Wednesday, February 10, 2016

၂၀ရာစု -ဥရောပမော်ဒန်ကဗျာများ( ၁)

၂၀ရာစု -ဥရောပမော်ဒန်ကဗျာများ( ၁)

စာအုပ်အမည် - သုံးယောက်ကောင်းကင်
မြန်မာပြန်သူ - မောင်သစ်မင်း
###################
(၁)ပင်လယ်ကိုဆဲသူ
---------------------
တစ်စုံတစ်ယောက်
ကျောက်ကမ်းပါးစွန်းထိပ်ပေါ် သေချာတက်
ပင်လယ်ကို ဆဲပါလေရော…
မိုက်မဲတဲ့ရေ ၊ မိုက်မဲတဲ့ ကိုယ်ဝန်ဆောင်ရေ
ကောင်းကင်ရဲ့ရွှံစေးထူတဲ့ ပုံတူကား။
နေနဲ့လကြား တွန့်စုတ်စွာရစ်ဝဲနေသူ၊
ခရုခွံများကို ရေးကြီးခွင်ကျယ်ရေတွက်နေသူ၊
အရည်ဆန်တဲ့ အာကျယ်တဲ့ နွားသ်ုး၊
ကျောက်တုံးများကို သူ့သွေးနဲ့ မျိုးအောင်စေသူ၊
သူ့ကိုယ်သူပြန်သတ်တဲ့ဓား ၊
သန်လျက်စွန်းတိုင်းမှာ သူ့ကိုယ်သူအစိတ်စိတ်အမွှာမွှာကွဲစေသူ၊
ဟိုက်ဒြာညကို ပိုင်းဖြတ်သူ၊
တ်တ်ဆိတ်မှု့ရဲ့ဆားဝန်တိမ်တိုက်များကို ရှုရှိုက်နေသူ၊
ကျောက်ကျောလို အတောင်ပံဖြန့်ပြီး
အချည်းနှီး အချည်းနှီးပဲ ။
ဂေါ်ဂွန် ကိုယ့်က်ုကိုယ်ပြန်လည်ဝါးမြိုနေသူ ။
#######################################
(၂) ရေ၊
ရေရဲ့ရယ်ဖွယ်ကောင်းတဲ့ ပြားချပ်ချပ်ဦးခေါင်းခွံ အသင် -
အဲ့ဒီလို အတန်ကြာ သူပင်လယ်ကိုဆဲလိုက်တယ် ။
သဲပေါ်က သူ့ဒဏ်ရာတွေကို လျှာနဲ့ယက်ပစ်ခဲ့တဲ့ ပင်လယ်
ဒဏ်ရာရခွေးတစ်ကောင်လို ။
ပြီးတော့ သူအောက်ကိုဆင်းလာ
ပြီး ၊ ပွတ်သပ်လိုက်တယ်
သေးသိမ်စွာထုထည်ကြီးမား မုန်တိုင်းထန်နေတဲ့
ပင်လယ်ရဲ့ ကြေးမုံကို ။
တွေ့ပလားကွ၊ ရေလို့..သူပြောပြီး
သူ့လမ်းသူဆက်သွားပါလေရော ။ ။
မီရောစလင်ဟောဝုဒ်
########################################
(၃) ကြယ်ငေးသူရဲ့အမွေများ
------------------------------
သူ့စကားတွေက သူ့နောက်မှာကြွင်းကျန်ရစ်ခဲ့ကြ
ကမ္ဘာကြီးထက်ပိုမိုလှပ
ဘယ်သူမှသူတို့ကိုငေးကြည့်ဖို့မဝံ့စား
အချိန်ရဲ့အလှည့်အပြောင်းမှာ သူတို့စောင့်ဆိုင်းကြ
သူတို့ကို မြွတ်ဆိုနိုင်တဲ့
လူသားထုထက်ပိုမိုကြီးမြတ်
ဆွံ့အမြေကြီးပေါ် သူတို့စောင့်ဆိုင်းကြ
ဘဝရဲ့ အရိုးများထက် ပိုမိုလေးလံ
သေခြင်းတရားကလည်း
သူတို့ကို မင်္ဂလာကြေးနှယ် သယ်ယူသွားဖို့မစွမ်းနိုင်
ဘယ်သူမှသူတို့ကိုကြွအောင် မ,မနိုင်
ဘယ်သူမှသူတို့ကို ဖြုတ်မချ
ကြွေလွင့်ကြယ်တို့ ဦးခေါင်းကိုဝှက်ကြ
သူ့စကားတွေရဲ့ အရိပ်ထဲမှာ ။
ဗာစကိုပိုပါ
################################################
(၄)မျက်ရည်နှစ်စက်
"တောအုပ်တွေ မီးလောင်နေခိုက်မှာ
နှင်းဆီပန်းများအတွက် ပူဆွေးနေစရာအချိန်မရှိဘူး "
(ဆလိုဝက္ကီ )
တောအုပ်တွေ မီးလောင်နေပြီ
သို့ပေမယ့်လည်း သူတို့
တစ်ယောက်လည်ပင်းကိုတစ်ယောက်လက်နဲ့ ပန်းကုံးစွပ်ထားကြ
နှင်းဆီပန်းတွေလိုပဲ
လူတွေအကာကွယ်ရှိရာပြေးကြပြီ
သူ့အပြောကတော့ သူ့ဇနီးဆံပင်ရဲ့
နက်ရှိုင်းမှု့ထဲ လုံအောင်ပုန်းနိုင်သတဲ့ ။
စောင်တစ်ထည်ခြုံယင်း
အရှက်မဲ့စကားတွေ တီးတိုးရွတ်ကြ
ချစ်တတ်သူတို့ရဲ့ မန္တန်ပေပ
အခြေအနေဆိုးလာချိန်မှာတော့
တစ်ယောက်မျက်လုံးထဲ တစ်ယောက်ခုန်ဝင်
ပြီး တင်းကြပ်စွာမှိတ်ထားလိုက်ကြတယ်
အလွန်တင်းကြပ်စွာမှိတ်ထားတော့
မီးလျှံတွေရဲ့ဒဏ်ကို မခံစားရဘူး
မီးလျှံတွေ သူတို့မျက်တောင်မွှေးဆီတက်လာတဲ့အခါမှာလေ
အဆုံးအထိ သူတို့ရဲရင့်ကြ
အဆုံးအထိ သူတ်ု့ယုံကြည်စိတ်ပြင်းပြကြ
အဆုံးအထိ သူတ်ု့ထပ်တူထပ်မျှဖြစ်ကြ
မျက်နှာရဲ့အစွန်းတစ်နေရာမှာ
တွယ်ကပ်သွားကြတဲ့ မျက်ရည်နှစ်စက်လိုပဲ ။
ဇဗစ်ဂညူး ဟားဗတ်
###################################

