Tuesday, February 23, 2016

ဖြူမွန်​ရဲ့ကဗျာများစုစဉ်းမှု(၁)

ဖြူမွန်ကဗျာများစုစည်းမှုပေါင်းချုပ်(၁)
============================
နစ်မြုပ်ခြင်း
--------------------- ဖြူ မွန်

အရာရာ
လှိုဝှက်စွာ ကင်းဆိတ် သွေ့ခြောက်...။

မမျှော်လင့်လိုခြင်း တဲ့
အဲဒီတွင်းထဲက လှေကလေး
ကျွန်မရဲ့မနက်ဖြန်မှာ
ငြိတွယ် ဆိုက်ကပ်နေတော့တဲ့အခါ....

ချိုမြိန်မှုမဲ့သောကများ
လောဘမဲ့အလိုဆန္ဒများ
သိပ်သည်းဆများသော ကျောက်တုံးကျောက်ခဲများ
နေ့စဉ်သုံးအတွေးတိမ်တိုက်များ....
အောက်ခြေ ကြမ်းခင်းပြင်တလျှောက်
ပြန့်ကြဲပြည့်နှက်နေတဲ့အခါ.....

ကျွန်မ မိုးကောင်းကင်ပေါ်
တိတ်ဆိတ်စွာ မော်ကြည့်နေမိ
တိမ်ဆိုင်တိမ်တိုက်များအကြား
ရွှေရောင်ငါးကလေးများ လှပစွာ
ဝှေ့ပတ်ကူးခတ်နေပုံ။.......။

***************************************************************

ဆောင်းလမ်း
------------------ဖြူ မွန်

မနက်ဖြန်ဟာ မိုးတိမ်ကို လှော်ခတ်
ကျွန်မဆီ လာနေပြီ။
ဟုတ်ရဲ့ 
စောင့်ပါ ။
ပန်းပွင့်ကလေးများ နွဲ့စောင်းထိတ်လန့်နေတာ
သဲသောင်ပေါ်က ခြေရာနှစ်စုံမှာ လေ၀ဲတိုက်နေတာ
သစ်စိမ်းပင်က လေညှင်း ကန့်လန့်ကာ ချလိုက်တာ
သံစဉ်ကြမ်းကို ပွက်ဆူထစေတယ်။
ရှည်မျှောမျှော ဒေါင့်မတ်လမ်းတိုင်းနဲ့ 
သောကနွယ်ရုံများသာ 
အထီးကျန်မှုကို ပြေလည်တက်စေရဲ့.။

စောင့်ပါ 
စောင့်လိုက်စမ်းပါ
သက်တန့်တစ်ခု အက်ကွဲသွားတာလောက်မှာ
ခြေလှမ်း စည်းချက်ကို မဆွံ့ထစ်သင့်ဘူး။
(မျှော်လင့်ချက်မှာ အဆိပ်သင့်သူဆိုတာ )
ဖောင်းပွလာဆဲ အတိတ်ဆဲလ်တွေထဲမှာ
ခေါင်းစိုက်ဝဲလည်လို့......(ဟုတ်လား )
ဒါဟာ ..လင်းတတစ်ကောင်ရဲ့ကျိန်စာသင့် ပြသနာသာဖြစ်တယ်။
တွေ့လား ...( ဓတ်ခွဲခန်း ဖန်ဘူးထဲမှာ
ကျွန်မလက်တွေ ခုန်လှုပ်နေတာ )
အနက်ရောင် အသံများရဲ့စည်းကြောထဲမှာ
တိတ်ဆိတ်စွာသာ လူးလား တုန့်ခေါက် လျှောက်ခဲ့ပေါ့။
ဆောင်းလမ်းကို ခွဲဖြတ်ပြီး
နွားရိုင်းတစ်အုပ် မောင်းသွင်းဖို့ရာ
(ကျွန်မအတွက်တော့ ) သိုးထိန်းသလိုသာ နေမှာပါပဲ။
လူသူမသိတဲ့အသိတရားများအတွက်
ကိုယ့်ခေါင်း ကိုယ်တိုင်ဖြတ် ယဇ်ပူဇော်လိုက်ရဲ့။
အာရုံများအားလုံး ကျွမ်းလောင်ရာမှာ
စောင်းညှင်းခတ်သံတစ်ခုသာ သိမ်မွေ့စွာပေါ်ထွက်လာခဲ့။
မိမိကိုယ် မိမိ ရာဇ၀တ်မှု သင့်ချိန်
မိုးတိမ်များ နိမ့်ပြိုကျ ခဲ့ပေါ့။........။

