Monday, January 25, 2016

ဆရာ ​ဇော်​​ဇော်​ထွန်း

ကွန်ကရိအမြင်ကဗျာ ၁။

(၁.၁) - အီးအီးကမ်းမင်း(ဇ) (E.E.Cumming) နှင့် ကွန်ကရိများ
အီးအီးကမ်းမင်း(ဇ)နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာ စကားတချို့ရှိပါတယ်။ ပထမဦးဆုံး ကျွန်တော် ဘာသာပြန်ခဲတဲ့ ကဗျာဟာ ကမ်းမင်းရဲ့ “ကျုပ်ဟာဘုရားကျောင်းငယ်ဖြစ်သည် (မဟာဘုရားကျောင်းမဟုတ်)” “I am a little church” (no great cathedral) ဖြစ်ပါတယ်။ အဲဒီအချိန်က ကျွန်တော်ဟာ ကမ်းမင်းကို သာမန်ကဗျာဆရာလို့ ထင်ခဲ့မိတယ်။ အဲဒီတုန်းက ကမ်းမင်း(ဇ)နဲ့ နာမည် ခပ်ဆင်ဆင်ဖြစ်နေတဲ့ ဂျော်ဂျီယာကဗျာဆရာမ အေအီးစတောလင်း(စ) (A.E. Stallings) ရဲ့ ကဗျာတွေကိုပဲ ဖတ်ဖြစ်ခဲ့တယ်။ နောက်ပိုင်း ကဗျာပုံစံကွဲများကို လေ့လာတော့မှ အီးအီးကမ်းမင်း ကို ထိတ်လန့်စွာပဲ သိခွင့်ရခဲ့တယ်။ ပြောချင်တာက အီးအီးကမ်းမင်းကို လိုအပ်တာထက် နောက်ကျပြီးမှ လေ့လာဖြစ်ခဲ့တယ်။ တကယ်တော့ ကမ်းမင်း(ဇ)နဲ့ ကဗျာဆရာမ စတောလင်း တို့ဟာ အတော်ကွဲပြားတဲ့ ရေးဟန်ရှိသူတွေဖြစ်တယ်။ ဂျော်ဂျီယာ ပြည်နယ်ဖွါးဖြစ်တဲ့ ဆရာမစတောလင်းကို နယူးဖော်မယ်လစ်ဇင် (New Formalism) လို့ ခေါင်းစဉ်တပ်ပြီး အီးအီးကမ်းမင်းက မော်ဒန်အုပ်စုထဲမှာ ပါဝင်ခဲ့ပါတယ်။ ကမ်းမင်းကို မလေ့လာခင်မှာ ပန်းချီကဗျာ (Visual Poetry) ကို လေ့လာစေချင်တယ်။ ပန်းချီကဗျာဟာ ဒီနေ့ထိ ကွန်တန်ပိုရာရီစာရင်းထဲမှာ ထည့်သွင်းခြင်းခံရတဲ့ ကဗျာအမျိုးအစား တစ်ခုဖြစ်တယ်။ တချို့က ပုံသဏ္ဍာန်ကဗျာ ( Concrete or shape poetry) လို့ ခေါ်ကြတယ်။ ဂျီအော့(ဖ)ဟု(သ) (Geof Huth) ဆိုတဲ့ ကဗျာဆရာရေးတဲ့ ယနေ့ပန်းချီကဗျာ (Visual Poetry Today) မှာတော့ ပန်းချီကဗျာကို “ကဗျာနဲ့ပန်းချီက မွေးဖွားပေးလိုက်တဲ့ ခလေးငယ်ဖြစ်ပြီး သူတို့နှစ်မျိုးလုံးရဲ့ စိတ်ဝင်စားဖွယ်ရာများ (အစုနှစ်ခု) ပါဝင်ကာ ပုံသဏ္ဍာန်အားဖြင့် ရေတွက်လို့မရနိုင်အောင် ရှိတယ်” (The child of both poetry and the visual art, visual poetry has a double set of interests and it forms are myriad) လို့ ရေးခဲ့ပါတယ်။ သူ့လို ပန်းချီကဗျာရေးသူတွေရဲ့ ရည်ရွယ်ချက်က အသေဖြစ်နေတဲ့ ကဗျာပုံစံဟာ ဝေဖန်သူတွေရဲ့ စာပေဝေဖန်ရေးအကြောင်းအရာထဲမှာ ပုံဟောင်း အုပ်စု (old school) ကဗျာတွေရဲ့ မလှုပ်သာမလူးသာဖြစ်နေခြင်းကို လျော့ပါးစေတယ်။ ပန်းချီကဗျာရေးသူတွေဟာ မူလ မီတာကဗျာတွေ ရေးကောင်းရေးမယ်။

ဇော်​​ဇော်​ထွန်း

No comments:

Post a Comment