(၅) မေ့တတ်တဲ့ကိန်းတစ်လုံး
------------------------------
တစ်ရံရောအခါက ကိန်းတစ်လုံးရှိသတဲ့
နေလို ဝိုင်းစက် စင်ကြယ်သတဲ့
ဒါပေမယ့် အထီးတည်း အလွန်ကို အထီးတည်းပဲတဲ့
သူ့ကိုယ်သူ စတင် တွက်ချက်သတဲ့
သူ့ကိုယ်သူ စားလိုက် မြှောက်လိုက်
သူ့ကိုယ်သူ နှုတ်လိုက် ပေါင်းလိုက်
ပြီး ကြွင်းကျန်ရစ်မြဲ သူအထီးတည်းပဲတဲ့
သူ့ကိုယ်သူ တွက်ချက်မှု့တွေကို ရပ်ပစ်ခဲ့ပြီး
သူ ပြန်ပိတ်နေခဲ့
စင်ကြယ်မှု့အပြည့်နဲ့ ထွန်းလင်း
ဝိုင်းစက်မှု့ထဲ
အပြင်မှာ သူ့တွက်ချက်မှု့ရဲ့
အကြွင်းအကျန်အစအနတွေဟာ ပွက်လောရိုက်ကျန်သတဲ့
သူတို့အချင်းချင်းအမှောင်ထဲမှာ လိုက်ဖမ်းနေကြသတဲ့
သူတို့ကိုသူတို့မြှောက်ရမယ့်ဟာကို ပြန်စား
သူတို့ကိုသူတ်ု့ပေါင်းရမယ့်ဟာကို ပြန်နှုတ်လို့
အမှောင်ထဲမှာ ဖြစ်နေပုံကအဲ့သလို
ပြီး သူ့ကို တောင်းပန်မဲ့သူတစ်ယောက်မှ မရှိဘူး
တွက်ကိန်းတွေကို ရပ်ခိုင်းဖို့
ပြီးတော့ သူ့ကို ဖျက်ပေးဖို့ ။
ဗာစကိုပိုပါ
#############################