*******************************************
ရပ်ငေးသူ
--------------------ဖြူ မွန်
သူ သို့မဟုတ် သူမ ရပ်နေတယ်။
ခပ်နိမ့်နိမ့်ကလေးလွှဲလို့ ရပ်ရှာပေလိမ့်မယ်၊
လှိုင်းမဲ့လိပ်ပြာလို
နိစ္စမဲ့ စံပယ်ကလေး တစ်ပွင့်လို ရပ်ပေမယ်။
ရင်မောစွာနဲ့ မိုးတိမ်ကလေးတစ်ခု ရပ်ငုံ့ကြည့်နေသလို
အလင်းမျှင်မျှင်ကလေးတစ်ခု စူးဖောက်သလိုလည်း ဖြစ်ခဲ့မယ်။
သေချာတာက
ရပ်နေ ငေးနေပုံဟာ
ရေတံခွန်ကလေးတစ်ခု ဆံနွယ်စကလေးမှာ
ဖျတ်ခနဲ
ရပ်နေသလိုမျိုး။ ။
**************************************
ကျွန်မနှင့် ကိုယ်ဝန်သည်များ
---------------------------------------ဖြူ မွန် 

မှုန်ညံ့စွာ သွန်းကျလာသည့် ၀ိစိကိစ္ဆာများအတွက်
ကြမ်းခင်းတစ်ခုလုံး လင်းတောက်ရုံဖြင့်
ကိုယ်ဝန်ဆောင်နိုင်သည့်
ကကြီးများ ခကွေးများ ဂငယ်များ....
စုပ်ယူနိုင်သမျှ အတွက် အလိုက်သင့်စွာရွတ်ဆို
ပြီး...အလျားလိုက် ရေတွက်။
ပရောဟိတ်ဆရာတို့၏
အဖန်ဖန်ကမ်းသည့် ယပ်တောင်
နံရံများပေါ် အရိပ်များအဖြစ် တဖျပ်ဖျပ် ယိမ်းထိုးလို့။
တစိမ့်စိမ့် အေးခဲဖွဲ့တည်
ရှိနိုင်သမျှရဲ့ မဲ့ခြင်းအားလုံး
ကုန်ဆုံးတော့မည့်ပန်းချီကားအတွင်း
ချက်ချင်းခုန်ဝင်
သစ်ပင်တွေနဲ့ တောလမ်းကလေးအဖြစ်
မတ်တပ်ရပ်လိုက်ရဲ့။
မရှုနိုင် မကယ်နိုင် အောင့်သက်ပြင်းပြင်းဖြင့်
မြစ်ကျဉ်းတစ်ခုပေါ်
တောင်ပံတစ်ခု အရေခွံတစ်ခု
ကန့်လန့်ဖြတ်ကျခဲ့။
နောက်ဆုံးတွင်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည့်
လည်ချောင်းဝအတွင်းမှ 
မြစ်ကျဉ်းများ ၊ နံရံများ ၊ တောလမ်းကလေးများ
စကားလုံးများပေါ် ခပ်ပျစ်ပျစ်နှစ်ချလိုက်ရဲ့
ဖွဲ့နွဲ့မှုတစ်ခု ထပ်မံမွေးဖွားဖို့ ကျွန်မနှင့် သရများ

ပြီး......
ကျွန်မနှင့် ကိုယ်ဝန်သည်
ကကြီးများ ခကွေးများ ဂငယ်များ ဃကြီးများ..........

******************************************************

"လ"ကလေးရဲ့မြို့ 
------------------------ ဖြူ မွန်

ဒါဟာ အိပ်မက်ထဲက...။

ပျားရည်မြစ်တွေ စီးဆင်းနေတဲ့
လရောင်တွေနဲ့ မြို့ကလေးးတစ်မြို့ပါ။

လရောင်ရဲ့သင်းပျံ့ရနံ့များ
လည်ချောင်းဝတွင်းမှ လျှောကျသွားတဲ့အခါ...
အ၀ိုင်းများ..... လေးထောင့်များ....တြိဂံများ....
...မျဉ်းများနဲ့ အစက်အပြောက်များ..

