွေ့ခြောက်သေးတဲ့ ဆံနွယ်စများနဲ့ ။

လမ်းကလေးပေါ် ရောက်တဲ့အခါ
ရပ်လို့ ကိုယ်ကို ကိုယ် ငုံ့ကြည့်လိုက်မိ။
....အ၀ိုင်းများ....လေးထောင့်များ....တြိဂံများ...
မျဉ်းများနှင့် အစက်အပြောက်များ......။

ပြီး.......အဝေးဆုံးထိ ရွယ်ရည်လို့
လမ်းကလေးတလျှောက် မျောပါရင်း
အ၀ိုင်းများ လေးထောင့်များ တြိဂံများ မျဉ်းများနဲ့
အစက်အပြောက်များအကြား လျှောက်သွားနေမိပေါ့။

*******************************************************
ပယင်းဂူ
----------------ဖြူမွန်
မျှော်လင့်ခြင်းအသွေးအရောင်များ
ဆည်းဆာရဲ့ဗြောင်ကျကျ
ကုထုံးဝင်္ကဘာအောက်
ဒေါပွနေတဲ့ မြင်းတစ်ကောင်နဲ့ လမ်းမှားနေခဲ့။
ကျောက်သင်ပုန်းပေါ် မြေဖြူကိုင်ပြီး ကောင်းကင်ကို
အပြီးသတ်ရေးဆွဲ
သော့ပေးလိုက်သည့်အခါ
မှတ်ဥာဏ်၏ဂူနံရံမှ
ကျိုင်းကောင်များ ဝေါကနဲ ပျံထွက်လာခဲ့ ။ ။

*********************************************

မီးမြစ်
--------------------ဖြူမွန်
နားရွက်မရှိတဲ့ စကားလုံးများနဲ့
အချိန်အတွယ်မဲ့ လက်တံဟာ (၆)နာရီခြား
ကျောက်ဆောင်တွေထဲ ချောချောမွေ့မွေ့စီးဝင်နေတဲ့ခါ
အောင်ပွဲရပြတိုက်တွေရဲ့
မီးစွဲလောင်နေဆဲမြစ်ရေထဲ
အချိန်ကို ကွေးညွတ်
ဝင်ေ၇ာက်စွက်ဖက်ဆဲ ကြယ်တွေ
သူတို့…….ဟိန်း’နေပုံကို ငေးကြည့်မိ။ ။
***************************************
ဗစ်ဂင်စတိုင်းရဲ့ဥယျာဉ်
-------------- ဖြူ မွန်

သုံးစွဲရာမှာ
နံရံပေါ်က လှေကလေးလို။

သက်ရောက်နိုင်ဖွယ်ရာ
ရိုက်ချက်တွေအမျိုးမျိုး
ချိန်သီးတွေအမျိုးမျိုး
နွေဦးပေါက်ပုံအမျိုးမျိုး
ပန်းပွင့်တွေလည်းအမျိုးမျိုး။

အလှဗေဒရဲ့ နယ်ကျွံလေတဲ့
ဝန်ဆောင်မှုတစ်ခုဆီ
ညီညီညာညာ ရွှေ့ချလိုက်ပါရဲ့
သင်းပျံ့လာတဲ့လှိုင်းတို့ဆီ

သူ့အရောင်အသွေးနဲ့ သူ ကန့်သတ်ဖို့။.......။

ဖြူ မွန်

ဒီရေ
---------------- ဖြူ မွန်

စစ်တလင်းပြင်ထဲမှာ
ကျဆုံးသွားရတဲ့ အလင်းရဲ့အလောင်းကောင်
ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ဆက်လက်ကျန်းမာ ။
တစ္ဆေရဲ့ လည်ဆံမွှေးသွားပွတ်တံဟာ
မွှေးပွ ခရုခွံတွေကို အေ၇ာင်တင်လို့။
ကြေကွဲဖွယ် မှိုင်းညှို့စွတ်စို
ပြိုင်နေဆဲလှိုင်းတံပိုးခရာသံတွေနဲ့…..
ထောင်ချောက်လှောင်အိမ်ထဲ ခရီးအသော့နှင်တော့မဲ့ “လှိုင်း” တွေ
ဒီလိုနဲ့ ကြီးရင့်လာကြ ။
ဒီရေဟာ
ကြောင်လိမ်လှေကားဖွဲ့
နတ်သမီးလက်ရုံးနဲ့
ရွက်တိုင်ထိပ်ဖျားထိ ရစ်တွယ်ရောက်ရှိခဲ့ ။ ။

