Monday, March 28, 2016

ဟမ်​ဘာကာ

ဟမ္ဘာကာ

သဲတစ်ရှပ်ရှပ်နဲ့ ကျောက်တုံးကို
လျှာနဲ့ပွတ်နေတဲ့ မိချောင်းများ
ဓားသိုင်းသမားရဲ့ လက်ဖန်မှာ
ကြောင်ကုပ်ရှာတွေ ဗလပွနဲ့

နေ့စွဲတွေဟာ သွေးဆုံးပြီဟု
သူ့ဒိုင်ယာရီမှာ အဲ့သလိုရေးပြီး
မန်နတ်ဆီက မီးတစ်တို့ညှိနေ

ခြံဝင်ဝက တံခါးဟာ
ငါ့ကိုမမြင်တာ ဘယ်လောက်ကြာပြီလဲ
စန္ဒရားထက်က လက်ချောင်းတွေမှာ
ဆာလောင်တဲ့ အာသာနဲ့
ငိုရှိုက်နေတဲ့ ကုလားအုပ်လည်တိုင်များ

အမှောင်နဲ့ တစ်ထပ်တည်းကျတဲ့အဖြူရောင်မှာ
လူတစ်ကောင်ဟာ မျက်ကြည်လွှာဆုံးရှုံသလိုမျိုး
အိမ်အဝင်က ဆည်းလည်းသံဟာ
တေမိဇတ်က ပြန်ထွက်မလာတော့ဘူး။

K-ဒါရ

အစမိုးဒီးရက်​စ်​ နှင့်​ လိင်​ဆက်​ဆန်​ခြင်း

အစမိုးဒီးရက်စ် နှင့် လိင်ဆက်ဆန်ခြင်း
--------------------------------------------------

တစ်ခါတုံးက

တောင်ကုန်းကလေးရဲ့ ခပ်ပျန့်ပျန့် စိုင်းခင်းလေးဟာ ကျမဖေဖေရဲ့
ဂျုံခင်းကလေးဖြစ်ခဲ့တယ်။
ဂျုံခင်းကလေးရဲ့ ဘဲတစ်ဖက်တချက်စီမှာ ရေတံခွန်နှစ်ခုဟာ ပြိုင်စီဆင်းနေကြပေါ့။
ရေတံခွန်လေးရဲ့ ဟိုဖက်ကို ဝါးတံတားလေးက ဖြတ်ကူးလိုက်ရင် ဧရာမ ညောင်ပင်ကြီးတစ်ပင်ရဲ့အောက်ကို ရောက်တယ်။
ညောင်ပင်ကြီးရဲ့ တွဲကျနေတဲ့ ညောင်နွယ်များနဲ့ ဖေဖေဖန်တီးထားတဲ့ ဒန်းကလေးဟာ
ကျမတို့ မောင်နှမတွေရဲ့ ကမ္ဘာသေးသေးလေးပါပဲ။

ဒီနေ့ ဖေဖေဟာ ညောင်ပင်ကြီးရဲ့အောက်မှာ လာငိုနေတာကို ကျမတွေ့နေ့ကျအတိုင်း ကျမတွေပြန်ပြီ။
ဖေဖေဟာ ညောင်ကိုင်းလေးမှာ ချဉ်ထားတဲ့ ကျမရဲ့ ချဉ်သားတံပတ်လေးကို တရှိုက်မက်မက်နမ်းရှိုက်ရင်း စကားတွေအများကြီးပြောရင်းငိုနေတယ်။
ဖေဖေခုလို  ငိုနေတာကို ကျမမကြိုက်။
ဖေဖေ့ကို ခုလိုငိုကြွေးနေဖို့လည်း ကျမ မရွယ်စူးခဲ့။
တကယ်ဆိုရင် ဖေဖေတင်မကဘူး ကျမကိုယ်တိုင်လည်း အမှားမကင်းခဲ့။
မဟုတ်ဘူး။ကျမ မှားကိုမှားခဲ့တယ်။

ထိုနေ့ဟာ ဖေဖေ ရွာကို ဂျုံသွားပို့တဲ့နေဖြစ်တယ်။အဲ့ဒီနေ့က မောင်လေးနဲ့ ကျမ ဟာ ဖေဖေ့ကို စောင့်ရင်း ညောင်ပင်ကြီးအောက်မှာ ဒန်းတွေလွှဲလိုက် သီချင်းတွေညည်းလိုက်နဲ့ အချိန်တွေအကြာကြီး
ဖြတ်သန်းခဲ့ကြတယ်။ညနယ်နေရီလာတော့ မောင်လေးဟာ ဟိုဘက်ရေတံခွန်စမ်းချောင်းက ငါးထောင်မြုံတွေ သွားဖော်မယ်ဆိုပြီးထွက်သွားတော့ကျမဟာ အဖေ့ကိုစောင့်ရင်းနေရစ်ခဲ့တယ်။
ညနယ်ဟာ မှောင်စပျိုးလာပေါ့။
အဖေဟာရောက်မလာသေးတော့ စမ်းချောင်းထဲရေချိုးဆင်းခဲ့တယ်။