လေညှင်းကလေးများက
လမ်းလျှောက်ထွက်ပါဦး တဲ့
ရေမသွေ့ခြောက်သေးတဲ့ ဆံနွယ်စများနဲ့ ။

လမ်းကလေးပေါ် ရောက်တဲ့အခါ
ရပ်လို့ ကိုယ်ကို ကိုယ် ငုံ့ကြည့်လိုက်မိ။
....အ၀ိုင်းများ....လေးထောင့်များ....တြိဂံများ...
မျဉ်းများနှင့် အစက်အပြောက်များ......။

ပြီး.......အဝေးဆုံးထိ ရွယ်ရည်လို့
လမ်းကလေးတလျှောက် မျောပါရင်း
အ၀ိုင်းများ လေးထောင့်များ တြိဂံများ မျဉ်းများနဲ့
အစက်အပြောက်များအကြား လျှောက်သွားနေမိပေါ့။

*******************************************************
ပယင်းဂူ
----------------ဖြူမွန်
မျှော်လင့်ခြင်းအသွေးအရောင်များ
ဆည်းဆာရဲ့ဗြောင်ကျကျ
ကုထုံးဝင်္ကဘာအောက်
ဒေါပွနေတဲ့ မြင်းတစ်ကောင်နဲ့ လမ်းမှားနေခဲ့။
ကျောက်သင်ပုန်းပေါ် မြေဖြူကိုင်ပြီး ကောင်းကင်ကို
အပြီးသတ်ရေးဆွဲ
သော့ပေးလိုက်သည့်အခါ
မှတ်ဥာဏ်၏ဂူနံရံမှ
ကျိုင်းကောင်များ ဝေါကနဲ ပျံထွက်လာခဲ့ ။ ။

*********************************************

မီးမြစ်
--------------------ဖြူမွန်
နားရွက်မရှိတဲ့ စကားလုံးများနဲ့
အချိန်အတွယ်မဲ့ လက်တံဟာ (၆)နာရီခြား
ကျောက်ဆောင်တွေထဲ ချောချောမွေ့မွေ့စီးဝင်နေတဲ့ခါ
အောင်ပွဲရပြတိုက်တွေရဲ့
မီးစွဲလောင်နေဆဲမြစ်ရေထဲ
အချိန်ကို ကွေးညွတ်
ဝင်ေ၇ာက်စွက်ဖက်ဆဲ ကြယ်တွေ
သူတို့…….ဟိန်း’နေပုံကို ငေးကြည့်မိ။ ။
***************************************
ဗစ်ဂင်စတိုင်းရဲ့ဥယျာဉ်
-------------- ဖြူ မွန်

သုံးစွဲရာမှာ
နံရံပေါ်က လှေကလေးလို။

သက်ရောက်နိုင်ဖွယ်ရာ
ရိုက်ချက်တွေအမျိုးမျိုး
ချိန်သီးတွေအမျိုးမျိုး
နွေဦးပေါက်ပုံအမျိုးမျိုး
ပန်းပွင့်တွေလည်းအမျိုးမျိုး။

အလှဗေဒရဲ့ နယ်ကျွံလေတဲ့
ဝန်ဆောင်မှုတစ်ခုဆီ
ညီညီညာညာ ရွှေ့ချလိုက်ပါရဲ့
သင်းပျံ့လာတဲ့လှိုင်းတို့ဆီ

သူ့အရောင်အသွေးနဲ့ သူ ကန့်သတ်ဖို့။.......။

ဖြူ မွန်

ဒီရေ
---------------- ဖြူ မွန်

စစ်တလင်းပြင်ထဲမှာ
ကျဆုံးသွားရတဲ့ အလင်းရဲ့အလောင်းကောင်
ယဉ်ယဉ်ကျေးကျေးသိမ်သိမ်မွေ့မွေ့ ဆက်လက်ကျန်းမာ ။
တစ္ဆေရဲ့ လည်ဆံမွှေးသွားပွတ်တံဟာ
မွှေးပွ ခရုခွံတွေကို အေ၇ာင်တင်လို့။
ကြေကွဲဖွယ် မှိုင်းညှို့စွတ်စို
ပြိုင်နေဆဲလှိုင်းတံပိုးခရာသံတွေနဲ့…..
ထောင်ချောက်လှောင်အိမ်ထဲ ခရီးအသော့နှင်တော့မဲ့ “လှိုင်း” တွေ
ဒီလိုနဲ့ ကြီးရင့်လာကြ ။
ဒီရေဟာ
ကြောင်လိမ်လှေကားဖွဲ့
နတ်သမီးလက်ရုံးနဲ့
ရွက်တိုင်ထိပ်ဖျားထိ ရစ်တွယ်ရောက်ရှိခဲ့ ။ ။