*******************************
ခွဲခွာချိန်
---------------- ဖြူ မွန်

မြောက်မြားစွာသော မိုးမှုန်မိုးဖွဲကလေးများ
ကျွန်မပေါ် လွှမ်းခြုံနှုတ်ဆက်တဲ့အခါ
မျက်ရည်ကြီးငယ်စိုစွတ်လို့
ရေမှော်နံ့တွေနဲ့ စိမ်းပြာမိုးတိမ်များ
မှန်ပြတင်းကလေးမှ စွန့်ခွာ
တိတ်ဆိတ်စွာ နောက်မှ လိုက်လာခဲ့ကြ။
စိမ်းစိုစိုတောင်ကုန်းပေါ်က
တိမ်တိုက်တို့ဧ။်သတင်းများ
သက္ကရာဇ်များဧ။်ပင်စည်ပေါ်မှ
မပဲ့ကြွေနိုင်သော အမည်နာမများ
လေထဲမှာ ဦးဆောင် တိုးတိတ်စွာ ပဲ့တင်နေကြ။
ညှိုးသိမ်ချိုင့်ဝှမ်းထဲ
ဖြည်းနှေးစွာ နစ်ဝင်
သခင်မဲ့ရှာတဲ့ခန်းစီးကလေးကတော့
အားလုံးကို တည်တည်ငြိမ်ငြမ်
(ဘာမှ မမြင်ရသလို ) ရပ်တန့်
ငေးစိုက်တောင့်မတ်လို့
မလင်းကျင်းမှုကို ကိုက်ချီ
ငှက်ဖြူဖြူကလေးများက ညင်သာပျံသန်းလမ်းပြကြရဲ့။

************************************************
သင်္ဘော
-------------- ဖြူ မွန်

ငြိမ်ငြိမ်သက်သက်
အရောင်နုမှ ရင့်သည်ထိ။
ခရမ်းရောင် ခရာသံစူးစူး။
တိုးဖြည့်နိုင်ဖွယ်၊
ေ၇ာင်စုံခရုခွံ၊ပုလဲပုတီးစေ့၊ညပ်နေသောအချိန်
ဖြတ်ဝင်လာသော အ၀ါရောင်လှိုင်းကလေးများ
တောင်ကုန်းများဆီသို့
လမ်းကလေးအတိုင်း
မေးခွန်းများကို
ဆက်လိုက်သည်။......။

**********************************************

မြို့ရိုင်းရဲ့ဦးခေါင်း
---------------------ဖြူမွန်

ကံကြမ္မာ၏ ထပ်ခိုးအတွင်း
ပုန်းကွယ်နေသည့် မျဉ်းတစ်ကြောင်း၏ မေလအတွင်း၌
(ဦးခေါင်းတစ်လုံး)
ထပ်မံ ပုန်းကွယ် ၀င်ရောက်နေခဲ့ ။

ထွန်းပ စမ်းသပ်မှု၏ ရောင်ရဲဖွယ်နေ့ငယ်ငယ်များ
တစ်ယောက်ကိုပိုက် စိုးငိုက်လက်တံများ
လှိုင်းပုတ်သလို ဒလဟောစီးဝင် အထွေးလိုက်မျိုချခဲ့ရ
မိုးစက်တို့၏ မွှေးရနံ့များ
သဲတရှပ်ရှပ် နှင်းတစ်ပေါက်နှင့် ပန်းပွင့်တောင်တန်းများ
မူကွဲအမျိုးမျိုး၏ အရိပ်အမြွက်အဖြစ်
ရင်ခွင်တလျှောက် စိမ်းညှို့စွာ အလင်းသိုခဲ့ ။

