*** Dear 1 to 9 ***
*** Dear_1 ***
Dear
"ဒါဏ်ရာနဲ့တည့်သောကိုယ်သာ ဖြစ်လိုပါ၏ ဘုရား"
ဆိုတဲ့ ဆုကိုပဲတောင်းစရာရှိတော့တဲ့ သိမ်ငယ်မှုမျိုးပေါ့ ။
သတိရစိတ်ကို ယူပါ
လူကိုချမ်းသာပေးပါ ။
*** ဒါဏ်ရာ ***
ရွေးချယ်မှု သီအိုရီတွေထဲ အနိုင်သေချာပြီးမှ နာနာကျင်ကျင်ရရှိလာတဲ့ အရှုံးအကြောင်းတွေပေါ့ ။
နှင်းဆီပွင့်ကိုက်ထားတဲ့ အရိုးခေါင်းအခွံတစ်ခုရှေ့မှာ ဖယောင်းတိုင်အဝါတစ်ချောင်းကို ထွန်းညှိပြီး တစ်ယောက်ယောက်ကို သေဆုံးဖို့ တိုင်တည်နေသလိုမျိုး
အိပ်မက်ထဲမှာလို တကယ်မပိုင်ဆိုင်ရမဲ့ ပန်းခြံကြီးတစ်ခုအတွက် ငါတို့ဟာ အတင်းအိပ်ချင်ယောင်ဆောင်နေကြသူတွေပဲ မဟုတ်လား
စီးကရက်မီးခိုးတွေကို မိုးတိမ်တစ်ခုစာအထိမှုတ်ထုတ်ပြီး ရေတွငါးပျက်ကလေးထဲသို့ မိုးရေတစ်ခွက်စာလောက်ရွာချလာဖို့ စောင့်စားနေရတဲ့ မျှော်လင့်ချက်တွေလို ငါ့ငိုသံတွေနဲ့မှ မမွေးစားရင် ငါဟာ ခိုရာမဲ့ ဖြစ်တော့မဲ့ ကလေးငယ်တစ်ယောက်ပေါ့ Dear ။
မိုက်မဲတဲ့ ဇတ်ကောင်တွေဆိုရင် ရိုမီယိုဆီက လွင့်စဉ်လာတဲ့ အံသွားတွေနဲ့ ငါခဲထားတဲ့ နာရီတွေအကြောင်းပေါ့ ။
ဂျက်စပဲရိုး ရုပ်ရှင်ထဲက ဇတ်ကောင်တွေရဲ့မျက်နှာတွေလို ရွံစရာကောင်းလွန်းတဲ့ အသက်ရှူသံတွေကို ပိုင်ဆိုင်ပြီးနောက် ဒါဏ်ရာတစ်ခုခုကြောင့် မနာကျင်ရရင်ငါ့ရှင်သန်ခြင်းဟာ ဘာအဓိပ္ပါယ်မှ မရှိလောက်တော့ဘူးလို့ တစ်ကိုယ်ရည်ချင်ခြင်းတစ်ခုဟာ ဝဋ် ပေါ့ ။
ရေသည်ယောက်ျားထက် မိုက်မဲတဲ့ ရွေးချယ်မှုလိုမျိုး ဟောဒီမီးခိုးငွေ့တွေကိုသာ ဖန်တီးနိုင်စွမ်းတဲ့ အားအင်တွေကုန်ခမ်းသွားတဲ့အခါကျရင် အခုထက်ပိုပြီးဆိုးရွားတဲ့ သေဆုံးခြင်းဟာ ငါ့ဆီရောက်လာမလို ။
K-ဒါရ
-----------------
#Dear_2
အငဲ သီချင်းကို ကြိုက်တယ်
ကော်ဖီကို ကြိုက်တယ်
ဤမှနသော ကတိစကားကြောင်း
ရောက်ရာရင်မှာ dear ပျော်ပါစေ။
_______________________
တစ်နေ့ ဖန်လှောင်ကန်လေးထဲက "အဲဏီ"လို့ နှာမည်ပေးထားတဲ့
ရွှေငါးလေးတစ်ကောင်ဟာ သေနေတာကိုမြင်တော့ မင်းဟာ ဝမ်းနဲသွားမယ် ။
"အဲဏီ"ကို ဘယ်လောက်ချစ်ဖို့ကောင်းလို့ မင်းက ဘယ်လောက်ချစ်ကြောင်း ။
"အဲဏီ"ရဲ့ စရိုက်လေးတွေဟာ ဘယ်လိုချစ်ဖို့ကောင်းကြောင်း။
စသဖြင့်...