ရေ....
ရေဟာ အေးစိမ့်စိမ့်နဲ့ဘအသက်ကိုမသိတော့တဲ့ အနှိပ်သမ တစ်ယောက်လို
ညက်ညောတဲ့ ရွေ့လျှားမှုနဲ့ အေးစိမ့်တဲ့ ထိတွေ့မှုမှာ မိန်းမသားတစ်ယောက်ရဲ့ အဇ္ဈတ္တံကို အရေခွံချွတ်ပစ်တယ်။
ဆိပ်ငြိမ်အရပ်ရဲ့ လွပ်လပ်မှုကို အသုံးချပစ်ဖို့ ငါးသလဲထိုးလေးတွေဟာ ကျမလိင်အင်္ဂါကို တို့ထိပြီး အချက်ပေးတယ်။
လောကနိတိရဲ့ စာမျက်နှာတစ်ခုမှာ အဲ့ဓီလိုအဆိုရှိတယ်.....
"မိန်းမများနဲ့ လူမိုက်တို့ဟာ ဆိပ်ငြိမ်ရာအရပ်၌ မကောင်းမှုကို ပြုကျင့်တတ်ကြ၏"
အာသာနှင့်စပ်လျဉ်းလာသောအခါ ရေသည် "အစမိုးဒီးရက်စ် "၏တမန်တော်ဖြစ်သည်။
"အစမိုးဒီးရက်စ် "ဟာ ကာမနဲ့ မှိုက်မဲမှုကို အစိုးရသောနတ်ဆိုးဖြစ်သည်။
လူသားတွေအာသာနှင့် ဆန္ဒပြင်းပြခြင်းကိုဖန်ဆင်းပြီး အမှားတွေကျူးလွန်အောင်ပြုလုပ်တတ်သည်။
လိင်ကိစ္စကို အထူးလွန်ကျူးစေပြီး တခြားသောမိုက်မဲမှုများကိုဖန်ဆင်းပြီး ဘုရားသခင်ကိုတွန်းလှန်နေသော ငရဲပြည်၏ အထင်ကရနတ်သားတစ်ဆူဖြစ်သည်။
"အစမီုးဒီးရက်စ်"သည် ရေဖြစ်သည်။ထို့နောက်ကျမသည် ဆိပ်ငြိမ်ရာအရပ်၌ "အစမိုးဒီးရက်စ်"နှင့် လိင်ဆက်ဆန်ဖြစ်သည်။
ထိုအချိန် မထင်မှတ်ပဲ ကျမနောက်ဖက်မှ လက်တစ်ချောင်းဟာ ကျမရင်သားဆီရောက်လာသည်။ပြီးမှ တထောင်းထောင်နံစော်နေသော အရက်နံ့ကို ကျမရသည်။
အထိတ်တလန့် လှည့်ကြည့်လိုက်တော့ ထိုသူသည် အဖေ ဖြစ်သည်။
"မရုံးပါနဲ့တော့ သမီးရယ်"တဲ့....
ကျမလည်း ရုံးဖို့ဆန္ဒမရှိခဲ့ချေ..။
ထို့နောက် အဖေသည် "အစမိုးဒီးရက်စ်"ဖြစ်လာသည်။
ထိုညနယ် ပြီးတဲ့နောက်မှာတော့ မောင်လေးမရှိတဲ့ အချိန်တိုင်းမှာ အဖေဟာ "အစမိုဒီးရက်စ်"ဖြစ်ခဲ့သည်။
တစ်လလောက်ကြာတော့ မောင်လေးကို ရွာသို့ပို၍ ကျောင်းထားပေးခဲ့သည်။
မိုက်မဲမှုသည် မမိုက်မဲခင် အလွန်တုံလှုပ်စရာကောင်းသလောက် မိုက်မဲပြီးသည့်အခါတွင်မှု ကိုကင်းတစ်မျိုးလိုဖြသ်သည်။
မကောင်းမှန်းကိုသိသည်။ထိုမကောင်းမှုထဲက ကောင်းခြင်းသည် ထိုမကောင်းမှုကိုတွန်းလှန်သည်။ထိုအခြင်းအရာသည်
"အစမိုးဒီးရက်စ်"၏ မှော်ဖြစ်သည်။

တစ်နေ့ ကျမ ဘာမှမစားပဲအံသည်။အဖေလာမေးသည်။"ဓမ္မတာ မှန်ရဲ့လား"တဲ့။
ကျမသတိထားမိသလောက် ကျမ ရာသီမလာတာ တစ်လကျော်ခဲ့ပြီ။
ကံသည်တိုက်ဆိုင်သည်။ကောင်းချင်လျှင် ကောက်မလာသော်လည်း မဆိုးချင်ပဲ ဆိုပြီဟေ့ ဆိုလျှင် အုံနှင့်ကျင်းနှင့်လာသည်။
ထိုနေ့က ကျမတို့လယ်တဲသို့ စစ်သားတစ်ချို့နှင့် ရွာလူကြီးများရောက်လာပြီး ရေတံခွံနှစ်ခုမှ ကျောက်များကို မိုင်းခွဲထုတ်မည်ဖြစ်၍ ၎င်းတို့ပေးသောငွေမဖြစ်စလောက်နှင့် လွတ်ရာသို့ အခြေချနေထိုင်ရန် နေထိုင်ရန် အသိပေးသည်။

ကျမတွေးသည်။
မဟုတ်ဘူး။
ကျမ တစ်ညလုံးငိုခဲ့သည်။ပတ်ဝမ်းကျင်နှင့်နေထိုင်ရတော့မည်ဆိုလျှင် ကျမကို ဘယ်သူနဲ့ ရတယ်လို့ ပြောမလဲ။
ကျမမောင်လေးကို ဘယ်လို လိမ်ရမလဲ။
ကျမခလေးမွေးလာသောအခါ ကျမအဖေဟာ ခလေးမျက်နှာကို ဘယ်လိုကြည့်မလဲ။ကျမခလေးဟာ ကျမအဖေကို အဖေခေါ်ရမလား၊အဖိုးခေါ်ရမလား။ကျမဟာ ကျမခလေးကို မောင်လေးခေါ်ရမလား၊သားခေါ်ရမလား။
ကျမစဉ်းစားရင်း စဉ်းစားရင်း ညောင်နွယ်များကို မြင်လာသည်။ ကျမ အဖေမသိအောင် တဲမှ ထွက်၍လာခဲ့သည်။
ထို့နောက် ညောင်ပင်ကြီး၌တွဲလွဲခိုနေသော ကျမကို မိုးလင်းတဲ့အခါ အဖေတွေ့ခဲ့သည်။

ဒီနေ့လည်း အဖေဟာ ညောင်ပင်ကြီးအောက်၌ လာငိုနေသည်။

"အမှားတိုင်းမှာ ဆိပ်ငြိမ်ရာမရှိမှန်း အဖေ မမူးခဲ့ရင် အဖေဆင်ခြင်မိခဲ့ပါလိမ့်သမီးရယ်...."

