သစ်ရွက်ကော်ဖီ
ဘယ်သူမရှိတဲ့အချိန်ကိုရွေးပြီး
သစ်ရွက်ကလေးဟာ တိတ်ကလေး ကြွေကျပစ်လိုက်တယ်
ငါမြင်လိုက်တယ် ဆိုတာကိုတောင် သစ်ရွက်ကလေးကို မပြောပြဖြစ်လိုက်ဘူး ။
ပြောဖို့လိုလိမ့်မယ်လို့လည်း မထင်ပါဘူးလေ ။
ငါမသိပဲ ကြွေသွားတဲ့ သစ်ရွက်တွေကော ဘယ်လောက်တောင် ရှိနေလိမ့်မလဲ ဆိုတာလည်း ဝမ်းနဲစရာ အတွေးတစ်ခုပဲ ။ တစ်ချို့သစ်ရွက်တွေက သူတို့ကြွေကျတာကို တစ်ယောက်ယောက်တော့ အနည်းဆုံးမြင်ချင်ကြမှာပဲ ။ ဒါဆိုရင် ခုနကကြွေကျသွားတဲ့ သစ်ရွက်ကလေးကကော ငါ့အကြည့်ကိုစောင့်ပြီး ငါသိအောင်များ ကြွေကျပြတာလား ။
ငါ ဒါဆို သစ်ရွက်ကလေးကို သွားနှစ်သိမ့်ရမှာလား ။ တကယ်လို့ ငါမသိအောင် ကြွေကျတာဆိုရင် ဘယ်လိုလုပ်မလဲ ။ ငါသိအောင်ကြွေတာဆိုရင်လည်း သစ်ရွက်တစ်ရွက်ကြွေတာကို ဝင်ဝမ်းနည်းနေလို့ သစ်ရွက်ဟာ သူ့ပင်စဉ်မှာ ပြန်စိမ်းလမ်းလာမှာမှ မဟုတ်ပဲ။
တချို့သစ်ရွက်တွေဆိုရင် ဒီလိုပဲ ကြွေကျသွားနေကျ။
သစ်ရွက် ကိုယ်က ကြွေကျဖို့ဖြစ်လာကြတာပဲ။
ငါက ဘာလို့များသစ်ရွက်ကြွေတာကို အဖက်လုပ်ပြီး စဉ်းစားနေမိတာလဲ။
ဝရံတာကနေအခန အခန်းထဲသို့ ပြန်ဝင်လာခဲ့တယ်။
အငဲ ရဲ့ စက္ကူလေတံခွံသီချင်းကို တိုးတိုးကလေးဖွင့်နားထောင်ရင်း ကော်ဖီတစ်ခွက်ဖျော်တယ်။ ပြီးတော့ ဆရာဝန်ပေးထားတဲ့ ဆေးတွေကို သောက်ရအုံးမယ်။
ပြီးရင် တယောထိုးမယ်။
စိတ်ပျက်ဖို့ကောင်းတာက တယောထိုးနေတုန်း နခေါင်းက လျှံကျလာတတ်တဲ့သွေးတွေပဲ။
အာ...ငါ ဘာရေးမိတာပါလိမ့်။
သစ်ရွက်တစ်ရွက်ကြွေကျတာကို ဘယ်သူမှ ဝင်ပြီးဝမ်းနည်းစရာမလိုဘူး ။
K-ဒါရ
No comments:
Post a Comment