*******************************
ခွဲခွာချိန်
---------------- ဖြူ မွန်

မြောက်မြားစွာသော မိုးမှုန်မိုးဖွဲကလေးများ
ကျွန်မပေါ် လွှမ်းခြုံနှုတ်ဆက်တဲ့အခါ
မျက်ရည်ကြီးငယ်စိုစွတ်လို့
ရေမှော်နံ့တွေနဲ့ စိမ်းပြာမိုးတိမ်များ
မှန်ပြတင်းကလေးမှ စွန့်ခွာ
တိတ်ဆိတ်စွာ နောက်မှ လိုက်လာခဲ့ကြ။
စိမ်းစိုစိုတောင်ကုန်းပေါ်က
တိမ်တိုက်တို့ဧ။်သတင်းများ
သက္ကရာဇ်များဧ။်ပင်စည်ပေါ်မှ
မပဲ့ကြွေနိုင်သော အမည်နာမများ
လေထဲမှာ ဦးဆောင် တိုးတိတ်စွာ ပဲ့တင်နေကြ။
ညှိုးသိမ်ချိုင့်ဝှမ်းထဲ
ဖြည်းနှေးစွာ နစ်ဝင်
သခင်မဲ့ရှာတဲ့ခန်းစီးကလေးကတော့
အားလုံးကို တည်တည်ငြိမ်ငြမ်
(ဘာမှ မမြင်ရသလို ) ရပ်တန့်
ငေးစိုက်တောင့်မတ်လို့
မလင်းကျင်းမှုကို ကိုက်ချီ
ငှက်ဖြူဖြူကလေးများက ညင်သာပျံသန်းလမ်းပြကြရဲ့။

************************************************
သင်္ဘော
-------------- ဖြူ မွန်

ငြိမ်ငြိမ်သက်သက်
အရောင်နုမှ ရင့်သည်ထိ။
ခရမ်းရောင် ခရာသံစူးစူး။
တိုးဖြည့်နိုင်ဖွယ်၊
ေ၇ာင်စုံခရုခွံ၊ပုလဲပုတီးစေ့၊ညပ်နေသောအချိန်
ဖြတ်ဝင်လာသော အ၀ါရောင်လှိုင်းကလေးများ
တောင်ကုန်းများဆီသို့
လမ်းကလေးအတိုင်း
မေးခွန်းများကို
ဆက်လိုက်သည်။......။

**********************************************

မြို့ရိုင်းရဲ့ဦးခေါင်း
---------------------ဖြူမွန်

ကံကြမ္မာ၏ ထပ်ခိုးအတွင်း
ပုန်းကွယ်နေသည့် မျဉ်းတစ်ကြောင်း၏ မေလအတွင်း၌
(ဦးခေါင်းတစ်လုံး)
ထပ်မံ ပုန်းကွယ် ၀င်ရောက်နေခဲ့ ။

ထွန်းပ စမ်းသပ်မှု၏ ရောင်ရဲဖွယ်နေ့ငယ်ငယ်များ
တစ်ယောက်ကိုပိုက် စိုးငိုက်လက်တံများ
လှိုင်းပုတ်သလို ဒလဟောစီးဝင် အထွေးလိုက်မျိုချခဲ့ရ
မိုးစက်တို့၏ မွှေးရနံ့များ
သဲတရှပ်ရှပ် နှင်းတစ်ပေါက်နှင့် ပန်းပွင့်တောင်တန်းများ
မူကွဲအမျိုးမျိုး၏ အရိပ်အမြွက်အဖြစ်
ရင်ခွင်တလျှောက် စိမ်းညှို့စွာ အလင်းသိုခဲ့ ။