"မိုက်မဲမှုတိုင်းဟာ ဘုရားရဲ့ အမြိုက်ဆေးတရားကို ဆန့်ကျင်ဖို့အတွက် မျက်လုံးကို သင်းကွပ်နိုင်ခဲ့တယ်"

"အချောင်ရလိုမှုဟာ လူပျော့တွေရဲ့ ဘုရားဖြစ်ပြီး ထိုအထဲ၌ စီးမျောလိုမှုဟာ
ဘဝကို အခါခါ သေကြောင်းကြံခြင်းဖြစ်တယ်"

နောက်နေ့တွေလည်း အဖေဟာ အဲ့ဒီစကားတွေကို တတွတ်တွတ်ပြောရင်း လာငိုနေလိမ့်မယ်.....။

K-ဒါရ

Sunday, March 27, 2016

နွားရိုင်းသွင်းချိန်

နွားရိုင်းသွင်းချိန်
----------------
ညနယ်လေးနာရီသည် မြက်ပင်များ၏ငရဲဖြစ်သည်။
ငရဲသည် မြေနီလမ်းများကို စုံပေါက်၍လာနေသည်။
မြေနီလမ်းမှ တစ်ထောင်းထောင်းထနေသော ဖုံဝါတိုက်များမှာ ယသော်ဒရာ၏ သားအိမိဖြစ်သည်။ယသော်ဒရာသည် ရာဟုလာကို မွေးပြီး သိဒ္ဒတ္ထကို ကျုံးသွင်းလိုက်သည်။
ကျုံး၌ ဆင်တို့၏ခွန်အားသည် အချဉ်းနှီးသာဖြစ်၏။
အချဉ်းနှီးဖြစ်သော ဘဝကို အရောင်တလက်လက် တောက်ပဖို့ရာ ခန္ဓိကနှင့် နန်းကခွာလေသည်။

ညနယ်လေးနာရီသည် အမေအိုများ၏ သားမျှော်ချိန်ဖြစ်သည်။
သားသည် နွားကိုနှင်၍ နာဇီတတ်ထဲဝင်လေသည်။
နာဇီတံဆိပ်မှ စကြာတံဆိပ်သည် အမျိုးသမီးများ၏ ပဋိသန္ဓေတားဆေးဖြစ်သည်။
ပဋိသန္ဓေသည် ရှင်ခြင်းသို့ ဦးတည်သည်လား၊သေခြင်းသို့ဦးတည်သည်လား။
ဦးတည်ရာ အရပ်သည် အနော်မာသောင်ဖြစ်ပြီး
အနော်မာသောင်သည် ပဋိသန္ဓေတားဆေးဖြစ်နေပြန်သည်။

ညနယ်လေးနာရီသည် အပျိုမလေးများ ရေခပ်ဆင်းချိန်ဖြစ်၏။
ရေသည် အံမခန်းစွမ်းအားကို ပိုင်ဆိုင်သည်။
စွန်းအားတို့သည် ဗောဓိပင်အောက်မှ ထွက်ပြေးကုန်၏။
ထွက်ပြေးခြင်းသည် လွတ်မြောက်ရာသို့ ဦးတည်သည်။
လွတ်မြောက်ရာသည် နိမ္ဗာန်ဖြစ်သည်။
နိမ္ဗန်သို့သွားရန် ဗောဓိပင်အောက်တွင် ခြောက်နှစ်ထိုင်စောင့်သည်။

ညနယ်လေးနာရီသည် နေမင်း၏အဆင်းကို အလင်းဖျော့စချိန်ဖြစ်၏။
အဆင်းသည် တောက်လောင်ခြင်းလား၊လင်းလက်ခြင်းလား ခွဲခြားတတ်ရန်လိုပေသည်။
ခွဲခြားတတ်ဖို့ရာ နတ်တို့ဟာ စောင်းကိုတီးလေ၏။
စောင်းသည် တရားဟောဆရာဖြစ်သည်။
တရားဟောဆရာသည် ဗောဓိပင်အောက်၌ရောင်ဝါကွန့်မြူးလာသည်။

ညနယ်လေးနာရီသည် ပင်လယ်ရေများကို နီမြန်းစေချိန်ဖြစ်သည်။
အနီရောင်သည် သစ္စာလေးပါးကို ကိုယ်ဝန်လွယ်ထားသည်။
ကိုယ်ဝန်သည် ကိဋိကပ်သုံးဖုံဖြစ်သည်။
ပိဋိကပ်သည် မြစ်ဆုံဖြစ်သည်။
မြစ်ဆုံသို့ရောက်ပြီ သင် ကြိုက်ရာလမ်းကြောင်းမှ သွားနိုင်ပြီ။

K-ဒါရ

Tuesday, March 15, 2016

ဗာလာနံ

ဗာလာနံ

အကြောင်းပြချက်သိပ်တော့မလိုဘူး။
ကောင်းခင်ဟာ တဖြည်းဖြည်းနိမ့်ဆင်းလာတဲ့အခါ
မင်းဟာ မြေကျင်းတစ်ခုကိုတူးမယ်၊
သားသမီးတွေနဲ့ ပေါင်မုန့် ၊ ရေတွေကို ရနိုင်သလောက်ထည့်မယ်၊အလောတကြီးထည့်ပြီးသွားတော့ မြေတွင်းဟာ မင်းတစ်ယောက်စာမဆန့်တော့တာကိုတွေ့မယ်။ပြီးတော့ မင်းဟာ ကောင်းခင်ကို တစ်ချက်မော့ကြည့်ပြီး မြေတွင်းကို ပျဉ်ပြားတွေနဲ့ ပိတ်ထားလိုက်မယ်။မင်းမြေတွင်းပေါ်မှာရပ်နေမယ်။ကောင်းကင်ကြီး ပိုနိမ့်လာတဲ့နောက် မင်းဟာ တစ်စုံတစ်ခုကို လက်သင့်ခံလိုက်သလို မျက်လုံးကို မှိတ်ထားလိမ့်မယ်။