"အဲဏီ"ရဲ့အမှတ်တရတွေကို ရေရွတ်ရင်း မင်းမျက်ဝန်းက မျက်ရည်တစ်စက် နှစ်စက် ကျရင် ကျသွားမယ် ။
ပြီးတော့ ရက်သတ္တပါတ်လောက်အထိ မင်းဟာ အဲဏီကို သတိရမယ် ။
သုံးလလောက် အထိ အကြောင်းတိုက်ဆိုင်တိုင်း အဲဏီ နဲ့ ပတ်သတ်တဲ့ အမှတ်တရတွေကို ပြောမယ် ။
ခြောက်လလောက် ကြာတဲ့အခါ မင်းရဲ့ဖန်လှောင်ကန်လေးထဲ နောက်ထပ် ငါးတစ်ကောင် ရောက်နေမယ် ။
အဲ့ဒီငါးကို မင်းက "စနိုး" လို့ နှာမည်ပေးရင် ပေးထားမယ် ။
တစ်နေ့ ဖန်လှောင်ကန်ထဲက "စနိုး"လို့ နှာမည်ပေးထားတဲ့ ငါးလေးတစ်ကောင် သေနေတာကို မြင်တော့ မင်းဟာ ဝမ်းနဲသွားမယ် ။
ပြီးတော့
ငါတို့က ပိုးဖလံတွေပဲ
ပူလောင်တဲ့ အရာကို အချစ်လို့ အမည်ပေးကြတယ် ။
K-ဒါရ
-------------------
#Dear_3
မြင်နိုင်တဲ့ အကွာအဝေး မဟုတ်ဘူး ဆိုတာ
ယူဇနာ ဘယ်လောက်လဲ ။
မင့်ဟာ ငါ့သူငယ်အိမ်ရဲ့
Tattoo ဖြစ်တယ် ။
_________________
ဆံသဆရာလက်ထဲက
အသွားထက် သင်းထုန်းဓား
ယုံကြည်မှု
အကျွန်းတစ်ဝင် မရှိသော
ခေါင်းဖြတ်နှုတ်ခမ်းနဲ့ ပွေ့ဖက်အိပ်ချင်တဲ့
ချင်ခြင်း
အတွင်းသားတစ်ခုလုံး ပုတ်ပွယောင်ကိုင်းပြီးမှ
"အဝေးက ချစ်သူသည် ကျီးကန်းတစ်ကောင် အဖြစ်နဲ့ ငါ့ဆီသို့ ရောက်လာပါစေသား" လို့ ဆုတောင်းနေ
ပုံပြင်ထဲက ဂဠုန်ကြီးကို ငါတို့ ဘယ်တော့မှ
ပျက်ရယ် မပြုတော့ပါဘူး
အချစ် နဲ့ အမုန်း ကွာဟမှုကြောင့်သာမဟုတ်ရင်
ငါလည်း ဆားမရ ရေမရ စောင့်နေတာ ။
K-ဒါရ
-----------------
#Dear_4
#Dear
ငါတို့လက်ကောက်ဝတ်တွေမှာ စွယ်တော်ရွက်တစ်ခြမ်းစီ
TATTOO ထိုးကြမယ် ။
လွမ်းတဲ့အခါ
လက်ကောက်ဝတ်တွေကို စာအုပ်ကြားထဲ ဖြတ်ထည့်ထားရင်
လိပ်ပြာလေးတွေ ဖြစ်လာပြီး နင့်ဆီငါလာလို့ရတာပေါ့။
အလွမ်း
___________
အဲ့ဒီတုန်းကတော့ ဟာကျူလီရဲ့ အိပ်မက်တွေလို ငါတို့ဆီသို့ မသိသေးတဲ့ အနာတရတွေကို ငါတို့ မတော်ဆ ရှူရှိုက်မိကြတယ်။
စိုးထိတ်မှု ကြိုတင်ပူပင်ခြင်းတွေဟာ ငါ့တို့ရဲ့ ရှေးဖြစ်ကို ကြိုဟောနေတဲ့ ပုဏ္ဏားတွေပဲ ။
မျက်စိကိုမှိတ်ပြီး အူမရှိတဲ့ ခန္ဒာကိုယ်ကို ဆုတောင်းကြမယ် ။
