Wednesday, September 28, 2016

ဝိုင်ခွက်ထဲသို့ မာကျူရီဂြိုလ်ကြီး ပြုတ်ကျခန်း

ဝိုင်ခွက်ထဲသို့ မာကျူရီဂြိုလ်ကြီး ပြုတ်ကျခန်း
_____________________________________

လူ့ဘဝကြီးကို အသုံးချနေတဲ့ ပုံစံဟာ
"စောက်ပိုတွေပါကွာ"ဆိုတဲ့ အဓိပ္ပါယ်ထက်
ဌာန်ကရိုဏ်းကျတဲ့ အဖြေဟာ ဘာရှိသေးလဲ။
အိပ်နေတုံးပဲလား သူမရဲ့ ပွတ်သတ်မှုမှာ
မင်း အိပ်စက်နေတုံးပဲလား။
အဲ့ဒီ အေးခဲသစ်တောကြီးတွေထဲက
ငါတို့ နားရွက်တွေကို ဆွဲထုတ်ပြီး ထွက်ပြေးကြမယ်လေ။
တက်မက်မှုနဲ့ တည့်တည်တိုးတဲ့အခါ
ငါတို့မျက်လုံးတွေဟာ ငါတို့ကိုယ်ထဲသို့
လွှံသွားတစ်ခုလို တစ်ရစ်ချင်းစီ
ဖေါက်ထွင်းဝင်ရောက်သွား။
သိရိမာ သေပြီးလို့ လေးရက်ကြာမှ
ငါတို့ အိမ်ရှေ့မှာ သီရိမာ သီချင်းလာဆိုတာ။
တစ္ဆေဆိုတဲ့ အသိမှတ်ပြု စိုးထိတ်ခြင်းသာ
မရှိခဲ့ရင် ပရလောကဟာ ဟန်းနီးမွန်း ထွက်ချင်စရာ ဂြိုလ်သစ်ကြီးဖြစ်နေမှာ။
ပြီးမှ အိပ်ကပ်ထဲက ရှိစုမဲ့စုတွေကို ထုပ်ပြီး
အိပ်မက် အကြီးကြီး တစ်ခုဝယ်တယ်။
အဓိပ္ပါယ်မရှိဘူး ဆိုတဲ့ လုပ်ရပ်တွေကိုပဲ
ငါတို့ဟာ အ,ကုသိုလ်တွေနဲ့ ရင်းပြီးလုပ်ခဲ့။
အဲ့ဒီစောက်ပိုတွေကိုပဲ ပဋိသန္ဓေ ဘဝကတည်း
အမေ့ချက်ပေါက်ကနေ ရှစ်လ တိတိ ခိုးနားထောင်ပြီး အလွတ်ကျင့်ခဲ့တာ။
နားခိုစရာ ကမ္ဘာကြီး တစ်ခုလုံး ကျောခင်းပေးထားပါရက်နဲ့ ဒူဘိုင်းတာဝါ လို မိုးမျှော်တိုက်ကြီးတွေ ပြိုင်းထွက်လာတယ်။
မနေ့ကအထိ ဒီကိစ္စဟာ မပြီးပြတ်နိုင်သေးဘူး
အခုမှ စလုပ်မှာလေ။
ပြီးတော့လည်း ပြီးသွားတာပါပဲ။
ဆိုလိုတာက အဲ့ဒီ ကျဉ်ဆံရထားဟာ မင်းမမွေးခင် နှစ်ပေါင်းသုံးသန်းကျော်ကတည်းက
မျိုးပျောက်နေခဲ့တာ။
ရစ်ညီနောင်ဟာ ပုစဉ်းရင်ကွဲ အကြီးစားတွေရဲ့
အရိုးစုကို ရှာတွေ့ခဲ့တာ။
အက်ဒီဆင်ဟာ ပိုးစုံးကြူးတွေရဲ့ အမတေ ကို ရှာတွေ့ခဲ့တာ။
စစ်ပွဲတွေ အားလုံးပြီးသွားပြီးမှ နပိုလီယံဆီသို့
သေမင်းဆီက gmail ရောက်လာတယ်_____
"အခုလို ငါတို့ကိုယ်စား လူ ကူသတ်ပေးတာ ကျေဇူးတင်ပါတယ် စောက်ပိန်း"

                                         K-ဒါရ

Monday, September 26, 2016

ရှင်တို့လင်မယား အဲ့ဒီလိုပျော်နေဖို့ ကျမတို့သားအမိတွေ ဘယ်လောက်တောင် ဆုံးရှုံးလိုက်ရသလဲ