ခနကြာတော့ ကောင်းခင်ဟာ ရေတွေဖြစ်သွားပြီး မင်းဆီကို သွန်ကျလာမယ်၊
မင်းအထိတ်တလန့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ပြီးခဲ့တဲ့နှစ်ကတည်းက မရွာတော့တဲ့ မိုးရေတွေကို မင်းမြင်မယ်၊ မင်း"ဟေး"ခနဲအော်လိုက်မယ်၊ရေစိုနေတဲ့ ဆံပင်တွေကိုအပေါ်သို့မတင်ပြီး မင်းဟာ သူရဲကောင်းတစ်ယောက်လိုပြုံးမယ်၊မင်းဟာ "ငါဟာ ဘုရင့်နောင်ပဲ"လို့ ကိုယ့်ကိုကိုယ် ချီးမွှမ်းမယ်။
ရေတွေကို ပုံးတွေခံမယ်၊မိုးရေပေါက်တွေကိုလိုက်ခုတ်ရင်း မင်းဟာ ဓားသိုင်းကစားမယ်။ပြီးတော့ မင်းငြိမ့်ငွေ့လာမယ်။ပြီးတော့ မိသားစုတွေကို မြေတွင်းထဲကပြန်ထုတ်ပြီး မင်းဟာ တစ်စုံတစ်ခုကိုလက်သင့်ခံလိုက်သလို မင်းပြုံးနေမယ်။

နောက်ဆို ကောင်းခင်ဟာ မကြာမကြာနိမ့်လာပြီး မိုးတွေ ခနခနရွာမယ်၊ပထမရွာကတည်းက ခဝဲစေ့တွေကို မျိုးစေ့ချထားလိုက်တဲ့ လူတွေဟာ မင်းအိမ့်ရှေ့မှာလာရောင်းမယ်၊ မင်းထက်ကြီးတဲ့ ဘုရင့်နောင်တွေကို မင်းမြင်လာမယ်၊သူတို့ဟာ အဖက်မတန်သလို မင်းကိုကြည့်ပြီး မင်းရှေ့ကနေကျော်တက်သွားမယ်၊နယူတန်တွေက မင်းကိုမေးငေါ့ပြီး ဖြတ်သွားမယ်၊နောက်ဆုံး စကရင်ထဲက ဟယ်ရီပေါ်တာတောင် မင်းမျက်ခုံးမွေးတွေ သေးလာပန်းလိမ့်မယ်။

မင်းဟာ စကိတ်စီးပြီး အိမ်ထဲဝင်လာမယ်၊
ရောဘာကျဉ်ဆံတွေနဲ့ ကံတရားကိုစိန်ခေါ်မယ်၊
အမြူမတွေကို မုဒိမ်းကျင့်ဖို့ကြိုးစားမယ်၊
လက်ညှိုးဖျားကို ဓားနဲ့လှီးပြီး နို့ထွက်လာဖို့ မာန်းမှုတ်မယ်၊ကျောက်စရစ်ခဲတွေကို လေးနာရီကြာအောင်ပြုတ်ရင် ထမင်းဖြစ်လာဖို့ ဆုတောင်းမယ်၊ဧရာဝတီမြစ်ထဲ ခုံဆင်းသွားတဲ့ ဂဝံကျောက်တုံးရဲ့ ရေမွန်းခံနိုင်မှုကို အတုယူရင်း မင်းဟာ မွေ့ယာပေါ်သို့ ငုတ်ဆင်းသွားမယ်၊မင်းဟာ သားသမီးတွေရဲ့ ဆာလောင်မှုကို မြင်နိုင်တော့မှာမဟုတ်ဘူး၊နောက်ဆုံးတော့ ဒါဟာ ကဗျာဖြစ်တယ်လို့ သေတန်းစာတစ်စောင်ကို မင်းရေးချင်ရေးထားခဲ့လိမ့်အုံးမယ်။ ။

K-ဒါရ

Saturday, March 12, 2016

လူစီဖာရဲ့​ ​ကျေးကျွန်​ (၈)

လူစီဖာရဲ့ ကျေးကျွန်(၈)

အင်္ဂါစကို ငပိရည်ပက်လိုက်တော့
မျောက်ဟာငို၏။
သစ်ပင်တစ်ပင်ရဲ့ခြေရင်းဆီသို့ ပဒိုင်းသီတစ်လုံး ပန်းသီးတစ်လုံးကြွေသည်။
ဦးနှောက်ထဲ သံလိုက်မြှောင်ကို အဖေဘာကြောင်း မထည့်ပေးခဲ့တာလဲ။
ထင်ရာကောက်စားရင်း ငါရူးသွတ်သွားဟု
သင်ပြောပါ။

စာသင်ချိန်မှာ ဆရာမဟာ တွင်းခံဘောင်ဘီကိုမြင်ရလောက်အောင် ထမီကို တင်းတင်းဝတ်ထား၏။
သင်ပုန်းကြီးနှင့်တင်ပါး ရောသမမွှေထားသော စာသင်ချိန်မှာ မောင်ဘ ဟာ အိမ်သာသို့ခနခနလာသည်။
မငြိမ်သက်ခြင်းနှင့် အာရုံစူးစိုက်မှုလျော့ပါလာမှုမှာ ဗလာစာရွက်ကခဲကြောင်းတိုင်းဟာ 18+ပန်းချီများဖြစ်လာသည်။

ကျောက်ပေါက်အသားမာတက်သွားတဲ့ အဖေလက်ဖဝါးကို မောင်ဘမြင်ဖူးတယ်။
သမင်တစ်ကောင်ရေသောက်တုံး ရသေ့ကြီးကျင်ငယ်ကို ရောမျိုမိသည်။
အဖေဟာ လက်ဖုဝါးကြမ်းများနဲ့ မောင်ဘ ခေါင်ကိုပွတ်သတ်သည်။
မျက်ဝမ်းထဲပြန်ရောက်လာသော အတွင်းခံအစင်းကျားနဲ့ တင်ပါးတစ်စုံ__
ဘာပဲဖြစ်ဖြစ် အာရုံခြောက်ပါးနဲ့ ဖမ်းချုပ်တဲ့နောက်
ဓူဝံကြယ်ဟာ ပိုးစုန်းကြူးလောက်မတောက်ပခဲ့ဘူး။