ခန္ဓာကိုယ်ကို ဘေးမှာချထားပြီး ဆူဆိုက်လုပ်နေတဲ့ အဇ္ဈတ္တ အသားတစ်တွေ ။
အကြေခွံမပါတဲ့ ငါးတစ်ကောင်အမြီးပိုင်းလို ဆန္ဒတွေ ။
သတိရတယ်ဆိုစကားကို ဂြိုလ်တုတွေဆီက ဆယ်ခပ်စားသောက်ရတာလည်း အရသာတစ်ပါးဘဲ ။
မျက်လုံးထဲက လက်ချောင်းတွေဟာ မိုးရာသီအခွံတွေကို ဆုပ်ဖြဲနေကြတယ် ။
ခြေဖနောင့်ကို ဖြတ်ပြီး ယာဇ်ပူဇော်တော့ မိုးမျှော်တိုက်တွေဆီက မင်းရဲ့ ပုံ ပိုစ်ကတ်တွေပြန့်ကျလာတယ် ။
မြူနေတဲ့ ပြက္ခဒိန်ဆီက အဖတ်လိုက်ကွာကျလာတဲ့ ရာသီသွေးတွေကြောင့် အနာဟာ ညှီနံ့ ပိုထွက်လာတာပေါ့ ။
ညတစ်ခုရဲ့ လက်ဖဝါးဆီမှာ မှောက်ချခံထားရတဲ့ စကားလုံးတွေရှိကြောင်း နာနာကျင်ကျင်ပဲ လက်ခံထားခဲ့တယ် ။
သူငယ်အိမ်မှာထိုးထားတဲ့ တက်တူးဟာ ညှို့ငင် စွမ်းပါရဲ့ ။
နာမ်တရားရဲ့ ပြယုဂ်ဆိုတာ ကိုယ်ထည်တစ်ခုကို အခွံအတိုင်း လမ်းလျှောက်စေနိုင်စွမ်းတဲ့အခါ မဟုတ်လား ။
K-ဒါရ
------------------
#Dear_5
ဝေးစရာရှိလာရင်တော့ ဝေးကို ဝေးရမှာပဲ Dear
အစက
မနီးခဲ့ရင် ဆိုတဲ့ ထောင့်စွန်းလေးတစ်ခုဆီမှာပဲ
ငါတို့အသက်ကို ကြိတ်မှိတ်ရှူကြရတယ် ။
___________
allay
သေပြီးသားလူကို ရည်စူးလို့ ယူလာတဲ့ နှင်းဆီပန်းအဝါရောင် အခွေလိုက်တွေ ။
စွန်လွတ်တန်း ကစားနေကြတဲ့ မြက်ခင်းပြင်ပေါ်က အရိုးစုတွေ ။
အနာကို လျှာနဲ့လျက်ရင်း သေခြင်းတရားကို စိတ်မရှည်မတော့တဲ့ ခွေးလေခွေးလွင့် တစ်ကောင်ရယ် ။
ငါတို့ရဲ့ လက်ခလည်တွေ တစ်ဆစ်ချင်း ပြုတ်ကျသွားတဲ့အခါ အဲ့ဒီတံခါးဟာ ပွင့်လာမလား ။
အခန်းအလွတ်တစ်ခုအထဲက ရေခဲသတ္တာမှာ ငါအိပ်မက်တွေကို ထည့်စိမ်ထားတယ် ။
လူသတ်သမားဟာ သူသတ်တော့မဲ့ လူကို နှင်းဆီအဖြူတစ်ပွင့်စီ ပါဆယ်ပို့ပြီး သတိပေးခဲ့ ။
လက်နောက်ပြန်ကြိုးချဉ်ပြီး တစ်ကိုယ်လုံး တိတ်တွေပတ်ထားတဲ့ ပြည်တန်းဆာမကို "လူတစ်ယောက်က မင်းကို မုဒိမ်းကျင့်တိုင်း မင်း ဒီလိုပဲ ကြောက်လန့်နေခဲ့သလား"လို့ မေးတယ် ။
"သူ့အဖေဟာ ကိုယ်ကျင့်တရားကို သိပ်တန်ဖိုးထားတဲ့ လူ ။
တစ်နေ့တော့ ပြည်တန်းဆာမတစ်ယောက်က ဘယ်လိုသိမ်းသွင်းလိုက်သလဲ မသိဘူး ။
သူဟာ အဲ့ဒီပြည်တန်းဆာမနဲ့ ငြိမ့်စွမ်းခဲ့တယ် ။