ရှင်တို့ လင်မယား အဲ့ဒီလို ပျော်နိုင်ဖို့ ကျမတို့သားအမိတွေ ဘယ်လောက်ထိတောင် ပေးဆပ်လိုက်ရသလဲ
___________________________________________
မိဖမဲ့ သားသမီးထက် မိဖမိုက် သားသမီးဖြစ်ရတာဟာ ပိုပြီး လူဖြစ်ရှုံးတယ်၊
အဖေတစ်ယောက်ကို ပိုင်ဆိုင်ထားပြီးမှ
ဒါ ငါ့အဖေပါလို့ ရဲရဲဝံ့ဝံ့ ပြောခွင့်မရတဲ့ သားသမီးလောက် လူဖြစ်ရှုံးတဲ့ သားဟာ ရှိအုံးမလား။

ဘယ်လောက်ကံဆိုတဲ့သားဖြစ်ဖြစ် အားငယ်တဲ့အခါ ဖခင်ရဲ့ ဖခင်ရဲ့ နှစ်သိမ့်စကားကို ကြားချင်တယ်၊အခုတော့ အိမ်ဦးခန်းက ရှင့်ရဲ့ဓာတ်ပုံကို သားဟာ တစ်စစီဆုပ်ဖြဲပစ်တယ်။
သားဟာ မိဖမေတ္တာဖွဲ့ ရုပ်ရှင်တွေကို ထိုင်ကြည့်ရင်းနဲ့ ငိုတဲ့ ဆိုက်ကိုကို ပိုင်လာတယ်။
ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်ဆိုပေမဲ့
သွားပုတ်လေလွင့်တွေအထဲ အဖယုတ်ရဲ့ သားလို့ ပါလာတာနဲ့ သားဟာ ကမ္ဘာတစ်ခုလုံး မီးမြိုက်သလို ပူလောင်နေခဲ့ရပေါ့
"အန္တမေတ္တာဆိုတဲ့ ဂုဏ်ပုဒ်ကို ဒီအဖေ့လည်ပင်းမှာ ကျနော်ဘယ်လို ချိတ်ဆွဲပြသရမလဲ" လို့ ကျမကိုမေးပြီး သားဟာ အုပ်နံရံကို ခေါင်းနဲ့ ဆောင့်ပစ်တယ်။

အိမ်ထောင်ရေးထဲ အာသာမပြေတဲ့ လိင်သာယာခြင်းကို အစားထိုးဖြေသိမ့်ဖို့ ပြည်တန်းဆာတွေကို ဘုရားခေတ်ကတည်းက ဘုရင်တွေ အသိအမှတ်ပြုခဲ့ကြတာပဲ
ကျမရှိရက်သားနဲ့ သားတစ်ယောက်ကို အဆုံးခံပြီး ရှင်ဟာ အဲ့ဒီ လက်ဝါးတစ်ပြားစာယောနိထဲ မိုက်မိုက်မဲမဲ ခုံဆင်းပစ်ခဲ့တယ်။
လမ်းပေါ်သို့ ကျမ ထွက်လိုက်တိုင်း လင်ပစ်မ ဆိုတဲ့ အထင်အမြင်သေး မျင်စောင်းတွေဟာ ကျမရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်တယ်၊
သားဟာ မင်းအဖေ ဘယ်လိုလူစားလဲလို့ အမေးခံရတိုင်း စနက်နှုတ်ပြီးသား လက်ပစ်ဗုံးတစ်လုံးလို ပေါက်ကွဲပြီး အဲ့ဒီလူကို ညက်ညက်ကြေသွားစေချင်အတဲ့အထိ ပါတ်ဝန်းကျင်နဲ့ ရှင်သန်ခြင်းကို ခါးသီးတယ်။