(အောင်စာရင်းမှာ မောင်ဘ နှာမည်မပါတဲ့အခါ)

K-ဒါရ

ဝင်​ကစွတ်​များ ခရီးသွား​နေသည်

"ဝင်ကစွတ်များ ခရီးသွားနေသည်"
____________________

ဖိနပ်ရောင်းသမနဲ့ ချိုင်းထောက်လုပ်သူရဲ့
ဆုတောင်း၊လူတွေဟာ ကျောက်ဆောင်ကြားတစ်ခုမှာ ခရုခွံတွေကို တွေ့ရှိဖို့ သမုဒ္ဒရာထဲ ခုံဆင်းခဲ့တဲ့ ဝင်ကစွတ်တွေ။
ကျွန်းဆွယ်တွေတကယ်ရှိနိုင်မလား။
ဝေဝါးခြင်းနဲ့ မိမိနင်းလျှောက်နေတဲ့ကမ္ဘာမြေဟာ
မိမိတည့်တည့်ကနေ ပေါက်ထွက်ကျွံကျသွားနိုင်တာကို
သတိမထားပဲ ဖုတ်သွင်းရထားကို ကျောက်တုံးထက်က မျှော်ကြတယ်။

လူဟာ သေခြင်းနဲ့ ရှင်ခြင်းကြားက
တန်ဘိုးရှိတဲ့ ကြေးဒင်္ဂါးပြား၊
ဒီနေ့နဲ့ မနက်ဖြန်ကို လက်တန်းရေးတဲ့
ဗင်းဆင့်ဗင်ဂိုများ၊ကံတရားကို လက်ဖျားက
ခြွေချရင်း ဘုရားသခင်ကို အော်ဆဲနေတဲ့
ဗာလာနများ။

သူများတစ်သက်သေတိုင်း မိမိအသက်တစ်ရက်ပိုရှည်သလို
တစ်ကမ္ဘာလုံးကို သွားရည်ယိုနေတဲ့ ချင်ခြင်းနဲ့
မိုးလင်းပြီးနောက် မိုးချုပ်ချိန်ကို ရောက်/မရောက်မသေချာခင် ပင်လယ်ရေပြင်မှာ
သူ့ထက်ငါလျင်ကူးခတ်နေကြလေရဲ့....။

K-ဒါရ

မျှော့တွယ်​ခြင်း

မျှော့တွယ်ခြင်း

မျှော့တစ်ကောင်ရဲ့သားအိမ်မှာ
ငါမြင်ခဲ့ရတယ်။
ပဋိဇီဝရဲ့ ထူးဆန်းတဲ့ လိင်အင်္ဂါမဲ့
ရုပ်ဖြစ်မှုတွေ၊မြေသားနဲ့ အာဒင်ကိုဖန်ဆင်းတဲ့ ဘုရားသခင်ဟာ အာဒင့်နံရိုးနဲ့ ဧဝကိုပါဖန်ဆင်းပြီး ဆန့်ကျင်ဘက်လိင်တွေကို ဘာလို့ထည့်ခဲ့သလဲ။
မျှော့တစ်ကောင်ရဲ့သားအိမ်မှာ
ပန်းသီးနီနီတစ်လုံးကို ဧဝမြင်ခဲ့တယ်။

ဒါဟာ မျှော့တွယ်ခံရခြင်းပဲ
ဒါကြောင်းပဲ
ငါတို့ပြာနှမ်းလာတယ်ဆိုတာ ငါတို့
လက်ခံဖို့ ငြင်းဆန်ခဲ့ကြတယ်။

တစ်စုံတစ်ခုကိုအမှီပြုပြီး
ငါတို့ဘယ်သို့ရုန်းထွက်မယ်ဆိုတာကို
ငါတို့တွေးချိန်မရှိတော့ဘူး
ငါတို့ဟာ မျှော့တစ်ကောင်ရဲ့ဝမ်းဗိုက်ထဲမှ
ဝင်ကစွတ်ကောင်များ၊ငါတို့။

ဆင်ခြင်စိတ်မဲ့ခြင်းဟာ
သွေးပျက်လာချိန်တိုင်းငါတို့ကြုံတွေ့ရမဲ့
ငါတို့ရဲ့ သက်တန့်လို ခြောက်ရောင်ခြယ်
လီဆယ်တဲ့ လေသားတံတားမျိုး။

မျှော့တွယ်ခြင်းဆိုတာ
ရေဆင်းချိုးသူတွေသာ ခံစားရတဲ့
အသဲယားစရာ ကြောက်ရွံဖွယ်
ကိုယ်ကျိုးနဲခြင်းတစ်မျိုး။ ။

K-ဒါရ

လူစီဖာရဲ့​ ​ကျေးကျွန်​(၇)

လူစီဖာရဲ့ ကျေးကျွန် (၇)