နောက်တော့ သူဟာ အလွန်ရှက်ပြီး မြေအောက်ရထားလမ်းတစ်ခုအထဲ ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ် ။"လို့ လူသတ်သမားရဲ့ အမေက ဖြောင့်ချက်ပေးတယ် ။
အခုသတ်တော့မဲ့ ပြည်တန်းဆာမဟာ သူ့အဖေကို အကြပ်ရိုက်စေတဲ့ ပြည်တန်းဆာမ မဟုတ်ဘူး ။
ဒီလိုပဲ လူသတ်သမားဟာ ပြည်တန်းဆာမများစွာကို သတ်ဖြတ်လာခဲ့တာ ။
ငါတို့ဟာ ကံတရားကမေ့လျော့နေတဲ့ အခါမှာလည်း အနာတရကို ဦးညွတ်မပျက်ခဲ့ကြ ။
အထပ်နှစ်ဆယ် တိုက်ပေါ်က ပြုတ်ကျလာနေတဲ့ လူတစ်ယောက်ဟာ သေခြင်းတရားကို ဘယ်လောက်ကြောက်လန့်နေခဲ့သလဲလို့ စောင့်မေးကြည့်ပါလား Dear ။
ဘဝကို ရလာပြီးရင် အနာနဲ့ ပါးရည်နပ်ရည် ရှိဖို့လိုတယ် ။
K-ဒါရ
------------------------
*** dear_6 ***
dear...
ဘဝ ဟာ အခွံပဲ
ပြည့်လျှံနေတဲ့ ဝါကျတွေ အထဲက
မင်းနှာမည်ကို ဆွဲနှုတ်လိုက်ရင်
ဘာမှ ကျန်တော့မှာ မဟုတ်ဘူး။
အသက်တစ်ရက် ရှင်သန်ဖို့အတွက်
မင့် ဖိနပ် ရောင်စုံတွေကို
မျက်ရည်တွေနဲ့ ပွတ်တိုက်သန့်စင်ပေးနေရတာလား၊
မင်းရဲ့ လက်သဲခွံလေးတွေ
အရောင်လက်ဖို့
ငါဟာ ပြဒါးမှုံ တစ်စလို
အဲ့ဒီဖန်ပုလင်းထဲ မွန်းကျပ်ပေးနေရတာလား၊
အချစ်ကို စတွေ့တဲ့နောက်
ငါဟာ ဘုရားနဲ့ လွဲခဲ့တယ်။
နာရီထဲရောက်သွားပေမဲ့
အိမ်မြှောင်တွေ မိတ်လိုက်ခြင်းမှာ
အချိန်ဟာ အကျုံး မဝင်ဘူး dear
ငါချစ်ခဲ့တယ်
ငါ့စုတ်သတ် သံနဲ့ ငါ့ကို မီးစွဲလောင်ဖို့.......။
____________________
*** ဝဋ် ***
သစ်ပင်ရဲ့ လက်မှာ ကိုင်ထားတဲ့ ခေါင်းပြတ်ဟာ အနာတရကို မေ့လျော့နေတယ် ။
အိပ်မွေ့ကျနေသူရဲ့ ပါးစပ်က လူးလွန့်ထွက်လာတဲ့ လောက်ကောင်တွေလို ချစ်သူနဲ့ ရှင်ကွဲဝေးရတဲ့ ဒုက္ခဟာ ငါတို့သတိလစ်နေတဲ့ အခါတောင် ငါတို့ကို ပစ်မသွားဘူး ။
သေပြီးသားလူတွေနဲ့ ဓာတ်လှေကားတစ်ခန်းတည်း စီးဖြစ်တဲ့အခါ မင်းဟာ ဘယ်သူ့ကိုသတိရမလဲ ။
မြင်နေတဲ့ မိုးတိမ်တွေထက် အခြေမဲ့တဲ့ ကံတရားတစ်ခုဆီမှာ ငါတို့ဝင်ပုန်းလိုက်ကြတယ် ။
ခြေထောက်တွေမှာ နားရွက်ပါရင် ငါတို့ခြေသံတွေကြောင့် ငိုကြွေးလို့ ဆုံးမှာမဟုတ်ဘူး ။
ငါ့မှာ အခန်းဝှက်တစ်ခုရှိသေးတယ် ။