(၆) နတ်သမီးပုံပြင်
သူ့အတွက် သူအိမ်တစ်လုံးဆောက်တယ်
သူ့အုတ်မြစ်များ၊
သူ့ကျောက်တုံးများ၊
သူ့နံရံများ၊
သူ့ခေါင်းပေါ်က အမိုးများ၊
သူ့ခေါင်းတိုင် သူ့မီးခိုးများ၊
သူ့ပြတင်းပေါက်က မြင်ကွင်း ။
သူ့အတွက် သူဥယျာဉ်တစ်ခုလုပ်တယ်
သူ့ခြံစည်းရိုး၊
သူ့သစ်မွှေးပင်၊
သူ့တီကောင်၊
သူ့ညနေနှင်းစက် ။
ကောင်းကင်ပေါ်က တစ်စိတ်တစ်ပိုင်းကို လှီးဖြတ်လိုက်တယ် ။
ပြီးတော့ ဥယျာဉ်ကို ကောင်းကင်နဲ့ထုပ်
သူ့အိမ်ကို သူ့ဥယျာဉ်နဲ့ထုပ်
အားလုံးကို လက်ကိုင်ပုဝါထဲမှာ စုထုပ်လိုက်တယ်
ပြီးတော့ထွက်သွားလေရဲ့
အာတိတ်မြေခွေးတစ်ကောင်ရဲ့
အထီးကျန်မှု့မျိုးနဲ့
အေးစက်
အဆုံးမဲ့
မိုးရေထဲဖြတ်သန်းပြီး
ကမ္ဘာထဲကို ။
(မီရောစလ ဟောလုဒ်)