တစ်ခုခုကို လုပ်ဖို့ကြိုးစားတိုင်း သေပြီးသားမသာကို ပန်းဆင်နေတဲ့ အပိုအလုပ်တစ်မျိုးလို သားဟာ အောင်မြင်ခြင်းတွေကိုပါ ငြိမ်းငွေ့လာခဲ့၊
"အဖေတစ်ယောက်ရဲ့ သူစိမ်းအမျိုးသမီးလောက် အသိမှတ်ပြု မခံရတဲ့သားဆိုတာ ဖြစ်လာမဲ့အစား အမေ့ဗိုက်ထဲမှာကတည်းက ကျနော်ဟာ သေနေသင့်ခဲ့တာ " တဲ့။
တခါတလေ အခန်းထဲမှာ သားငိုသံတွေကို ကျမကြားရတယ်
"သားသမီးကြောင့် ငရဲရောက်သွားတဲ့ မိဖတွေ စာရင်းထဲ အဖေ မပါစေရပါဘူး အဖေရယ်"လို့ သားဟာ အဖုံးဖွသ့်ထားတဲ့ အရက်ပုလင်းကို အဖုံးပြန်ပိတ်ပြီး ငိုနေတာ။

"အဖေ ဆိုတာ သားသမီးတွေရဲ့ စံပြသူရဲကောင်းပဲ လို့ ကျနော်ဟာ မကြာခန မှတ်သားဖူးခဲ့တယ်။
ကျနော့အဖို့မှာတော့ အဖေ ဆိုတာကို သတိရလိုက်တာနဲ့ လှေကားတစ်ထစ်ဟာ ပြာကျသွားတော့တာပဲ"
"ကျနော်ဖြစ်တည်ခြင်းနဲ့ ကျနော့ အယူဆဟာ ပရဟိတ နဲ့ ကိုယ်ချင်းစာ တရားအတွက် ဖြစ်တယ်။ကျနော်ဆိုးသွမ်းမိတဲ့အခါ ကျနော့ကို လူတွေ ဆဲဆိုကဲ့ရဲ့ကြပါစေ၊ကျနော်ကောင်းတဲ့အခါမှာတော့ အဖေ့သား ဖြစ်တယ်လို့ ဆိုင်ဆိုင် မဆိုင်ဆိုင် အဖေ ဂုဏ်ယူတတ်ပါစေ။"

ဗိမ္ဗိသာရရဲ့ လက်ညှိုးကို စိတ်ကူးပြီး ပန်းချီဆွဲတယ်၊
ဒုကူလနဲ့ ပါဠိက လင်မယားရဲ့ ပုံတွေကို စိတ်ကူးယဉ်ပြီး ပန်းချီဆွဲတယ်။
မိဖဆိုတာ ဘာမှမရရင်တောင်မှ လူ့ဘဝကို ရစေခဲ့တဲ့ကျေးဇူးတစ်ခုနဲ့တင် မိဖပီသနေပါပြီ လို့ သားအော်တယ်။
မိသားစုထမင်းဝိုင်းအကြောင်း ကဗျာလေးတွေ တီးတိုးညည်းပြီး သားဟာ ငိုတယ်။
ရှင်တို့လင်မယား အိမ်ရှေ့ကနေ ဖြတ်သွားတဲ့နေက သားဟာ သူ့မျက်လုံးတွေကို ဆားရည်ထဲ စိမ်ပစ်လိုက်တယ်။

သားဟာ အဖေ ဆိုတဲ့ ဝေါဟာရကို အားရပါးရခေါ်ခွင့်ရချင်တယ်။
ရှင်ဟာ တခြားသားကို ကားဝယ်ပေးဖို့ ကြိုးစားနေတယ်။

K-ဒါရ

Thursday, September 15, 2016

DEAR ဆယ့်နှစ်ပုဒ်

DEAR ဆယ်နှစ်ပုဒ်
__________________


dear
နေ့ရဲ့နာမ်စားဟာမင်းဖြစ်တယ်
ည ညဆိုငါဝင်ခိုနေကျ ခရုခွံဟာလည်း
မင်းဖြစ်ပါရဲ့။

ခုတော့
ငါ့မှာ နေ့ရော ညပါပျောက်ရှလေပေါ့။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear
တချို့ငိုခြင်းတွေမှာ အသံမထွက်ပါ။

မင်းလိုချင်တဲ့ ငါ့ရဲ့ဝမ်းနဲခြင်းကို
ငါ့မျက်ဝန်းကသာ ဆယ်ခပ်သုံးဆောင်ပါလေ။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear
အဲ့ဒီ အညိုရောင်ရှစ်မြှောင့်
ဖန်ပုလင်းထဲက
ရောင်စုံအတုံးလေးတွေဟာ
ကျောက်ခဲမဟုတ်ပါ။