ဘုရားကျောင်းထဲက အစမိုးဒီးရက်စ် ဟာပန်းကန်ပြားပျံစီး၍ထွက်လာ၏။
ပိဋိကပ်တော်မှ အစိန္တေယျဂုဏ်တော်ကို ၎င်း   ထက်ဝှက်ဖဲ့ယူသွားချေပြီ။
အသံချဲ့စက်မှ ဂျပန်ပြည်တန်ဆာမရဲ့ ညည်းသံများသာထွက်ပေါ်လာ၏။
ရိုလာစကိုပေါ်မှ ခွေးတောက်သီးဝတ်ဆံများ။
သင်္ကြန်ကားပေါ်မှ ရေဆေးခြယ် တက်တူးအတုများ။
အရေပြားပေါ်မှ ဈေးနှုန်းမြင့်မိတ်ကပ်များကို
အပ္ပမာဓတရားလို လေဝင်လေထွက် ကသိုင်းရှူ့သူ။
အစမိုးဒီးရက်စ်ဟာ ဇိဉ္ဇမာန အယောက်တစ်ရာကို ငါတို့ထံသို့လွှတ်သည်။
"နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းရှိပုထိုးတော်မှာ မင်းဝတ်တန်းဆာနဲ့ ရတနာကိုးပါးရှိတယ်။ရထားလား။ရထားလား။"
"ရထားပါ။ရထားပါ"
မျက်နှာများကို ကွန်ဒုံးနှင့် ဖုံးလိုက်၏။
ပုထိုးတော်ကို သံတူရွင်းတို့နှင့် မုဒိမ်းကျင်၏။
မာကြောခက်ထာန်သော နှစ်ချို့ကျောက်မာများမှာ ဂေါတမရဲ့ လက်ဗွေရှာတွေကို
ကျော်ဖြတ်လာ၏။
မှောင်ပိန်းနေသော တွင်းနက်တစ်ခုမှာ ငါတို့သံသရာကို နှစ်ချို့စိမ်၏။
ကြားနေရသော ဓမ္မတေးတို့မှာ အဝီစိကလာသော
ကြေးနန်းများ။
သာသနာ့အလံကို ခြုံထားသော သောနုထိုရ်ရဲ့ အစွယ်ချိုးခန်း။
ငါ့သားထုလိုက်သော ကြေးစဉ်သံဟာ မိုသောက်ယံချိန်ကိုဖောက်ထွင်းပြီး ငါ့နထင်သို့ မှန်၏။
သူတို့အင်္ကျီကို အရင်မီးချို့ပြီး သူတို့အင်္ကျီရှာဖို့
ဒီပုထိုးကို ငါဖြိုခဲ့ပြီ။
မန္တလေးသိန်းဇော်ရဲ့ သီချင်းသံဟာ ဓမ္မာရုံကနေ လွင့်ပျံလာတယ်
"၂၅၀၀အထက် ၅၀၀၀သက္ကရဇ် တည်ပါစေသော်"

K-ကေဒါရ

Friday, March 11, 2016

ဘောင်းဘီဝတ်​မိုးတိမ်

ကဗျာချစ်သူများအတွက် အထူးတလည် မိတ်ဆက်ပေးနေရန် မလိုသော . .

"ဘောင်းဘီဝတ်မိုးတိမ် " - မာယာကော့ဗ်စကီး (ဗမာပြန်-မောင်သာနိုး)

ကဗျာ၏အတိုင်းအတာအရ အပိုင်းတစ်ပိုင်းခြင်းစီအလိုက် ဖော်ပြမျှဝေပေး လိုက်ရပါသည်။ ကျန်အပိုင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

“ဘောင်းဘီဝတ်မိုးတိမ်”

“စကားချီး”

အဆီပြန်ဆိုဖာပေါ် ဝဝပြဲပြဲ လက်ပါးစေလို
နူးညံ့ပျော့အိ ဦးနှောက်ထက်မှာ အိပ်မက်မက်နေတဲ့
ခင်ဗျားတို့ရဲ့ စိတ်ကူးကို
သွေးစွန်းတဲ့ နှလုံးသားရဲ့ အဝတ်စုတ်နဲ့
လှောင်ပြောင်လိုက်
မထိလေးစား စပ်ပူစပ်လောင် ဝလန်အောင်
သရော်လိုက်မယ်။

ကျုပ်ဝိညာဉ်မှာ ဆံဖြူတစ်ပင် မရှိဘူး
အဘိုးအိုဆန်တဲ့ နူးညံ့ သိမ်မွေ့မှုမျိုး ဝေလာဝေး၊
ခွန်အားပြည့်ဝတဲ့ အသံနဲ့ လောကကို ထစ်ချုန်းလို့
ကျုပ်သွားနေတယ်၊ လူချော လူလှ
နှစ်ဆယ့်နှစ်နှစ်သားကလေး။

လူသိမ်လူမွေ့တို့
ခင်ဗျားတို့က ချစ်ခြင်းမေတ္တာကို တယောပေါ်
တင်ကြတယ်။
အရိုင်းအစိုင်းတို့ကတော့ မေတ္တာကို ဗုံပေါ်
တင်ကြရဲ့။

ဒါပေမယ့် ထူထဲထဲ နှုတ်ခမ်းတွေချည့်
ဖြစ်သွားအောင်
ကျုပ်လို ပြောင်းပြန် လှန်ပစ်ဖို့တော့
တတ်နိုင်မယ် မဟုတ်ဘူး။

ပိုးဖဲထည်လွှမ်း ဧည့်ခန်းထဲက
ပညာယူဖို့ ထွက်လာခဲ့ကြ။
နတ်မျိုးနွယ်ဂိုဏ်းဝင် ဗျူရိုကရက် ကိုလူချောတို့။
ထမင်းချက်ဟာ ချက်ပြုတ်နည်းစာအုပ်
စာမျက်နှာတွေ လှန်သလို
နှုတ်ခမ်းတွေကို ငြိမ်ဆိတ်ဆိတ် လှန်လှောတတ်သူတို့။

ဆန္ဒရှိကြရင်-
ဒေါသမာန်ထန်ပြင်းတဲ့ သွေးနဲ့သားနဲ့ ဖြစ်ပြမယ်။
ပြီး ကောင်းကင်လို အသံပြောင်းလို့မို့
ဆန္ဒရှိကြရင်-
ပြောစရာ မရှိအောင် နူးညံ့ပြလိုက်မယ်။
ယောက်ျားမဟုတ်-ဘောင်းဘီဝတ် မိုးတိမ်ရယ်လို့။

ပန်းဝေဝေနဲ့ နိဆရှိတယ်လို့ ကျုပ်မယုံဘူး
တခါထပ်ပြီး ကျုပ် ဟိမဝန္တာ ချီးကျူးခန်း
ဖွင့်လိုက်ဦးမယ်-
ဆေးရုံလို လျောင်းစက်နေကြတဲ့ ယောက်ျားတွေကို
စကားပုံလို ဟောင်းမြင်းနေတဲ့ မိန်းမတွေကို။

“အပိုင်း (၁)”

ဒါ ငှက်ဖျားငန်းဖမ်း ဇာတ်လို့များ ထင်ကြသလား။
ဒါ ဖြစ်ခဲ့တယ်။
သြဒိဆာမှာ ဖြစ်ခဲ့တယ်။

'လေးနာရီမှာ လာခဲ့မယ်'တဲ့ မာရီယာက။
ရှစ်
ကိုး
တစ်ဆယ်။
ညနေခင်းလဲ
ညရဲ့ ကြောက်ဖွယ်မှုဆီ
ပြတင်းပေါက်က ထွက်ပြေးပေါ့၊
မှိုင်းညို့၊
ဒီဇင်ဘာပီလို့။