########################################
(၇) စိတ်ကြီးဝင်နေတဲ့ အမှားတစ်ခု
------------------------------------
တစ်ရံရောအခါက အမှားတစ်ခုရှိသတဲ့
အလွန်မိုက်မဲ အလွန်သေးငယ်သမို့
ဘယ်သူမှ သူ့ကိုသတိမပြုမိကြတဲ့ အထိပဲ
သူ့ကိုယ်သူမြင်နိုင်ဖို့ သူ့အသံသူကြားနိုင်ဖို့
သူမစွမ်းနိုင်ရှာဘူး
အမှန်စင်စစ် သူမရှိဘူးဆိုတာ
သက်သေပြရုံ သက်သက်
အရာအမျိုးမျိုးကို တီထွင်လိုက်သတဲ့
ဟင်းလင်းပြင်ကို သူတီထွင်လိုက်သတဲ့
သူ့သက်သေပြချက်တွေ သွက်သွင်းဖို့
ပြီး သူ့သက်သေပြချက်တွေ ထိန်းသိမ်းဖို့ အချိန်ရယ်
သူ့သက်သေပြချက်တွေ မြင်နိုင်ဖို့ ကမ္ဘာရယ်
သူ့တီထွင်မှုဟာ မသေးငယ်လှဘူး
မပေါ့ပျက်လှဘူး
ဒါပေမယ့် မှားတာပါပဲ
တစ်ခြားကော ဘာဖြစ်နိုင်ဦးမှာလဲ ။
ဗာစကိုပိုပါ
#############################
(၈) ပိုးသားဝိညာဉ်
ဘယ်တော့မှ
သူမနဲ့ကျူပ်မပြောခဲ့ဘူး
အချစ်အကြောင်းပဲဖြစ်ဖြစ်
သို့မဟုတ် သေခြင်းတရားအကြောင်းပဲဖြစ်ဖြစ်
ကန်းနေတဲ့အရသာခံမှု
ပြီး အသံမြုံအထိအတွေ့ကိုပဲ
ကျူပ်တို့ကြားကူးလူးမြဲ
ကျူပ်တို့ချင်းနစ်မြောလျက်
ပူးကပ်လှဲလျောင်းကြတဲ့အခါ
ကျူပ်
သူမရဲ့အစ္ဈတ္တထဲ ချောင်းကြည့်ရမယ်
သူမရဲ့ဗဟိုချက်မှာ
ဘာတွေများဆင်မြန်းထားသလဲဆိုတာ မြင်ရဖို့
နှုတ်ခမ်းတွေ ပွင့်လို့
သူမအိပ်ပျော်နေခိုက်
ကျူပ်ချောင်းကြည့်လိုက်တယ်
ဘာတွေ
ဘာတွေ
ကျူပ်မြင်ရတယ်လို့
ခင်ဗျားထင်သလဲ ။
ကျုပ်မျှော်လင့်ခဲ့တာက သစ်ကိုင်းတွေ
ကျူပ်မျှော်လင့်ခဲ့တာက ငှက်တစ်ကောင်
ကျူပ်မျှော်လင့်ခဲ့တာက အိမ်တစ်လုံး
ကြီးမားတိတ်ဆိတ်တဲ့ ရေကန်ဘေးမှာ
ဒါပေမယ့် အဲဒီမှာ
ကျူပ်မြင်လိုက်ရတာက
မှန်ကောင်တာစားပွဲတစ်လုံးပေါ်က ပိုးသားခြေစွပ်တစ်စုံ
ဘုရားရေ
သူမကို အဲ့ဒီခြေစွပ်တွေ ကျူပ်ဝယ်ပေးမယ်
ဒါတွေကို ကျူပ်ဝယ်ပေးရလိမ့်မယ်
ဒါပေမယ့်နောက်ထပ် ဘာတွေပေါ်လာဦးမလဲ
သေးကွေးတဲ့ ဝိညာဉ်ရဲ့ မှန်သားကောင်တာပေါ်မှာ
အိမ်မက်ရဲ့ လက်ချောင်းလေးတစ်ချောင်းနဲ့တောင်မှ
ထိစမ်းလို့မရနိုင်တဲ့ အရာ
တစ်စုံတစ်ရာပေါ်လာဦးမှာပဲလား ။
ဇဗစ်ဂညူးဟားဗတ်
###############################
(၉) သမ်းဝေမှုများရဲ့သမ်းဝေမှု
တရံရောအခါကသမ်းဝေမှုတစ်ခုရှိသတဲ့
အာခေါင်အောက်မှာမဟုတ် ဦးထုပ်အောက်မှာမဟုတ်
ပါးစပ်ထဲမှာမဟုတ် ဘယ်ထဲမှာမှမဟုတ်
သူကအရာအားလုံးထက်ကြီးမား
သူကိုယ်တိုင်ရဲ့ကြီးမားမှုထက် ပိုမိုကြီးမား
မကြာမကြာသူထိုင်းမှိုင်းတဲ့ အမှောင်ထု
မျှော်လင့်ချက်ကင်းမဲ့တဲ့ အမှောင်လို
မျှော်လင့်ချက်ကင်းမဲ့ကာ ဟိုနားဒီနားလင်းလက်
ကြယ်တွေလို့ တွေးထင်စရာ
တရံရောအခါက သမ်းဝေမှုတစ်ခုရှိသတဲ့
သမ်းဝေမှုပီပီ ငြီးစီစီ
ထာဝရတည်တံ့မယ်တော့ထင်ရ ။
ဗာစကိုပိုပါ
##############################
(၁၀) ညနေခင်း၌ သေဆုံးခြင်း
--------------------------------------
မြင့်သွား ၊မြင့်သွား
သူမရဲ့နောက်ဆုံးစကာလုံးများ မျက်နာကျက်တစ်လျှောက် ဖြတ်သန်းသွားကြ
တိမ်တိုက်များပမာ ။
နံရံကပ်ဗီရိုငို။
အေပရွန်* ကြက်သီးထ
အဆုံးမဲ့တွင်းနက်တစ်ခုကို ကျော်လွှားသွားရသလို။
နီဂုံး။ ကလေးငယ်များ အိပ်ရာဝင်ခဲ့ကြပြီ။
ဒါပေမယ့် သန်းခေါင်ယံကို ဦးတည်ချိန်
သေနေတဲ့မိန်းမထလာ ၊
ဖယောင်းတိုင်တွေကို လိုက်ငြိမ်း
(သူတို့ကို ဖြုန်းတီးရမှာ နာတာပဲ)
နောက်ဆုံးခြေစွပ်ကို အမြန်ဖာထေး၊
နံ့သာဘူးထဲက
သူမရဲ့အကြွေပြားငါးဆယ်ကို ရှာဖွေ၊
စားပွဲပေါ်တင်၊
ဗီရိုနောက်မှာကျနေတဲ့ ကက်ကြေးကို ရှာဖွေ
တစ်နှစ်လောက်အကြာက ပျောက်နေခဲ့တဲ့
လက်အိတ်တစ်ဖက်ကို ရှာဖွေ
တံခါးလက်ကျုင်ဖုတွေကို လိုက်စစ်
ရေပိုက်ခေါင်းကို သေချာပိတ်၊
ကော်ဖီကို ပြီးအောင်သောက်
ပြီးတော့ ပြန်လဲကျသွားခဲ့တယ်။
မနက်ကျတော့ သူမကို သူတို့ ယူသွားကြတယ်။
မီးသဂြိုလ်လိုက်ကြတယ်။
ပြာစတွေက ကြမ်းတမ်းပေ့
ကျောက်မီးသွေးမှုန့်တွေလိုပဲ ။
(မိရောဆလပ် ဟောလုဗ်)