တစ်ယောက်တည်းရှိတဲ့ အချိန်တွေထက် နာကျည်းလို့ရတဲ့ ဒါဏ်ရာတွေကို အလွမ်းလို့အမည်ပေးပြီးတဲ့နောက် အခန်းဝှက်လေးထဲက လက်ပြတ်တွေဆီမှာ မျက်နှာတစ်ခုကို ငါရှာနေခဲ့တယ် ။
K-ဒါရ
-----------------
*** Dear_7 ***
ပိုင်ဆိုင်မှုကို ပြပါဆိုရင်
လက်ခလည်ပဲ ထောင်ပြစရာရှိတယ် ။
ငါ့အရောင်က မှောင်လွန်းပါတယ် Dear
___________________
*** တံလျှပ် ***
Dear
ကိုယ့်အသားနဲ့ လုပ်ထားတဲ့ ဟမ်ဘာဂာကို ဘုရားတင်ပြီး မင်းစိတ်ချမ်းပါစေလို့ ဆုတောင်းခြင်းမှာ ဆက်လက်ပျော်ပိုက်ဖို့ ဒါဏ်ရာနဲ့ ယဉ်ပါးခြင်းကိုသာ အလိုရှိတယ် ။
မိုးကြိုးပစ်ခံလိုက်ရတဲ့ သစ်တစ်ပင်ကို ရေလောင်းနေသလိုမျိုး နမ်းစုပ်ခွင့်မရှိတဲ့ နှုတ်ခမ်းကိုပဲ အဝေးကြီးကနေ ခေါစာကျွေးနေရ ။
ပန်းသစ်တော်သီးထဲက လောက်ကောင်တွေလို ငါ့ကံတရားဟာ ချိုချိုကြီးနဲ့ ညှီစော်နံလွန်းတယ် ။
အရိုးပြာတွေကို ဂင်္ဂါမြစ်ထဲ မျှောချရင်း ကောင်းရာသုဂတိ လာပါစေလို့ ဆုတောင်းနေသူတွေလိုပေါ့ ။
နဂါးခေါင်းဟာ တစ်မျက်နှာကိုပဲ လှည့်နေတယ် ။
ချစ်တယ်ဆိုတာ ကိုယ့်လက်ညှိုးအနာက ပြည်ပုတ်ကို ကိုယ်တိုင်ကုံးစုတ်နေတဲ့ ခလေးငယ်ရဲ့ ပျော်ရွှင်မှုမျိုးပဲ ။
မျောက်ဟာ ရင်ဘတ်ထဲစိုက်ဝင်လာတဲ့ မြားစူးကို နစ်သထက်နစ်အောင် မွှေ့သွင်းနေတယ် ။
ဥက္ကာခဲ နှစ်ခု မျက်နှာချင်းဆိုင် ဝင်ဆောင့်မိတဲ့အခိုက်တန့်တစ်ခုရဲ့ အလင်းတန်းမျိုးပါပဲ
ပုတ်ပွနေတဲ့ အလောင်းကောင်ဟာ ဘယ်ပန်းရနံ့ကိုမှ မဆာလောင်တော့သလိုမျိုး ငါချစ်ခဲ့တယ် ။
K-ဒါရ
-----------------------
*** Dear_9 ***
ဘဝ ဆိုတာ
ကော်ဖီခွက် နှုတ်ခမ်းက
ယင်တစ်ကောင်ရဲ့ အာသာပါပဲ Dear
ကိုယ့်အကြိုက်ထဲ
ကိုယ်နစ်သေပစ်ကြရုံ ။
_______________________
*** မျက်ကန်း ***
"ည နဲ့ တူတဲ့ အရောင်ဆိုတာ ဘာအရောင်လဲ"လို့ ခလေးငယ်တစ်ယောက် လာမေးတိုင်း ငါဟာ သေသူကိုယ်ထဲက သွေးတွေလို အေးခဲသွားရတယ် ။
ဆံပင်တွေကို အခွေလိုက်အံထုတ်နေရသူဟာ ငရဲရဲ့ အရသာကို သိစရာလိုပါအုံးမလား Dear