အိုမင်းမစွမ်း ကျောပြင်နောက်မှာ ဟားတိုက်
ရယ်မောရစ်ကြပြီ။
ဖယောင်းတိုင်တွေ။

ကျုပ်ကို အခု မှတ်မိနိုင်ကြမယ် မဟုတ်ဘူး
အကြောပြိုင်းပြိုင်း အစုအပုံကြီး။
ညည်းညည်းညူညူ
တွန့်တွန့်လိမ်လိမ်နဲ့
ဘာများ ဒီအသားတုံးက လိုချင်ပါလိမ့်။
အသားတုံးကလဲ အများကြီး လိုချင်ပေရဲ့။

ငါ့အဖို့ အရေးမကြီးပါဘူး
ငါ့ကိုယ်ငါဟာ ကြေးဝါနဲ့ လုပ်ထားတာ၊
နှလုံးသားဟာလဲ အေးစက်စက်သံထည် ဖြစ်နေနေ။

ညမှာ ကိုယ့်အသံက
ပုန်းချင်ရဲ့ နူးညံ့ရာမှာ၊
မိန်းမ ဆန်ရာမှာ။

ဒီလိုနဲ့ ခု
အစုအပုံကြီး
ပြတင်းပေါက်မှာ ခါးကုန်းကုန်း၊
ပြတင်းမှန်မှာ နဖူးနဲ့လူလာနေပေါ့။
ချစ်ခြင်းမေတ္တာ ရမယ်လား၊ မရဘူးလား။
ဘယ်လိုမျိုးလဲ-
အကြီးကြီးလား သေးသေးမွှားမွှားလေးလား။

ဒီလို ကိုယ်ခန္ဓာမျိုးမှာ ဘယ်ကြီးကြီးမားမား
ရမလဲ။
သေးသေးမွှားမွှားပဲ ဖြစ်မှာပေါ့။
နုံချာချာ အချစ်ပေါက်စလေး နေမှာပါပဲ
သူက မော်တော်ကားဟွန်းသံကို လန့်တတ်တယ်။
မြင်းခြူသံကိုမှ ချစ်သတဲ့။

ဆက်လို့ဆက်လို့သာ
မျက်နှာကို မိုးရဲ့
ကျောက်ပေါက်မာမျက်နှာထဲ မြှုပ်ရင်း၊
စောင့်နေမိတယ်၊
မြို့တော်ဒီလှိုင်းရဲ့ အော်သံရဲ့ အပက်ခံရင်း။

ဓားကို မြှောက်ချီလို့ သန်းခေါင်
လိုက်မီလာပေါ့၊
ခုတ်ထစ်ချေပေါ့-
ဟိုမှာ သူ။

တစ်ဆယ့်နှစ်နာရီ ကျလာပေါ့၊
စဉ်းနှီးတုံးပေါ်က မင်းပြစ်ဒဏ်ခံရဲ့ ဦးခေါင်းလို။

မှန်ချပ်တွေပေါ် မဲပြာပြာ မိုးစက် မိုးပေါက်များ
အော်မြည်ကြွေးနေကြ၊
မဲ့ရွဲ့ရွဲ့မျက်နှာထားတွေ စုပုံလို့ ထားကြ
ပါရီက မယ်တော်မြတ် ဘုရားကျောင်းမှာ
ဘီလူးရုပ်တွေ အူနေကြသလိုပ။

သောက်ကျိုးနဲ။
ဘယ့်နှယ်၊ ဒီလောက်နဲ့ မတော်သေးဘူးလား။
မကြာခင် ကွေးကွေးလေး နှုတ်ခမ်းက ရွဲ့လာခဲ့။
ကြားရတယ်..
တိုးတိတ်တိတ်
လူမမာ ခုတင်ပေါ်က
နာဗ်ကြော ခုန်ထလေပေါ့။

ပြီးတော့
ပထမ မရွေ့သလိုလို
ရွေ့သလိုလို
နောက်တော့ ထပြေးလေရဲ့၊
စိတ်စက် လှုပ်ရှားလို့၊
တဒုတ်ဒုတ် မြည်လို့။
ခုတော့ သူရယ် အသက်နှစ်ခုရယ်၊
အရူးအမူး ထကြွခုန်ပေါက်ကြပေါ့။
အောက်ထပ်မှာ အင်္ဂတေ ပြိုကျလေပေါ့။

နာဗ်ကြောတွေ
အကြီးကြီးတွေ
အသေးလေးတွေ
အများကြီးပဲ-
အရူးအမူး ခုန်ကြပေါက်ကြ၊
ခုတော့
နာဗ်ကြောရဲ့ ခြေတွေ ပုံလဲကျကုန်တော့တယ်။

အခန်းထဲမှာ ညဟာ စေးပျစ်စေးပျစ်လို့
လာတော့တယ်။
ရွံ့စေးထဲကနေ လေးလံတဲ့ မျက်လုံးကို
ဆွဲနှုတ်လို့ မရဘူး။
တံခါးတွေ ဗြုန်းဆို သွားချင်းကြိတ်ကြ
တကထဲ ဟိုတယ်မှာ သွားချင်းသွားချင်း ထိမရသလိုပဲ။

မင်းဝင်လာတယ်
'ကိုင်း-ရော့'ဆိုသလို ဗြုန်းစားဟန်မျိုး၊
ဆိတ်ရေလက်အိတ်လေးတွေ နှိပ်စက်ရင်း
ပြောပြတယ်
'သိပလား
ကျွန်မ လက်ထပ်တော့မယ်'တဲ့။
ဒီလိုလား၊ လုပ်ပေါ့လေ။
ကိစ္စမရှိပါဘူး။
စိတ်တင်းပါ့မယ်။
ကြည့်လေ-တည်ငြိမ်နေပုံများ။
လူသေကောင်ရဲ့
သွေးခုန်ပုံမျိုးပ။