*အေပရွန်=မီးဖိုချောင်သုံး ခါးစည်းအ၀တ်
@@@@@@@@@@@@@@@@@@@@@@@
(၁၁) လျှာ
--------------------
သူမသွားတွေရဲ့နယ်နမိတ်ကို ငါ အမှတ်မဲ့ဖြတ်ကျော်မိပြီး သူမရဲ့ ပေါ့ပါး
တဲ့လျှာကို စုတ်မျိုလိုက်မိတယ်။အခုတော့ အဲဒီလျှာက ငါ့ကိုယ်ထဲမှာ ဂျပန်
ငါးတစ်ကောက်လို နေနေပြီ။ ငါးမွေးကန်နံရံတွေကိုတိုးဝှေ့နေသလိုမျိုး ငါ့
နှလုံးအိမ်နဲ့ ငါ့ရင်ခေါင်း အကန့်ကို ဒီလျှာ ပွတ်တိုက် တိုးဝှေ့နေတယ် ။
အောက်ခြေက နွံနှစ်တွေ ထကြွအောင် မွှေနှောက်နေတယ်။ သူမက အသံ
ကင်းမဲ့သွားအောင်လုပ်ခဲ့တဲ့ ငါ့မျက်လုံးပြုံးကြီးတွေနဲ့ စိုက်ကြည့်ပြီး စကား
တစ်ခွန်းကို စောင့်နေရဲ့ ။
ဒါပေမယ့် သူမကို စကားပြောတဲ့အခါ ဘယ်လျှာကို အသုံးပြုရမလဲ
ငါမသိ ။ ခိုးရာပါလျှာနဲ့လား၊ဒါမှမဟုတ်လေးလံတဲ့ကောင်းမြတ်မှုပြည့်လျှံတဲ့
ငါ့ပါးစပ်ထဲမှာ အရည်ပျော်နေတဲ့လျှာနဲ့လား ။ ။

(ဇဗစ်ဂညူး ဟားဗက်)
##############################

(၁၂) ပါးနပ်တဲ့တြီဂံတစ်ခု

တစ်ရံရောအခါက တြိဂံတစ်ခု ရှိသတဲ့
သူ့မှာ အနားသုံးဖက်ရှိသတဲ့
စတုတ္တအနားကို သူဝှက်ထားသတဲ့
တောက်ပနေတဲ့ သူ့ဗဟိုချက်ထဲမှာ ။

နေ့အခါ မျဉ်းသုံးကြောင်းပေါ် သူတွယ်တက်
သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်သတဲ့
ညအခါ သူအနားယူသတဲ့
သူ့ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာ

အရုဏ်ဦးမှာတော့ အနားသုံးခုကို သူစောင့်ကြည့်ခဲ့
တောက်ပတဲ့ ဘီးသုံးဘီးအဖြစ် ပြောင်းလဲသွား
ပြန်မလာတော့တဲ့ အပြာရောင်အဖြစ် ပျောက်ကွယ်သွားကြပုံကို

သူ့စတုတ္တအနားကို သူထုတ်ယူ
သုံးကြိမ်နမ်း သုံးကြိမ်ချိုး
ပြီး သူ့နေရာဟောင်းမှာပဲ ပြန်ဝှက်ထားလိုက်သတဲ့

ဒါနဲ့ သူ့မှာ အနားသုံးဖက်ရှိပြန်ေ၇ာ
နေ့အခါ သူ့မျဉ်းကြောင်းပေါ်တွယ်တက်ပြန်
သူ့ဗဟိုချက်ကို အမြတ်တနိုးကြည့်ပြန်
ညအခါ သူ့အနားယူပြန်
သူ့ထောင့်သုံးထောင့်ထဲက တစ်ထောင့်မှာတဲ့ ။
(ဗါစကိုပိုပါ)

###########################
(၁၃) ဗုံးကြဲပြီးနောက် ငါးမိနစ်
------------------------------------
ပီလ်ဆင်မြို့မှာ
နှစ်ဆယ့်ခြောက်ဘူတာလမ်း
တစ်အိမ်လုံးမှာ
ကျန်ခဲ့သမျှ ဒါပဲ ဖြစ်တဲ့ လှေကားအတိုင်း
တတိယထပ်ကို တက်သွား၊
သူ့အခန်းတံခါးကို ဖွင့်လိုက်တော့
လုံးဝမိုးကောင်းကင်ကြီးသာ
လှေကားစွန်းမှာ ငေးရပ်နေမိ ။

ဒီနေရာဟာဖြင့်
ကမ္ဘာလောကကြီး ဆုံးတဲ့အရပ်ပဲ။
ဒါနဲ့
သူ့တံခါး သူ သေချာပြန်ပိတ်လိုက်တယ်
သူ့မီးဖိုချောင်ဆီက
*ဆီရီယပ်
ဒါမှမဟုတ် *အယ်လ်ဒီဘာရန်ကို
တစ်ယောက်ယောက် ခိုးယူမှာစိုးလို့
အောက်ကို ပြန်ဆင်းခဲ့တယ်။
ပြီးတော့ သူ ထိုင်ချလိုက်ကာ
စောင့်ဆိုင်းနေလေရဲ့
အိမ်ကြီးပြန်ထလာဖို့
သူ့ယောက်ျား ပြာပုံထဲက ပြန်ထလာဖို့
သူ့ကလေးတွေရဲ့ ခြေလက်တွေ နေရာတကျ ပြန်တပ်မိဖို့ ။

မနက်ကျတော့
သူ့လူတွေ တွေ့ကြရတယ်။
ကျောက်တုံးလို ငြိမ်သက်လို့
စာကလေးတွေက သူ့လက်ကို ဆိတ်လို့ ။ ။

(မိရောဆလပ် ဟောလုဗ်)
#######################################
(၁၄) ကျောက်ဖြစ်သွားတဲ့ ပဲ့တင်သံများ
------------------------------------------
တစ်ရံေ၇ာအခါက ပဲ့တင်သံအနန္တရှိသတဲ့
အသံတစ်သံအတွက် သူတို့ တာဝန်ထမ်းရွက်ကြ
စင်္ကြံခုံးတွေ ဆောက်ပေးကြ

စင်္ကြံခုံးတွေ ပြိုကျကုန်သတဲ့
သူတို့က ကွေ့ကောက်ကောက်ဆောက်ခဲ့ကြ
ဖုန်မှုန့်တွေနဲ့ ဖုံးလွှမ်းသွား

အန္တရာယ်ကြီးလှတဲ့ တာဝန်ကို သူတို့စွန့်ခွာခဲ့ကြ
ငတ်မွတ်မှုကြောင့် ကျောက်ဖြစ်သွားကြသတဲ့