မင်းနဲ့နီးဖို့ဝေးနေခဲ့တဲ့ရက်တွေသာပေါ့။

ခုတော့ရေထဲပစ်ချလိုက်ပါပြီ
ရင်ခွင်အသစ်မှာ မင်းပျော်ပါစ။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear...
သစ်ပင်တစ်ပင်ရှိတယ်။
အရှေ့ဘက်က ငှက်တစ်ကောင်ဟာ
သစ်ပင်ဆီသို့ လာနားပြီး
ငှက်တစ်ကောင်ဟာ အနောက်ရပ်ဆီသို့
သစ်ပင်ကနေ ထ,ပျံသွားတယ်။

သစ်ပင်ဟာ ငါဖြစ်ပြီး
ငှက်တစ်ကောင်တည်းဟာ မင်းဖြစ်တယ်ဆိုရင်
ပဟေဠိလေးဟာ လွမ်းစရာမကောင်းဘူးလား။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear
နိုးထလာတာနဲ့ အိပ်စက်နေတာ ဘာကွာသလဲတဲ့။

အိပ်မက်ထဲမှာ မင်းကိုနမ်းခဲ့တဲ့ အပြစ်တွက်
နိုးထခြင်းမှာ မင်းကိုလွမ်းပေးရတယ်။

ဒီလောက်ပါပဲ။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear...
သောက်လက်စကော်ဖီခွက်ထဲသို့
စီးကရက်ပြာတွေခြွေချမိတယ်။

သတိရစိတ်က စေခိုင်းတဲ့အခါ
ငါဟာ အပမှီနေတဲ့လူနာတစ်ယောက်လိုပါပဲ
ဒီ့ထက်ဆိုးတာလည်းဖြစ်နိုင်တယ်။ ။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫

dear...
တချို့စကားတွေဟာ မထင်မှတ်တဲ့နေရာကနေ
ပုံစံအမျိုးမျိုးနဲ့ထွက်ပေါ်လာတတ်ကြပါတယ်။

ငါအဆင်ပြေတယ်လို့ ပြောတဲ့အခါ
ငါ့မျက်လုံးတွေကို မင်းမကြည့်မိပါစေနဲ့။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫


dear...
ငါ့အနားက မင်းပျောက်ကွယ်သွားပုံဟာ
အပ်ချဉ်ပေါက်ထဲမှာ ဆင် ဝင်ပုန်းသွားသလိုပါပဲ။

လက်ခံဖို့ခက်ခဲပေမဲ့
ဝေးကွာခြင်းမှာ ပုံသေနည်းမှမရှိပဲလေ...။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫
၁၀
dear...
နံနက်ခင်းကို အရသာခံစားဖို့
ငါ့ပခုံးဟာ ပါးတစ်ဖက်ကို ဆာလောင်နေတဲ့အချိန်မှာလည်း
မင်းမှီနေတဲ့ရင်ဘတ်ဟာ နွေးထွေးပါရဲ့လားဆိုတဲ့အတွေးနဲ့
လောင်မြိုက်နေရ
တချို့ဝေးကွာခြင်းတွေမှာ ပိုနီးစပ်သွားတဲ့ အဇ္ဈတ္တတွေကြောင်း ပိုပြီးလောင်မြိုက်ရပါတယ်။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫
၁၁

dear...
သံသရာကို ငါယုံတယ်
ဘဝတစ်ခုခုမှာများ မင်းနဲ့ရှင်ကွဲဝေးဖူးသလားလို့
တွေးကြည့်ရုံနဲ့ ငိုချင်တယ်။

ဒီ့ထက်သေဖို့လုံလောက်တဲ့ ဒါန်ရာ ရှိပါအုံးမလား
အချစ်နဲ့ပါတ်သတ်ရင် ကံတရားဟာ
စိုးရိမ်တဲ့အရာတွေကိုပဲ ကိုယ်ထင်ပြလာတယ်။

K-ဒါရ
▫▫▫▫▫▫▫▫▫▫▫▫▫
၁၂

dear...
ဝေးခြင်းငါးဖြာနဲ့ လောင်မြိုက်နေတဲ့ငရဲကိုပဲ
ထိခြင်းငါးပါးနဲ့ ဦးခိုက်နေရချိန်မှာ
ဟောဒီငမိုက်သားမှာ တောင်းစရာ ဆု
ရှားပါးခဲ့ပါတယ်။

သံသရာအဆက်ဆက်
မင်းကြောင့်ကွဲမဲ့ အသဲကို ပိုင်သောငါသာ ဖြစ်လိုပါ၏။ ။

K-ဒါရ