မှတ်မိသေးလား။
မင်း ပြောခဲ့တာတွေ
'ဂျက်လန်ဒန်၊
ငွေ၊
အချစ်၊
ရမ္မက်'တဲ့
ငါ တစ်ခုပဲ မြင်မိတယ်
မင်းဟာ ဂျီယကောန်ဒါ၊
ခိုးယူမှ ရမယ့် သူပဲ။
ခိုးယူသွားကြပြီပေါ့။

တစ်ခါ ချစ်စိတ်မွှန်လို့ ကစားဖက်
လိုက်ဦးတော့မယ်။
မျက်ခုံးကွေးတွေ မိးလျှံနဲ့ ဝင်းလက်လို့ပေါ့။
ဒီတော့ကော။
မီးလောင်ပျက်ယွင်း အိမ်ထဲမှာ
တစ်ခါတလေ အိုးမဲ့ အိမ်မဲ့ တေလေတို့ နေကြသပ။

ပြောင်လှောင်ကြတယ်လား။
'သူတောင်းစားရဲ့ ပြားစေ့ထက်တောင်
မင်းရူးသွပ်မှုရဲ့ မြတွေက အဖိုးနည်းလေရဲ့'တဲ့။
မှတ်မိကြရဲ့လား။
ဗဲဆုဗိယုစ်ကို ပြောင်လှောင်ကြတဲ့အခါ
ပေါမ်ပဲယီ ပျက်သုန်းခဲ့ရတာကော။

ဗျိုး။
အမျိုးကောင်းသားတို့။
သာသနာထိပါးမှု၊
ရာဇဝတ်မှု၊
သတ်ဖြတ်မှုတွေကို
မြတ်နိုးသူကြီးတို့
ကြောက်စရာ အကောင်းဆုံးကို
မြင်ဖူးကြရဲ့လား
ကျုပ်
လုံးလုံးလျားလျား ငြိမ်ဆိတ်
နေတဲ့အခါ
ကျုပ်မျက်နှာလေ။

ထင်ပါတယ်လေ
'ကျုပ်'ဆိုတာ
ကျုပ်အဖို့ သေးငယ်ပါတယ်။
တစ်စုံတစ်ဦး ကျုပ်အထဲက ချိုးနှိမ်မရ
ထွက်လာလိမ့်မဗျ။

ဟယ်လို။
ဘယ်သူစကား ပြောနေပါလဲ။
မေမေလား။
မေမေ။
မေမေ သားတော့ လှလှပပ ဖျားပေါ့။
မေမေ။
သူ့နှလုံးသားကို မီးလောင်နေပြီ။
ညီမလေး ယျူဒ်နဲ့ အော်လျာကို ပြောလိုက်ပါ..
သူလွတ်လမ်း မမြင်တော့ဘူးလို့။

စကားလုံးတိုင်းဟာ
ပြက်လုံးတောင်မှပဲပေါ့
ပူလောင်ကျွမ်းနေတဲ့ ပါးစပ်က
သူ အန်ထုတ်လိုက်သမို့
ထိုးထွက်လာလိုက်တာ ဝတ်လစ်စလစ်
ပြည့်တန်ဆာမ
မီးလောင်နေတဲ့ နတ်နန်းထဲက ပြေးထွက်လာသလိုပ။

လူတွေ အနံ့ခံနေကြတယ် ...
ညှော်စော်နံသဟ။
ဘယ်သူတွေမှန်း မသိရောက်လို့လာ
ပြောင်ပြောင်လက်လက်ပဲ။
ဘွတ်ဖိနပ်တွေနဲ့ မရဘူး။
မိးသတ်သမားတွေကို ပြောလိုက်ပ ...
မီးလောင်နေတဲ့ နှလုံးသားပေါ် အနမ်းနဲ့
တက်ရတယ်လို့

ကျုပ်ဘာသာပဲ လုပ်မယ်။
မျက်ရည်ရွှဲ မျက်လုံးတွေကို စည်းပိုင်းတွေနဲ့
စုတ်ယူမယ်။
နံရိုးတွေပေါ် မှီထားပါရစေ။
ခုန်လိုက်မယ်။ ခုန်လိုက်မယ်။ ခုန်လိုက်မယ်။
ခုန်လိုက်မယ်။
ပြိုကျကုန်ပြီ။
နှလုံးထဲက ခုန်ထွက်မရပါလား။

လောင်ကျွမ်းနေတဲ့ မျက်နှာပေါ်မှာ
အက်နေတဲ့ နှုတ်ခမ်းကနေ
မီးသွေးဖြစ်နေတဲ့ အနမ်းကလေး
ထွက်ပြူလာလေရဲ့။

မေမေ
ကျုပ်တေးမသီနိုင်တော့ဘူး
နှလုံးသားရဲ့ ဘုရားကျောင်းထဲ တေးအဖွဲ့
မီးစွဲလောင်ခဲ့။

မီးလောင်နေတဲ့ အဆောက်အဦးထဲက
ကလေးများနှယ်
ဦးခေါင်းခွံထဲက
မီးသင့်စကားလုံးနဲ့ ကိန်းဂဏန်း အရုပ်များ။
အဲသလိုနဲ့ ကြောက်ရွံ့စိတ်ဟာ
ကောင်းကင်ကို လှမ်းကိုင်ဖို့
မြှောက်ချီခဲ့သပ
'လူဇီတာနီယာ'ရဲ့ လောင်ကျွမ်းနေတဲ့ လက်များ။

အိမ်ခန်း ဆိတ်ငြိမ်မှုထဲမှာ
လူတွေ တုန်တုန်ရီရီ
မျက်လုံးတစ်ရာ အလင်းဆိပ်ကမ်းကနေ
ဆုတ်ဖြဲနေပေါ့။

နောက်ဆုံးအော်သံတို့
ယုတ်စွအဆုံး အသင်
ငါ မီးလောင်ခဲ့ကြောင်း ရာစုနှစ်အဆက်ဆက်
အော်ရစ်တော့။

မာယာကော့ဗ်စကီး (ဗမာပြန်-မောင်သာနိုး)