ဆန်ခါကျနေသည့် မျဉ်းအလယ်ကောင်၌
စိတ်ကူးစိတ်သန်းများ အရိုးဖြူဆွေးချိန်
စဉ်းလဲအိပ်မက်တို့၏ အရေချပ်လွှာတို့အား
ဤကျောက်ဖြူသားများ ပြိုပျက် မြို့ရိုင်းဥိးခေါင်းတစ်လုံးစီ
တွင်းတူးမြှုပ်နှံခဲ့ရပေါ့ ။ ။
*******************************************
ငါးမျှားတံထိပ်မှ မျှော်စင်
------------------------------ဖြူမွန်
အပြာေ၇ာင် ပဲ့တင်ထပ်မှုရဲ့ မရေမရာ တစ်စုံတစ်ရာ
ပြည့်ဝမေးခွန်းတွေနဲ့……
ပြီး……မေးသိုင်းထားတဲ့ ဘူတာရုံကြိုးတွေနဲ့
လည်ပင်းထဲက စုန်ဆန်ရထားမှာ
မပစ်လိုက်ရတဲ့ ကျဉ်ဆန်ရာတွေ ဖွေးလင်းဖြူလို့….
အရိုးများတဲ့ မြို့များရဲ့ တုန်ခါနေဆဲ ရေညှိတောလမ်းများ……
နောက်ပြန်…ကျုံ့နေဆဲ တနင်္ဂနွေနေ့များမှာ
အဆုပ်လိုက်ပွင့်လာတဲ့ စက္ကူစများ….မှတ်တမ်းများ…..
သိုးများရဲ့ ဦးကျိုးလုလုအလှဆင် တံတားများ…..
ဖန်ရောင်တိမ်တိုက်များရဲ့ တိုးသက်ညင်သာစက်သံများ….မှာ…..
ညအလင်းထဲ ခေါင်းနှစ်ထားဆဲ ကုန်းမြေအောက်
ခုန်ထွက်လာမယ့် ငါးကလေးများအတွက်
မျှော်စင်များဆောက်ရဲ့ ။ ။

*********************************************
မိုးကောင်းကင်ရဲ့နာရေး
-----------------------ဖြူမွန်
ဝါဖျော့ဖျော့တောင်ပံတွေကို ပွေ့ချီလာတဲ့ ကြေကွဲဖွယ် ၀တ်ပြုတေးသံ
သူ့ တိုးဖော့ခြေသံဟာ ရက်စက်အေးစက်လွန်း……
လရဲ့ ထူထဲထဲလျှပ်ေ၇ာင်ဆံနွယ်မျှင်တွေ အဖုံးခံခဲ့ရ ။
ဒဏ္ဍာရီ ပြင်ပမှ ရေခဲပြင် အက်ကြောင်းများ
မှိုတက်နေသည့် တောင်တန်းများ
အသက်ရှုရပ်နေသည့် ဂီတရဲ့ ဥယျာဉ်ချုံနွယ်ဆူးရစ်များကြား
ကိုယ့်ဦးခေါင်းပေါ် တောင်ယာမီးခိုးဝေနေတဲ့သူရဲကောင်းတွေ
အလဲလဲအပြိုပြို ဒဏ်ရာတွေနဲ့….
သူတို့
မိုးကောင်းကင်ရဲ့နာရေးနဲ့အတူ
ကြီးမြင့်စွာကျွမ်းလောင်လို့ ….။ ။
************************************************

သတ္တမမြောက် ရှုမျှော်ခင်း
-------------------------------ဖြူမွန်
ဆဌမမြောက် ရှုမျှော်ခင်း၏ မှင်တပ်မိကမ်းစပ်၌
လှိုက်လှဲသည့်တေးသွားတစ်ဝက်
သက်သောင့်သာယာ အေးချမ်းစွာမတ်ရပ်ရဲ့ …….

တောင်ကမ်းပါးယံတို့၏ လွှဲရှောင်မှုနှင့်
ငလျင်များ ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြ …။

ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပွင့်ခဲ့သော ပုံကြမ်းများ….
လွင်ပြင်မဲ့ခဲ့ရုံမျှ…….
ဒါပေမယ့် ….အဆုံးမဲ့ ကန့်သတ်လင်းပြက်မှုမှာ
ထပ်ကြပ်မကွာ…နှင်းရည်စက်များ……တေးသီငှက်များ….
သဲသောင်ပြင်စပ်မှာ ပင်လယ်၏ စောင့်မျှော်ခြင်းများ…..

ဟိုးအဝေးမှ ခပ်နှေးနှေးကျောက်တံတိုင်းတို့
ခြေလှမ်းမှန်မှန်ဖြင့်
ဖွင့်လိုက်သည့် သစ်တောအုပ်ထဲ၌
အရိပ်များပမာ
ပါးလျစွာ ဖြတ်ကျော်သွားကြရဲ့ ...
ကြယ်စုများ၏ တံတိုင်းဆီ......။ ။