ဓားတွေဟာ အချင်းချင်းပွတ်တိုက်ပြီး ထက်ရှလာကြသလိုမျိုး ဝိရောဓိကြေးမှုံတစ်ချပ်ရဲ့ လူလားမြောက်ခြင်းဟာ ငါ့ခြံဝသို့ရောက်ပြီးမှ သေဆုံးသွားကြတဲ့ ရက်ရာဇာတွေ ။
သွေးခြည်ဥတွေဟာ အရေပြားကို ဖေါက်ထွက်သွားမတတ် တစ်ပွတ်ပွတ်ဆူအောင် လွမ်းတယ်ပဲ ထားအုံး
ငါ့ခေါင်းအုန်းတစ်လုံးစာ ပွင့်လင်းခြင်းမျိုးနဲ့ တစ်ယောက်တည်း ရေရွတ်နေမိတဲ့ ငရဲပူဇာတေးတွေဟာ ငါ့ကို ဘယ်ပန်းရည်ခွက်ထဲ နှစ်သတ်နိုင်အုံးမှာတဲ့လဲ ။
လျှာပေါ်တင်လိုက်တာနဲ့ အလိုလို ပျော်ကျသွားမဲ့ ချိုချဉ်တစ်လုံးရဲ့ ဇီဝကမ္မလို အလိုလိုနေလည်း သေလို့ရရဲ့သားနဲ့ ငါဟာ အချစ်ကိုရှာခဲ့တယ် ။
အချစ်ကို တွေ့ခဲ့တယ် ။
ဘယ်လောက်နာကျင်လို့ရတဲ့ ဒါဏ်ရာတစ်မျိုးကို မင်းစိတ်နဲ့ ဖန်တီးဖူး သလဲ ။
မျက်ရည်စက်လက်ကျနေတဲ့ကြားက အဲ့ဒီ နမ်စားကလေးကိုပဲ မေ့ဖို့ကြောက်နေခဲ့တယ် ။
K- ဒါရ
------------------
*** Dear_10 ***
ငါနာကျင်နေတာကို ငါသိနေတာဟာ
ငါမသေသေးလို့ပဲ ။
ငါ မသေသေးတာကိုပဲ
ပိုပြီးနာကျင်ရပါတယ် Dear
_________________
*** အနေ အထား ***
ကိုယ့်ကိုကိုယ် ကိုယ့်စိတ်အစာအဖြစ် ချကျွေးပြီး ပိန်လှီနေအောင်အထိ နာမကျမ်း ဖြစ်ပစ်လိုက်တယ် ။
တစ်ယောက်တည်း ဆိုတာ အိပ်စက်နေတဲ့အခါတောင် နံရိုးတစ်ချောင်းအချိုးခံရတဲ့ အနိဌာရုံမျိုးပဲ မဟုတ်လား ။
"အဝေးဆုံး" ဆိုတဲ့ စကားထဲကို ကော်ဖီတွေလောင်းချပြီး မျက်စိကြောင်နေတဲ့ ဆင်ခြင်တုန့်တရားတွေထဲသို့ ယင် တစ်ကောင်လို အခါ တစ်သောင်းတိတိ နစ်သေမိတယ် ။
အမေ့ဗိုက်ထဲကနေ ခြေလက်အင်္ဂါအစုံအလင်နဲ့ မွေးလာပြီးမှ ကိုယ့်ရဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုလို မင်းကို လိုချင်နေသေးရဲ့ ။
ဘာတွေလဲ Dear
ပါးပါးလွှာလွှာလေးဆိုတာ အကြွေတစ်စေ့ရဲ့ ခေါင်း နဲ့ ပန်း လို ဆန့်ကျင်ဘက် နှစ်မျက်နှာကို ခေါ်တာပဲ မဟုတ်လား ။
ငါနဲ့ မင်းဟာ ပါးပါးလွှာလွှာလေး ဝေးခဲ့တာ ။
K-ဒါရ
ဘာတွေလဲ Dear
ပါးပါးလွှာလွှာလေးဆိုတာ အကြွေတစ်စေ့ရဲ့ ခေါင်း နဲ့ ပန်း လို ဆန့်ကျင်ဘက် နှစ်မျက်နှာကို ခေါ်တာပဲ မဟုတ်လား ။ ငါနဲ့ မင်းဟာ ပါးပါးလွှာလွှာလေး ဝေးခဲ့တာ ။
K-ဒါရ