ဆန်ခါကျနေသည့် မျဉ်းအလယ်ကောင်၌
စိတ်ကူးစိတ်သန်းများ အရိုးဖြူဆွေးချိန်
စဉ်းလဲအိပ်မက်တို့၏ အရေချပ်လွှာတို့အား
ဤကျောက်ဖြူသားများ ပြိုပျက် မြို့ရိုင်းဥိးခေါင်းတစ်လုံးစီ
တွင်းတူးမြှုပ်နှံခဲ့ရပေါ့ ။ ။
*******************************************
ငါးမျှားတံထိပ်မှ မျှော်စင်
------------------------------ဖြူမွန်
အပြာေ၇ာင် ပဲ့တင်ထပ်မှုရဲ့ မရေမရာ တစ်စုံတစ်ရာ
ပြည့်ဝမေးခွန်းတွေနဲ့……
ပြီး……မေးသိုင်းထားတဲ့ ဘူတာရုံကြိုးတွေနဲ့
လည်ပင်းထဲက စုန်ဆန်ရထားမှာ
မပစ်လိုက်ရတဲ့ ကျဉ်ဆန်ရာတွေ ဖွေးလင်းဖြူလို့….
အရိုးများတဲ့ မြို့များရဲ့ တုန်ခါနေဆဲ ရေညှိတောလမ်းများ……
နောက်ပြန်…ကျုံ့နေဆဲ တနင်္ဂနွေနေ့များမှာ
အဆုပ်လိုက်ပွင့်လာတဲ့ စက္ကူစများ….မှတ်တမ်းများ…..
သိုးများရဲ့ ဦးကျိုးလုလုအလှဆင် တံတားများ…..
ဖန်ရောင်တိမ်တိုက်များရဲ့ တိုးသက်ညင်သာစက်သံများ….မှာ…..
ညအလင်းထဲ ခေါင်းနှစ်ထားဆဲ ကုန်းမြေအောက်
ခုန်ထွက်လာမယ့် ငါးကလေးများအတွက်
မျှော်စင်များဆောက်ရဲ့ ။ ။

*********************************************
မိုးကောင်းကင်ရဲ့နာရေး
-----------------------ဖြူမွန်
ဝါဖျော့ဖျော့တောင်ပံတွေကို ပွေ့ချီလာတဲ့ ကြေကွဲဖွယ် ၀တ်ပြုတေးသံ
သူ့ တိုးဖော့ခြေသံဟာ ရက်စက်အေးစက်လွန်း……
လရဲ့ ထူထဲထဲလျှပ်ေ၇ာင်ဆံနွယ်မျှင်တွေ အဖုံးခံခဲ့ရ ။
ဒဏ္ဍာရီ ပြင်ပမှ ရေခဲပြင် အက်ကြောင်းများ
မှိုတက်နေသည့် တောင်တန်းများ
အသက်ရှုရပ်နေသည့် ဂီတရဲ့ ဥယျာဉ်ချုံနွယ်ဆူးရစ်များကြား
ကိုယ့်ဦးခေါင်းပေါ် တောင်ယာမီးခိုးဝေနေတဲ့သူရဲကောင်းတွေ
အလဲလဲအပြိုပြို ဒဏ်ရာတွေနဲ့….
သူတို့
မိုးကောင်းကင်ရဲ့နာရေးနဲ့အတူ
ကြီးမြင့်စွာကျွမ်းလောင်လို့ ….။ ။
************************************************

သတ္တမမြောက် ရှုမျှော်ခင်း
-------------------------------ဖြူမွန်
ဆဌမမြောက် ရှုမျှော်ခင်း၏ မှင်တပ်မိကမ်းစပ်၌
လှိုက်လှဲသည့်တေးသွားတစ်ဝက်
သက်သောင့်သာယာ အေးချမ်းစွာမတ်ရပ်ရဲ့ …….

တောင်ကမ်းပါးယံတို့၏ လွှဲရှောင်မှုနှင့်
ငလျင်များ ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြ …။

ကလစ်တစ်ချက်နှိပ်ရုံဖြင့် ပွင့်ခဲ့သော ပုံကြမ်းများ….
လွင်ပြင်မဲ့ခဲ့ရုံမျှ…….
ဒါပေမယ့် ….အဆုံးမဲ့ ကန့်သတ်လင်းပြက်မှုမှာ
ထပ်ကြပ်မကွာ…နှင်းရည်စက်များ……တေးသီငှက်များ….
သဲသောင်ပြင်စပ်မှာ ပင်လယ်၏ စောင့်မျှော်ခြင်းများ…..

ဟိုးအဝေးမှ ခပ်နှေးနှေးကျောက်တံတိုင်းတို့
ခြေလှမ်းမှန်မှန်ဖြင့်
ဖွင့်လိုက်သည့် သစ်တောအုပ်ထဲ၌
အရိပ်များပမာ
ပါးလျစွာ ဖြတ်ကျော်သွားကြရဲ့ ...
ကြယ်စုများ၏ တံတိုင်းဆီ......။ ။

No comments:

Post a Comment