Saturday, January 30, 2016

မီးခိုးစီးခြင်း

မီးခိုးစီးခြင်း

တစ်ခုခုကိုသတိရမိတော့ စီးကရက်ကို မီးညှိပြီးသားဖြစ်နေတယ်၊
မီးခိုးတွေကိုဖွာထုတ်ပြီး ကော်ဖီကို မော့ချလိုက်တော့ ဆံပင်တွေဟာ မီးရထားလိုရှည်တယ်၊မျက်လုံးဟာ မီးရထားသံလမ်းအတိုင်း ခရီးနှင်တယ်၊တကယ်ဆိုရင် ဆေးဆိုးပန်းရိုက်ညနယ်ဟာ ကွက်ပျစ်တစ်ခုပေါ်က လမင်းလောက် ညမပီသဘူး၊
အဲ့ဒီမှာ မိတ္ထိလာကန်ကြီးနဲ့၊ဗျိုင်းဖြူတွေနဲ့။

မျက်လုံးဟာ အဲ့ဒီမှာမရပ်ဘူး။

မျက်လုံးဟာ မြူတွေကြားထဲနစ်ဝင်သွားတယ်။

မျက်လုံးကိုငါမမြက်တော့တဲ့အချိန်ကျမှ ငါဟာ ငါ့ကိုမြင်လာတယ်၊ငါဟာ ဆုံလည်ဆိုဖာခုံမှာထိုင်ရင်း
နှီးဖျာခင်းထားတဲ့ အခန်းတစ်ခုထဲသို့ရောက်သွားတာပဲ၊နောက်တော့ငါဟာ ကော်ဖီကိုသောက်မိနေလား၊စီးကရက်ကိုရှိုက်မိနေလား ခွဲခြားမရတော့၊ငါ့နားထဲမှာကြားလာတယ်-
အို..အေ့...အေ နဲ့ အစချီတဲ့ သီချင်းတပုဒ်၊ငါမျက်တောင်ခတ်မိလိုက်သလား၊ငါ့ပါးဟာ နွေးရှရှနဲ့၊ငါမျက်ရည်ကျနေတာလား၊မျက်လုံးဟာ အဲ့ဒီမှာ ခရီးဆုံးသွားသလို စားပွဲခုံထက်က ကုန်နေတဲ့ကော်ဖီခွက်ကိုမြင်တယ်။

စီးကရက်ကို တောက်ထုတ်လိုက်တာလား၊ဝိညာဉ်ကို တောက်ထုတ်မိတာလား ဝေခွဲမရပေမဲ့ ခုနတုံးက ငါဟာ အိမ်ကိုလွမ်းနေခဲ့တာ သေချာတယ်။

K-ဒါရ

No comments:

Post a Comment