ကျောက်ဖြစ်လျက် သူတို့ ပျံထွက်ခဲ့ကြသတဲ့
အဲဒီအသံလာရာ
နှုတ်ခမ်းတွေကို ရှာဖွေတစ်စစီ ဆုတ်ဖြဲပစ်ဖို့

သူတို့ဘယ်လောက်ကြာကြာ ပျံသန်းခဲ့ကြသလဲ ဘယ်သူသိမလဲ
မိုက်ကန်းကန်းကလေးတွေ မမြင်ရ
သူတို့လိုက်ရှာနေကြတဲ့
နှုတ်ခမ်းတွေရဲ့နယ်စပ်တစ်ဝိုက်နားမှာပဲ
သူတို့လှည့်လည်ပျံသန်းနေကြတယ်ဆိုတာကို ။
(ဗါစကိုပိုပါ)
#################################
(၁၅) အသံ
----------------------------
ပင်လယ်ကမ်းခြေပေါ် ငါ လျှောက်သွားတယ်
အဲဒီအသံကို အမိဖမ်းဖို့
လှိုင်းတစ်ခုရဲ့၇ိုက်ချက်နဲ့
နောက်တစ်ခုကြားမှာလေ ။

ဒါပေမယ့် အဲဒီမှာ ဘာအသံမှမရှိ
အိုမင်းဖွာကြဲတဲ့ ရေမျှသာ
ငံပြပြနတ္ထိ။
ငှက်ဖြူတစ်ကောင်ရဲ့တောင်ပံ
ကျောက်တုံးတစ်တုံးမှာ ခြောက်သွေ့သွေ့ကပ်ငြိခဲ့ ။

တောအုပ်တစ်ခုထဲကို ငါ လျှောက်သွားတယ်
အဲဒီမှာ ဖန်အိုးနာရီကြီးတစ်လုံးရဲ့
မလျှော့တမ်းအဆက်မပြတ်ညည်းသံကသာ
သစ်ရွက်တွေကို မြေဆွေးအဖြစ်
မြေဆွေးတွေကို သစ်ရွက်အဖြစ် စစ်ချနေတယ်
ပိုးမွှားတို့ရဲ့အားကောင်းလှတဲ့ မေးရိုးတွေက
ကမ္ဘာမြေရဲ့ငြိမ်ဆိတ်ခြင်းကို ကိုက်ဝါးပစ်လိုက်ကြတယ်။

ကွင်းပြင်ထဲ ငါ လျှောက်သွားတယ်
အစိမ်းနဲ့ အ၀ါ ကော်ဇောများ
ပိုးမွှားဘ၀ဖြစ်တည်မှု ပင်အပ်တွေနဲ့ စွဲမြဲချိတ်တွယ်ပြီး
လေထိတွေ့သမျှမှာ တေးသီလို့ ။

အဲဒီအသံဘယ်မှာပါလိမ့်
ကမ္ဘာမြေရဲကကြမ်းကြုတ်တဲ့ တစ်ကုယ်တော်စကားပြောခန်းမှာ
ရပ်နားတဲ့ အခိုက်အတံ့ကာလတစ်ခုမှာ]
သူ့စကားဆိုရမှာပါပဲ ။

ဘာမှမရှိ တီးတိုးသံများသာ
လက်ခုပ်သံများ ပေါက်ကွဲသံများသာ
ငါ အိမ်ပြန်ခဲ့တယ်
ရွေးချယ်ခွင့်တစ်ခုရဲ့ ပုံသဏ္ဍန်ကိုရယူခဲ့ပြီ
ကမ္ဘာကြီးကပဲ ဆွံ့အနေသလား
ငါကပဲ နားပင်းနေသလား

ဒါပေမယ့် ဖြစ်နိုင်တာက တို့နှစ်ဦးစလုံး
စိတ်ဒုက္ခများ မုချခံကြရတော့မယ်။

ဒါ့ကြောင့် တို့နှစ်ဥိးဟာ
လက်မောင်းချင်း ချိတ်ဆွဲပီး
မျက်ကန်းတွေလို ချီတက်ကြရမည်
မိုးကုပ်စက်ဝိုင်းအသစ်များဆီ ဦးတည်
ကျဉ်းမြောင်းတဲ့ လည်ချောင်းများဆီ ဦးတည်
နားလည်ရခက်တဲ့ အာခေါင်ပွတ်သံတစ်ခု
အဲဒီလည်ချောင်းများထဲက ထွက်လာနေတယ်။ ။

(ဇဗစ်ဂညူး ဟားဗက်)
########################################
(၁၆) မိုး
-------------------------
ငါ့အကို
စစ်မြေပြင်က ပြန်ေ၇ာက်တော့
သူ့နဖူးမှာ ငွေကြယ်ပွင့်လေးတစ်ပွင့်ပါလာတယ်။
ကြယ်ပွင့်ရဲ့အောက်မှာ
ချောက်နက်နက်ကြီးတစ်ခု ။

ဗုံးဆံရဲ့အစတစ်စ
ဗာရွန်မှာ သူ့ကို ထိမှန်ခဲ့
မဟုတ်ရင်လည်း ဂရန်ဝါးမှာ ဖြစ်နိုင်၇ဲ့
(သူအတိအကျမမှတ်မိတော့ဘူး) ။

ဘာသာစကားအမျိုးမျိုးနဲ့
စကားတွေဖောင်လောက်အောင် သူပြောတတ်ရဲ့
ဒါပေမယ့် အားလုံးထဲက သူအကြိုက်ဆုံးက
သမိုင်းဘာသာစကားပဲ ။

နောက်ဆုံးအမောဆို့ရက်က
သေသွားတဲ့သူ့အဖော်တွေကို ထပြေးဖို့ အမိန့်ပေးတယ်
ပိုလန် ကိုဝါးလ်စကီး ဟန်နီးဘောလ် ။
သူ ဟစ်အော်လိုက်တယ်
ဒါ နောက်ဆုံးစစ်ပွဲပဲ
ကာသေ့ဂ်ျမကြာခင် ကျဆုံးရတော့မယ်တဲ့
ပြီး ရှိုက်ကြီးတငင်ဝန်ခံပြန်တယ်
နပိုလီယံက သူ့ကို သဘောကျဘူးတဲ့ ။

ငါတို့ သူ့ကို ကြည့်လိုက်တော့
ဖြူလျော်သထက် ဖြူလျော်လာ
အသိအာရုံတွေက စွန့်ခွာသွားပြီမို့
ရုပ်ထုတစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းသွားခဲ့
သံစုံနားရွက်အခွံတွေထဲကို
ကျောက်တောအုပ်တစ်ခု ၀င်ရောက်သွား
သူ့မျက်နာအရေပြားကို
သွေ့ခြောက်အမြင်မဲ့
မျက်လုံးကြယ်သီးတွေနဲ့
လုံခြုံပိတ်ထား။

သူ ဘာမျှမချန်ခဲ့
အထိအတွေ့ပဲ ကျန်ခဲ့ ။

ဇာတ်လမ်းစုံ
သူ့လက်တွေနဲ့ ပြောပြရဲ့
သူ့ညာလက်နဲ့ အချစ်ဇာတ်လမ်းတွေ
သူ့ဘယ်လက်နဲ့ စစ်သားတစ်ယောက်မှတ်မိသမျှဇာတ်လမ်းတွေ ။

ငါ့အကိုကို သူတို့ခေါ်
မြို့ပြင်ကို သယ်သွားကြတယ်။
မိုးကျတိုင်း သူပြန်လာရဲ့
ပိန်ပါးပါးနဲ့ အလွန်တိတ်ဆိတ်လို့
အိမ်ထဲကို သူ ၀င်လာချင်ပုံမရ
ငါ့ကို ခေါ်ဖို့ ပြတင်းပေါက်ကို ခေါက်တယ်။

လမ်းတွေထဲ ငါတို့အတူ လျှောက်ကြ
ယုတ္တိမဲ့ပုံပြင်တွေ
ငါ့ကို သူပြောပြရဲ့
မိုးရေလက်ချောင်းအကန်းတွေနဲ့
ငါ့မျက်နာကို ထိစမ်းရင်းလေ ။ ။

(ဇဗစ်ဂညူး ဟားဗက်)

No comments:

Post a Comment